သတင်း

စစ်သုံ့ပန်းများထဲမှ ရာထူးအမြင့်ဆုံး ဗိုလ်မှူးချုပ်မင်းမင်းထွန်းကို TNLA ထုတ်ပြန်

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်သော နမ့်ဆန်မြို့ကို TNLA သိမ်းယူခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီဗိုလ်မှူးချုပ်ကို လက်ရဖမ်းမိခဲ့ပြီးနောက် တစ်လနီးပါးအကြာတွင် ဝန်ခံထွက်ဆိုနေသောရုပ်သံဖိုင် ထုတ်ပြန်လာခြင်းဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ “၁၀၂၇ စစ်ဆင်ရေး” အတွင်း ဖမ်းဆီးခံခဲ့ရသည့် စစ်သုံ့ပန်းများအနက်မှ ရာထူးအမြင့်ဆုံးဖြစ်သူ ဗိုလ်မှူးချုပ်မင်းမင်းထွန်း၏ ပြောဆိုချက်ရုပ်သံကို တအာင်းတပ် (TNLA) က ၎င်းတို့၏ YouTube Channel မှတစ်ဆင့် ယမန်နေ့ (ဇန်နဝါရီ၁၀) ညပိုင်းက ထုတ်ပြန်လိုက်သည်။

မကွေးတိုင်း ပခုက္ကူအခြေစိုက်ခြေမြန်တပ်မဌာနချုပ် အမှတ် (၁၀၁) တပ်မမှူးဖြစ်သူ အသက် ၄၈ နှစ်အရွယ် ဗိုလ်မှူးချုပ်မင်းမင်းထွန်းသည် နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း ဒီဇင်ဘာ ၁၅ ရက်တွင် TNLA ၏ ဖမ်းဆီးမှုခံရခြင်းဖြစ်သည်။

တအာင်း (ပလောင်) ဒေသဖြစ်သော နမ့်ဆန်မြို့ကို ဒီဇင်ဘာ ၁၅ ရက်တွင် TNLA က အပြီးသတ် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပြီး နမ့်ဆန်မြို့သည် နမ္မတူမြို့၏ အနောက်တောင်ဘက်၊ သီပေါမြို့၏ အနောက်မြောက်ဘက် မိုင် ၄၀ ကျော် အကွာတွင် တည်ရှိပြီး  မန်တုံမြို့နှင့် မိုင် ၃၀ ဝန်းကျင်သာ ကွာဝေးသည်။

TNLA ထုတ်ပြန်သည့် ဗီဒီယို၌ ဗိုလ်မှူးချုပ်မင်းမင်းထွန်းတွင် သိသာထင်ရှားသည့် ဒဏ်ရာများ မတွေ့မြင်ရဘဲ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတို့ ရှည်လျားနေကာ လက်နှစ်ဖက်စလုံး လက်ထိတ်ခတ်ခံထားရသည်ကို တွေ့ရသည်။

အညိုရောင်အနွေးထည်ဂျာကင် ဝတ်ဆင်ထားသည့် ဗိုလ်မှူးချုပ်သည် စားပွဲခုံပေါ်တွင် လက်နှစ်ဖက်တင်ကာ ထွက်ဆိုချက်ပေးနေသည်ကို တွေ့ရသည်။ ဘေးတွင်လည်း မောင်းပြန်ရိုင်ဖယ် ကိုင်ဆောင်ထားသည့် တအာင်းစစ်သားနှစ်ဦးက လုံခြုံရေးယူထားသည်ကို တွေ့ရသည်။

ဗိုလ်မှူးချုပ်မင်းမင်းထွန်း၏ ထွက်ဆိုချက်အရ  သူသည် ၁၉၉၅ ခုနှစ်မှစတင်ကာ စစ်တပ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အပတ်စဉ် (၄၀) ဗိုလ်လောင်း သင်တန်းဆင်းဖြစ်ကြောင်း၊ တပ်မမှူးတာဝန်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် စတင်ထမ်းဆောင်ကာ စက်တင်ဘာလတွင် နမ့်ဆန်မြို့ကို ကွပ်ကဲရန် ရောက်ရှိလာကြောင်း သိရ သည်။

