သတင်း

မန်တုံမြို့ကို အပြီးသတ်သိမ်းရန် စခန်းတစ်ခုကို TNLA ပိတ်ဆို့တိုက်ခိုက်နေ

ရှမ်းပြည်နယ်၊ မန်တုံကို TNLA က ထိန်းချုပ်ထားပြီး မြို့အရှေ့ဘက်ရှိ တပ်စခန်းကို ရက်သတ္တပတ် နှစ်ပတ်နီးပါး ပိတ်ဆို့ထားသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က  ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့ကို အပြီးသတ်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေပြီး ကျန်နေသည့် စစ်တပ်စခန်းတစ်ခုကို ပိတ်ဆို့ထားကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်တောင်ဘက် တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ်အရှေ့ဘက်တွင်ရှိသော မန်တုံမြို့နယ်အတွင်း မြို့ပေါ်ရှိ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများ၊ မန်တုံ ဌာနေပြည်သူ့စစ်စခန်းများကို နိုဝင်ဘာ ၃ ရက်ကတည်းက TNLA က တိုက်ခိုက်သိမ်းယူခဲ့သည်။

မြို့အရှေ့ဘက် ကပ်လျက်ရှိသော အမှတ် ၁၃၀ ခြေလျင်တပ်ရင်း တပ်စခန်းကို သိမ်းယူရန်သာ ကျန်တော့သည်ဟု TNLA ပြန်ကြားရေးရုံးတာဝန်ခံ အမျိုးသမီးတပ်ဖွဲ့ဝင်တစ်ဦးက နိုဝင်ဘာ ၁၄ ရက်နေ့တွင် ပြောသည်။

“စစ်ကောင်စီတပ်စခန်းတစ်ခုပဲ ကျန်ပါတယ်။ မြို့ကိုတော့ ကျွန်မတို့ ထိန်းချုပ်ထားပါတယ်” ဟု သူက ဆိုသည်။

TNLA က မြို့ပေါ်ရှိ မန်တုံမြို့မရဲစခန်း၊ မန်တုံဌာနေပြည်သူ့စစ်စခန်းများတွင် တပ်စွဲထားပြီး အင်အား ၁၀၀ အောက်ရှိသည်ဟု ယူဆရသည့် စစ်ကောင်စီတပ်စခန်းကို ပတ်ပတ်လည်လည် ပိတ်ဆို့ထားသည်ဟု မြို့ခံများက ဆိုသည်။ 

“စစ်တပ်ဘက်က သူတို့စခန်းထဲကနေ အပြင်မထွက်ရဲကြဘူး။ သူတို့ထွက်လာရင်တော့ TNLA ဘက်က ပစ်မှာပဲ” ဟု မန်တုံမြို့ခံ အမျိုးသမီးတစ်ဦးက ယမန်နေ့ ညနေက ပြောသည်။

ထိုတပ်စခန်းဝင်းအတွင်း ရိက္ခာနှင့် ခဲယမ်းများ လေကြောင်းမှ ချပေးနေကြောင်း ဒေသခံများကို ကိုးကား၍ သူက ဆိုသည်။

စစ်ကောင်စီတပ်ကလည်း ၎င်းတို့၏ စခန်းအတွင်းမှပင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် စခန်းအနီး ရပ်ကွက်များအတွင်းမှ ဒေသခံအများအပြား တောင်ပေါ်ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။

တန့်ယန်းမြို့နယ်ရှိ စစ်တပ်၏ ဆိုင်လျံတပ်စခန်းကို နိုင်ဝင်ဘာ ၁၄ တွင် TNLA က သိမ်းယူခဲ့သည်။ (ဓာတ်ပုံ – TNLA ပြန်ကြားရေး)

လက်ရှိ မန်တုံမြို့ပေါ်တွင် ဖုန်းလိုင်းတချို့ ဖြတ်တောက်ခံထားရပြီး စက်သုံးဆီလည်း ပြတ်တောက်တော့မည်ဟု မြို့ခံများက ဆိုသည်။

လားရှိုး-မူဆယ် လမ်းပိုင်းပေါ်ရှိ သိန္နီမြို့အဝင်တံတားကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဖောက်ခွဲကာ လမ်းဖြတ်တောက်ထားသောကြောင့် ဒေသခံများက အခြားလမ်းကြောင်းများကိုသာ အသုံးပြုနေရသည်။

မန်တုံမြို့ အဝင်အထွက်ကို TNLA က ပိတ်ထားခြင်း မရှိပေ။

မန်တုံမြို့နှင့် နမ့်ခမ်းမြို့တစ်လျှောက်ရှိ စစ်တပ်စခန်းများကို TNLA က တိုက်ခိုက်သိမ်းပိုက်ထားသည်။

နမ့်ခမ်းမြို့တွင်လည်း ဒေသတစ်ခုလုံး အပြီးသတ်သိမ်းနိုင်ရန် စစ်ကောင်စီ၏ ဒေသတွင်း နောက်ဆုံးခံစစ်ဖြစ်သော စခန်းသစ်တပ်စခန်းကို ပိတ်ဆို့တိုက်ခိုက်နေသည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း မန်တုံ၊ နမ့်ခမ်းမြို့တို့အပြင် မန္တလေးတိုင်းနှင့် ကပ်လျက် ရှမ်းပြည်နယ် နောင်ချို မြို့ဂုတ်တွင်းတံတားကို TNLA ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး ကျောက်မဲ၊ သီပေါမြို့တို့ကိုလည်း စစ်ရေးအရ ခြိမ်းခြောက်ထားသည်။

ယမန်နေ့တစ်ရက်အတွင်း သိန္နီမြို့နယ် မန်လွင်ပြည်သူ့စစ်တပ်စခန်း၊ နမ့်ခမ်းမြို့နယ် နောင်အင်ကျေးရွာရှိ တာကွန့်တပ်စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ပြီး မူဆယ်မြို့နယ် ကျင်စန်းကျော့လမ်းခွဲနှင့် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာလမ်းခွဲတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

နောင်ချိုမြို့နယ် စစ်ကောင်စီ သံဘိုတပ်စခန်းမှ ဇီးဖြူရေကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ၆ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နမ့်ဖတ်ကာ စစ်တပ်စခန်းမှ တီးမား၊ ဟိုမောကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ၁၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ပါရှိသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသော ဇီးဖြူရေကျေးရွာအတွင်း နိုဝင်ဘာ ၁၅  ညနေက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး နေအိမ်တစ်ခုအတွင်းမှ သားအမိ ၄ ဦး ထိမှန်ကာ ကလေး ၂ ဦး ပွဲချင်းပြီးသေဆုံး၊ မိခင်နှင့် အခြားကလေးတစ်ဦး ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားကြသည်။

မန်တုံမြို့နယ်ပြမြေပုံ

Show More

Related Articles

Back to top button