သတင်း

နမ့်ဆန်မြို့ကို ထိန်းချုပ်မည့် TNLA က လက်ကျန်စခန်းကုန်းကို ဆက်တိုက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ကို သိမ်းပိုက်ရရှိနိုင်ရေး ကြိုးစားနေသည့် တအာင်းတပ်မတော် (TNLA) က ယမန်နေ့  (ဒီဇင်ဘာ ၁၁) နံနက်အထိ စစ်ကောင်စီ၏ တပ်စခန်းနှစ်ခုနှင့် ရဲစခန်းတို့ကို သိမ်းပိုက်ပြီး မြို့၏ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်ဟု ပြောသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် မြို့အနောက်ဘက် ၅ မိုင်ခန့်အကွာတွင်ရှိသည့် နမ့်ခေးရွာအနီးရှိ ကဒိုင်းဖူးတောင်တပ်စခန်းကို TNLA က သိမ်းပိုက်ခဲ့ပြီး လက်နက်ကြီးတစ်လက် အပါအဝင် ပစ္စတို ၃ လက်၊ သေနတ် ၁၄ လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

ဒီဇင်ဘာ ၁၁ နံနက် ၅ နာရီခန့်တွင် နမ့်ဆန်မြို့နှင့် နှစ်မိုင်ခန့်အကွာတွင်ရှိသည့် ပတ္တမြားစေတီ (ကောင်းမူဆိုင်) စခန်းနှင့် မြို့လယ်ရှိရဲစခန်း တို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA က ဆိုသည်။

နမ့်ဆန်မြို့သည် နမ္မတူမြို့၏ အနောက်တောင်ဘက်တွင်ရှိပြီး သီပေါမြို့မှ အနောက်မြောက်ဘက် မိုင် ၄၀ ကျော်အကွာတွင် တည်ရှိသလို TNLA သိမ်းယူရန် ကြိုးပမ်းနေသော မန်တုံမြို့နှင့် မိုင် ၃၀ ဝန်းကျင်သာ ကွာဝေးသည်။

လတ်တလောတွင် နမ့်ဆန်တစ်မြို့လုံးနီးပါးကို ထိန်းချုပ်ထားပြီး မြို့အရှေ့ဘက် ကပ်လျက်ရှိသည့် လက်ကျန် စစ်တပ်စခန်းကုန်းတစ်ခုကို ယမန်နေ့နံနက်ကတည်းက တိုက်ခိုက်နေသည်ဟု TNLA အဖွဲ့၏ ပြန်ကြားရေးရုံးမှ တာဝန်ခံအမျိုးသမီးက ပြောသည်။

“ဒီဘက်အခြမ်းမှာတော့ ကျွန်မတို့ သိမ်းပိုက်ထားပြီပေါ့နော်။ လက်ရှိ ကျန်နေတာက စခန်းကုန်းပေါ့နော်။ နမ့်ဆန်မြို့ရဲ့ ဟိုးဘက်အခြမ်းမှာဖြစ်မယ်။ သူက ဆေးရုံနဲ့နီးတဲ့ တပ်စခန်းတစ်ခုပဲ ကျန်တော့မယ်။ (မြို့သိမ်းထားတာ) ရာခိုင်နှုန်းကတော့ ၈၀ လောက်ရှိပြီ” ဟု အဆိုပါတာဝန်ခံက ယမန်နေ့ ညနေက ပြောသည်။

ဒီဇင်ဘာ ၁၀ တိုက်ပွဲများအတွင်း မန်တုံမြို့မှ စစ်တပ်က လက်နက်ကြီးပစ်ကူများ အဆက်မပြတ် ပစ်ခတ်ပေးခဲ့သည်ဟု သိရသည်။

တအာင်း (ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်သော မန်တုံမြို့ကို အပြီးသတ် ထိန်းချုပ်နိုင်ရန် နိုဝင်ဘာ ၃ ရက်နေ့ကတည်းက TNLA က ကြိုးပမ်းနေပြီး မြို့အရှေ့ဘက် ကပ်လျက် အင်အား ရာဂဏန်းဝန်းကျင်ရှိ အမှတ် (၁၃၀)  ခြေလျင်တပ်ရင်း တပ်စခန်းတစ်ခုက ဆက်လက် ခုခံနေသည်။

ယနေ့ ဒီဇင်ဘာ ၁၂ တွင် နမ့်ဆန်မြို့နယ်ဘက်သို့ မန်တုံအခြေစိုက် ခလရ ၁၃၀ တပ်စခန်းက လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သလို Y12 လေယာဉ်လည်း ရောက်လာပြီး ဗုံး ၂ ကြိမ် ပစ်ချခဲ့သည်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသံများကို ယမန်နေ့ နံနက်အထိ ကြားနေရပြီး မြို့တွင်း၌ လူအသွားအလာ နည်းပါးသွားသည်ဟု နမ့်ဆန်ဒေသခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“နောက်ဆုံးသိရတာကတော့ မနေ့က လေယာဉ်နဲ့ ပစ်ပြီးတော့ ညမှာ လက်နက်ကြီးသံတွေ ထပ်ကြားရတယ်တဲ့၊ မြို့ထဲက တချို့ကတော့ ကြောက်လန့်ပြီး တိမ်းရှောင်တာတွေရှိတယ်” ဟု အဆိုပါ ဒေသခံအမျိုးသားက ဒီဇင် ဘာ ၁၁ ရက်နေ့က ပြောသည်။

နမ့်ဆန်ရဲစခန်းမှ သိမ်းဆည်းရမိသော လက်နက်များကို ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ – TNLA Info)