နမ့်ဆန်မြို့သို့ ရောက်ရှိတာဝန်ယူချိန်တွင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရကာ နေအိမ် ၁၃၃ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည့်အတွက် စိတ်မကောင်းကြောင်း၊ အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းမဟုတ်သော်လည်း သူ့ထံတွင် တာဝန်ရှိသည်ကို ဝန်ခံပြီး တအာင်းပြည်သူများကိုတောင်းပန်သည်ဟုလည်း ဆိုသည်။

မြန်မာစစ်တပ်အနေဖြင့် စစ်ရာဇဝတ်များကျူးလွန်နေပြီး စစ်ကောင်စီခေါင်းဆောင်များကိုလည်း ထိုလုပ်ရပ်များ ရပ်တန့်ပေးရန် ပန်ကြားလိုကြောင်း၊ တော်လှန်ရေးအတွင်း ကျဆုံးခဲ့သည့် တိုင်းသားပြည်သူများကိုလည်း ဝန်ချတောင်းပန်ကြောင်း အဆိုပါရုပ်သံဖိုင်တွင် ပြောထားသည်။

ရုပ်သံဖိုင်နောက်ဆုံးပိုင်းတွင် သူ့၏မိခင်ဖြစ်သူနှင့် ဇနီး၊ သားသမီးများကို စိတ်မပူကြရန်နှင့် TNLA က ၎င်းကို ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားကြောင်း ပြောထားသည်။

တအာင်း (ပလောင်) ဒေသဖြစ်သော နမ့်ဆန်မြို့ကို သိမ်းယူနိုင်ရန် ဒီဇင်ဘာလ အစောပိုင်းမှ စတင်၍ TNLA က စတင်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ဆေးရုံအနီး စစ်တပ်စခန်း၊ မြို့အနောက်ဘက် ၅ မိုင်ခန့်အကွာ နမ့်ခေးရွာအနီးရှိ ကဒိုင်းဖူးတောင်တပ်စခန်း၊ မြို့မှ နှစ်မိုင်ခန့်အကွာရှိ ပတ္တမြားစေတီ (ကောင်းမှုဆိုင်) တပ်စခန်း၊ မြို့လယ်ရှိ ရဲစခန်း၊ စစ်တပ်ပိုင် ရွှေဖီဦးလက်ဖက်ခြောက်စက်ရုံတို့ကို TNLA က သိမ်းယူထားပြီးဖြစ်သည်။

ထိုတိုက်ခိုက်သိမ်းယူမှုများအတွင်း စစ်ကောင်စီလေတပ်က မြို့ပေါ်နှင့် မြို့အနီးဝန်းကျင်ကို အကြိမ်ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့၍ လူသေဆုံးမှုများ၊ နေအိမ်ဆယ်ချီ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

ဒီဇင်ဘာ ၁၁ ရက်ကတည်းက တိုက်ခိုက်နေသော မြို့အနောက်ဘက်ခြမ်း မြို့နှင့်ကပ်လျက်ရှိသော စစ်တပ်စခန်းကုန်းတစ်ခုကို  ၁၅ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် TNLA က သိမ်းပိုက်ရရှိပြီးနောက် နမ့်ဆန်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

TNLA က အုပ်ချုပ်ရေးနယ်မြေ တပ်မဟာ (၂) အဖြစ် သတ်မှတ်ထားသည့် နမ့်ဆန်မြို့သည် တအာင်းလူမျိုးများ အများဆုံးနေထိုင်သည့်မြို့ဖြစ်ပြီး TNLA အဓိကလှုပ်ရှားရာမြို့လည်း ဖြစ်သည်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ်ဘေးက နမ့်ခမ်းမြို့မှ စတင်၍ တစ်ဆက်တည်းဖြစ်သော မန်တုံ၊ နမ့်ဆန်၊ နမ္မတူ မြို့တို့ကို TNLA က သိမ်းပိုက်ထားရာ စစ်ဗိုလ်ချုပ်ကြီးများ စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံး TNLA ထိန်းချုပ်မှုအောက် ကျရောက်သွားပြီဖြစ်သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် “၁၀၂၇ စစ်ဆင်ရေး” ကို စတင်ဆင်နွှဲချိန်ကတည်းက ၎င်းတို့သိမ်းပိုက်ရရှိသော စစ်စခန်းအရေအတွက်ကို နေ့စဉ် ထုတ်ပြန်ကြေညာလျက်ရှိရာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ ကိုးကန့်တပ်ဟု ထင်ရှားသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က စစ်စခန်းပေါင်း ၂၅၀ ကျော် သိမ်းထားသည်။

