သတင်း

နမ့်ဆန်မြို့ လေကြောင်းတိုက်ခိုက်မှုတွင် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ရှမ်းမြောက်ဒေသ TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့ ဗုံးကြဲခံရသဖြင့် သေဆုံး၊ ဒဏ်ရာရသူများ ရှိသည်၊ လျှပ်စစ်ဓာတ်အားပေးရုံးအပါအဝင် ဌာနဆိုင်ရာရုံးများလည်း ထိခိုက်သည်ဟု သိရသည်။

စစ်ကောင်စီလေတပ်က တအာင်း/ပလောင်တပ် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့ကို ယမန်နေ့ (ဩဂုတ် ၁၂) ညသန်းခေါင်ယံတွင် ဗုံးကြဲခဲ့ရာ ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိသွားသည်။

ည ၁၁ နာရီခွဲမှ ၁၂ နာရီအထိ စစ်လေယာဉ် သုံးကြိမ် လာရောက်ပြီး ဗုံး ၆ လုံးကြဲချရာ မြို့ပေါ်ရှိ EPC ရုံး ခေါ် လျှပ်စစ်ဓာတ်အားပေးသည့်ရုံးအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် အဆိုပါ ရုံးအတွင်း နေထိုင်နေသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သလို ဒေသခံအမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

“မနေ့ည ၁၁း၄၅ အချိန်မှာ ဂျက်လေယာဉ်နဲ့ ဗုံး ၆ လုံး ကြဲခဲ့ပါတယ်။ အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်။ နေအိမ် ၅ လုံး ထိခိုက်ပျက်စီးပါတယ်” ဟု လွေးယေဦးက ဆိုသည်။

EPC ရုံးအတွင်းရှိ ထရန်စဖော်မာများ ထိခိုက်ပျက်စီးသွားသလို ရုံးအနီးရှိ မြို့မဂိုဏ်းချုပ် ဘုန်းကြီးကျောင်းနှင့် နေအိမ် ၅ လုံး ပျက်စီးသွားသည်ဟု TNLA ထံမှ သိရသည်။

စစ်ကောင်စီကမူ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။

ရှမ်းမြောက်အခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က အထက်ပါ တိုက်ခိုက်မှုအတွင်း EPC ရုံးအပြင် ဌာနဆိုင်ရာ ရုံးတချို့လည်း ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနကမူ တိုက်ခိုက်မှုအတွင်း အမျိုးသားနှစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရသည်ဟု ဖော်ပြထားသည်။

ယမန်နေ့ ညက ဗုံးပေါက်ကွဲမှုအသံများကို မြို့အပြင်ဘက်မှပင် ကြားရကြောင်း နမ့်ဆန်ဒေသခံ အမျိုးသားတစ်ဦးက နမ့်ဆန်မြို့အနီး နေထိုင်သူ ဒေသခံတချို့ကို ကိုးကားပြီး ပြောသည်။

“ဗုံးသံက ဆက်တိုက်ကြားရတာတဲ့၊ ပထမပေါက်တဲ့ဗုံးသံပြီး ခဏပဲ ကြာတယ် နောက်ထပ် ထပ်ကြားရတာ၊ ညဘက်ဆိုတော့ အသံကြီးက ဟိန်းနေရော” ဟု သူက ပြောသည်။

“အဲဒီအနီးအနားက အိမ်တွေလည်း ထိခိုက်သွားတယ်”

ယမန်နေ့ည လေကြောင်းတိုက်ခိုက်မှုအတွင်း ပျက်စီးသွားသော EPC ရုံးအတွင်း အဆောက်အအုံတစ်ခု။ (ဓာတ်ပုံ-TWO)

တအာင်း/ပလောင် ဒေသဖြစ်သော နမ့်ဆန်မြို့ကို ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းအတွင်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၅ ရက်တွင် TNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

TNLA က တပ်မဟာ (၂) အဖြစ် သတ်မှတ်ထားသော ဒေသတွင် ပါဝင်သည့် ကျောက်မဲခရိုင် နမ့်ဆန်မြို့သည် တအာင်းလူမျိုးများ အများဆုံးနေထိုင်သည့်မြို့ဖြစ်ပြီး TNLA အဓိကလှုပ်ရှားရာမြို့လည်း ဖြစ်သည်။

နမ့်ဆန်မြို့သည် နမ္မတူမြို့၏ အနောက်တောင်ဘက်တွင် ရှိပြီး TNLA သိမ်းယူထားသော မန်တုံမြို့နှင့် မိုင် ၃၀ ဝန်းကျင်သာ ကွာဝေးသည်။