အောက်တိုဘာ ၂၇ တွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်ကြောင်း ကြေညာပြီး စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်ရာမှ တိုက်ပွဲများ ပိုမို များပြားလာသည်။ ထိုစစ်ဆင်ရေးသည် ကိုးကန့်ဒေသမိသားစုအရေးသာဖြစ်သည်၊ ကျူးကျော်စစ်ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သော စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် တရုတ်အကူအညီရယူကာ ဆွေးနွေးနေသည်ဟု ယမန်နေ့ညပိုင်းက ထုတ်ပြန်ထားသည်။

နာရီပိုင်းအတွင်းမှာပင် မြောက်ပိုင်းသုံးဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေး ၄၆ ရက်မြောက်နေ့ ရှိလာပြီး တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မိမိတို့ ညီနောင်မဟာမိတ်သုံးဖွဲ့သည် တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ အရှိန်အဟုန်မပျက် ဆင်နွှဲလျက်ရှိပါသည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

TNLA လှုပ်ရှားနယ်မြေများတွင် တိုက်ပွဲများ ဆက်ဖြစ်နေသလို ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ နှုံးဘူးဗျူဟာကို ရက္ခိုင့်တပ်တော် (AA) က သိမ်းယူခဲ့သည်။

ကွတ်ခိုင်၊ နမ့်ခမ်း၊ လားရှိုး၊ သီပေါ တိုက်ပွဲများ

TNLA က ကွတ်ခိုင်မြို့နယ် မြို့သစ်ရပ်ကွက်ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်စခန်းကို ဒီဇင်ဘာ ၁၀ ရက်၊ ည ၈ နာရီခွဲခန့်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သားနှင့် ပြည်သူ့စစ်များ ပါသည့် စစ်သုံ့ပန်း ၇ ဦး ရရှိထားသည်ဟု သိရသည်။

အဆိုပါ စခန်းမှ ၆၀ မမ လက်နက်ကြီးတစ်လက်အပါအဝင် လက်နက်မျိုးစုံ ၅၈ လက်နှင့် စစ်သုံးပစ္စည်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေစဉ် တိုက်ပွဲဖြစ်ပွားသံများကို တစ်မြို့လုံး ကြားနေရသည်ဟု ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“လက်နက်ကြီးသံက တောက်လျှောက်ပဲ၊ တစ်ချိန်လုံး တစ်နေကုန်လုံးမဟုတ်ဘဲနဲ့ တစ်နာရီ၊ နှစ်နာရီလောက် ထိတွေ့တိုက်ပွဲသံတွေ ကြားတယ်၊ နောက်ပိုင်းကျတော့ စကစရဲ့ လက်နက်ကြီးသံတွေ တောက်လျှောက် ကြားရတယ်”

ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် လွယ်ဆိုင်ကုန်းရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ၁၂ နှစ်အရွယ် မအိုပိ၊ အသက် ၃၀ ကျော်အရွယ် မအေးတို့ လက်နက်ကြီးစ ထိမှန်ကာ ဒဏ်ရာရသွားသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့သစ်ရပ်ကွက်မှ ဒေသခံတချို့ တိမ်းရှောင်သော်လည်း မြို့ခံအများစုကမူ ပုံမှန်အတိုင်းနေထိုင်နေကြသည်ဟု သိရသည်။

တိုက်ပွဲအရှိန်ကြောင့် လူအသွားအလာ အနည်းငယ်နည်းပါးသွားသော်လည်း မြို့မှ ထွက်ပြေး တိမ်းရှောင်သူများ မရှိကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

ထို့ပြင် လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း ဒီဇင်ဘာ ၁၁ နံနက် ၃ နာရီခွဲခန့်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရပြီး တိုက်ပွဲအခြေအနေ အသေးစိတ်ကိုမူ မသိရသေးပေ။

၁၀၂၇ စစ်ဆင်ရေးအတွင်း တွေ့ရသော TNLA တပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ-TNLA Info)

ဒီဇင်ဘာ ၁၀ ရက်ညက သီပေါမြို့နယ် စံဖိတ်ရွာ၊ နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းတို့တွင်လည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး ည သန်းခေါင် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် စစ်လေယာဉ်က ၄ ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။

စခန်းသစ်ကုန်းတွင် ဒီဇင်ဘာ ၁၂ နံနက်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး နံနက် ၉ နာရီခွဲခန့်တွင် စစ်တပ်က ပေါင် ၅၀၀ ဗုံးဖြင့် နှစ်ကြိမ်ခန့် ဗုံးကြဲခဲ့သည်၊ နံနက် ၁၁ နာရီခန့်နှင့် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် လေယာဉ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

မြို့သိမ်းနိုင်ရေးအတွက် မြို့နှင့်ကပ်လျက် စခန်းသစ်ကုန်းကို နိုဝင်ဘာ ၁၇ ရက်မှ စတင်ပြီး တိုက်ခိုက်နေရာ စစ်ကောင်စီက ယမန်နေ့အထိ လေကြောင်းမှ အကြိမ် ၃၀၀ နီးပါး ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု TNLA ဘက်က ပြောသည်။

စစ်အာဏာရှင်အမြစ်ပြတ်ရေး ရည်ရွယ်သည့် ၁၀၂၇ စစ်ဆင်ရေးအရ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်းများကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်ခိုက်သိမ်းပိုက်နေရာ ယနေ့အထိ စစ်တပ်စခန်းပေါင်း ၃၀၀ နီးပါးခန့်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။

ထို့ပြင် ကိုးကန့်တပ်မတော် (MNDAA) က ချင်းရွှေဟော်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ မုံးကိုးနှင့် ပန်ဆိုင်း (ကြူကုတ်) မြို့တို့ကို အပြည်အဝထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရားများ စတင် လည်ပတ်နေပြီ ဖြစ်သည်။

Show More

Related Articles

Back to top button