ကွတ်ခိုင်မြို့ စစ်တပ်ဗျူဟာစခန်းကို သိမ်းပိုက်ပြီးနောက် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ ဇန်နဝါရီလ ၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ တပ်စခန်းပေါင်း ၇၄ ခု၊ ရက္ခိုင်တပ်တော် (AA) ၏ ဇန်နဝါရီလ ၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်စခန်းနှင့် ရဲတပ်ရင်း/စခန်းပေါင်း ၁၄၇ ခု သိမ်းထားနိုင်သည်။ စုစုပေါင်း စခန်း ၄၇၁ ခုကျော် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

၂၁၂၁ အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှုနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ရှမ်းမြောက်မဟာမိတ်အဖွဲ့များ၏ထိုးစစ်အတွင်း စစ်တပ်သမိုင်း၌ မကြုံဖူးသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

ထို့ပြင် စစ်တပ်၏ အမိန့်ပေးစနစ်တွင် အလွန်အရေးကြီးသော အရာရှိများဖြစ်သည့် ဗိုလ်မှူးချုပ်အဆင့် တပ်မမှူးများ၊ ဗိုလ်မှူးကြီးအဆင့် ဗျူဟာမှူးများ၊ ဒု-ဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူးများ တိုက်ပွဲတွင်း သေဆုံးမှုများရှိလာသလို အရှင်ဖမ်းခံရသည့် ဖြစ်စဉ်များ၊ လက်နက်ချသည့်ဖြစ်စဉ်များလည်း ရှိလာသည်။

နိုဝင်ဘာ ၅ ရက်တွင် ကိုးကန့်တပ် (MNDAA) ၏ Drop bomb ကြောင့် တပ်မ (၉၉) ၏ တပ်မမှူး ဗိုလ်မှူးချုပ်အောင်ကျော်လွင် ပန်လုံဗျူဟာစခန်းကုန်းတွင် သေဆုံးခဲ့သလို လောက်ကိုင်မြိုအခြေစိုက် ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ) မှ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်၊ ဗိုလ်မှူးချုပ်မိုးကျော်သူတို့ ဦးဆောင်ကာ စစ်သားအင်အား ထောင်နှင့်ချီ လက်နက်ချခဲ့၍ စစ်ကောင်စီသည် လောက်ကိုင်မြို့ကို လက်လွှတ်ခဲ့ရသည်။

ထိုသူများ အင်အားအလုံးအရင်းဖြင့် လက်နက်ချပြီးနောက် MNDAA က ၎င်းတို့ကို ဖမ်းဆီးထားခြင်း မရှိဘဲ ပြန်လွှတ်ပေးခဲ့သည်။

TNLA က ဖမ်းဆီးရမိသူများမှာမူ တိုက်ပွဲအတွင်း လက်ရဖမ်းဆီးရမိခဲ့ခြင်းဖြစ်၍ ပြန်လွှတ်ပေးခြင်းမရှိဘဲ ဆက်လက်ထိန်းသိမ်းထားသည်။

အောက်ပါဇယားသည် “၁၀၂၇ စစ်ဆင်ရေး” ၂ လအတွင်း စစ်မြေပြင်အသီးသီးတွင် သေ-ပျောက်-ဖမ်းမိသော တပ်ရင်းမှူးအဆင့်နှင့်အထက် အဆင့်မြင့်အရာရှိတချို့ကိုသာ လက်လှမ်းမှီသမျှ စာရင်းပြုစု ဖော်ပြထားခြင်း ဖြစ်ပြီး၊ အဆိုပါစာရင်းအရ ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၃ ဦး၊ ဗိုလ်မှူးကြီးအဆင့်ရှိသူ ၅ ဦးနှင့် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ ၇ ဦးတို့ကို ၎င်းတို့၏ တပ်အမည်၊ တိုက်ပွဲဖြစ်ပွားရာဒေသ၊ ရက်စွဲများနှင့်တကွ ဖော်ပြထားပါသည်။ သို့သော် တိုက်ပွဲတွင် သေဆုံး/ဖမ်းမိခဲ့သော ဒု-တပ်ရင်းမှူး ဗိုလ်မှူးနှင့် တပ်ခွဲမှူး ဗိုလ်ကြီးအများအပြား၏ စာရင်း မပါဝင်သေးပါ။

Show More

Related Articles

Back to top button