စစ်ဗိုလ်ချုပ်ကြီးများ စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နမ့်ဆန်နှင့် မန်တုံမြို့တို့ကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲတွင် ထည့်သွင်းထားသည်။

နမ့်ဆန်မြို့သိမ်းစဉ်ကလည်း တိုက်ပွဲဖြစ်ရာအနီးနှင့် မြို့တွင်းကို လေတပ်က တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်အများအပြားနှင့် TNLA သိမ်းထားသည့် စစ်တပ်ပိုင် ရွှေဖီဦးလက်ဖက်ခြောက်စက်ရုံ ထိမှန် ပျက်စီးခဲ့သည်။

စစ်တပ်ပိုင် ရွှေဖီဦးလက်ဖက်ခြောက်စက်ရုံ မီးလောင်နေသည်ကို ၂၀၂၃ ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-AFP)

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ကြီးများကို ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်ဆင်ရေး နှစ်ကြိမ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်နေရာ စစ်ကောင်စီတပ်က ရာနှင့် ချီသည့် တပ်စခန်းများအပြင် မြို့ပေါင်းများစွာကို လက်လွှတ်ထားရသည်။

ယခုနှစ် ဇွန် ၂၅ ရက်က ပြန်စသည့် တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင်လည်း မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး သီပေါမြို့သိမ်းရန် TNLA က ကြိုးပမ်းနေသည်၊ ဤအခြေအနေတွင် သီပေါမြို့၏ မြောက်ဘက် ၄၈ မိုင်ခန့်အကွာရှိ နမ့်ဆန်မြို့ ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

စစ်ကောင်စီက ၎င်းတို့ လက်လွှတ်ထားရသည့် မြို့များကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မကြာခဏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လေ့ရှိသည်။

ကိုးကန့်တပ် (MNDAA) သိမ်းပိုက်ထားသည့် လောက်ကိုင်၊ သိန္နီမြို့များ၊ တအာင်းတပ် (TNLA) သိမ်းပိုက်ထားသည့် ကွတ်ခိုင်၊ နမ့်ဆန် စသည့် မြို့များ ဗုံးကြဲတိုက်ခိုက်ခံရလေ့ရှိသည်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်၊ တပ်စွဲထားသည့် မြို့များဖြစ်သည့် ဟိုပန်၊ ပန်လုံတို့ကိုမူ  တိုက်ခိုက်ခြင်းမပြုပေ။

ဗုံးကျရောက်ခဲ့သည့် EPC လျှပ်စစ်ရုံး။ (ဓာတ်ပုံ – The Ta’ang Post)

TNLA ထိန်းချုပ်မြို့များကိုမူ ယခုလဆန်းကတည်းက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေသည်။

ဩဂုတ် ၆ ရက်နေ့က TNLA ထိန်းချုပ်ကွတ်ခိုင်မြို့ လေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံ ၆ ဦး သေဆုံးပြီး ကွတ်ခိုင်မြို့မဈေးမှ ရာနှင့်ချီသောဆိုင်ခန်းများ မီးလောင်ပျက်စီးခဲ့သည်။

လက်ရှိတွင် နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်အနီး တိုက်ပွဲများ ပြင်းထန်နေသည်။

ဩဂုတ် ၁၁ ရက်နေ့ နောင်ချိုမြို့နယ် တောင်ခမ်းနှင့် မက်မန်းတောကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အမြောက်တပ် (၉၀၂)၊ တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၀၂)၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၂၅)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ (၃၀၆) တပ်ရင်းတို့ ပါဝင်သည်ဟု သိရသည်။

ယခုရက်ပိုင်း နောင်ချိုမြို့နယ်တိုက်ပွဲများအတွင်း လေကြောင်းတိုက်ခိုက်မှု ရှိနေသလို တိုက်ပွဲပြင်းထန်နေသော သီပေါမြို့  ခလရ (၂၃) တပ်စခန်းနေရာအနီး Y-12 ထောက်ပို့လေယာဉ်ဖြင့် ဗုံး ရာဂဏန်းနီးပါး ကြဲချခဲ့သည်ဟု သိရသည်။

နမ့်ဆန်မြို့အပါအဝင် မန်တုံ၊ နမ္မတူ၊ မိုးမိတ်၊ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့နယ်တို့တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားဆဲဖြစ်သည်ဟု TWO အဖွဲ့အချက်အလက်များအရ သိရသည်။

Show More

Related Articles

Back to top button