ခွန်ဆာ၏ လက်ရုံးဟောင်းတစ်ဦးဖြစ်သူ မန်ပန်ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်စိုင်းမွန်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်း၏ ပြည်သူ့စစ်အဖွဲ့ထိန်းချုပ်ရာ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဘိန်းဘုရင်ခွန်ဆာ၏ မွန်ထိုင်းတပ် (Mong Tai Army – MTA) ခေါ် လွယ်မော်တပ်ဖွဲ့တွင် တပ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၇၂ နှစ်အရွယ် ဦးစိုင်းမွန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သော်လည်း အနိုင်မရရှိခဲ့ပေ။
ခွန်ဆာလက်နက်ချချိန် ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်စိုင်းမွန်း ခေါ် ဦးစိုင်းမွန်းသည် တန့်ယန်းမြို့နယ်အတွင်းရှိ မန်ပန်ကျေးရွာအုပ်စုအပြင် မိုင်းရယ်နှင့် လားရှိုးမြို့နယ်များရှိ ကျေးရွာအုပ်စု ၅၀ ဝန်းကျင်ခန့်ကို ထိန်းချုပ်ထားကြောင်း ဒေသခံများပြောကြားချက်အရ သိရှိရသည်။
ဦးစိုင်းမွန်းသည် ၂၀၁၅ ရွေးကောက်ပွဲကာလမှစ၍ ပြည်သူ့စစ်အဖွဲ့မှ အနားယူထားပြီဟု ဆိုသော်လည်း မန်ပန်ပြည်သူ့စစ်၏ နာယကအဖြစ် ဆက်ရှိနေသလို ဩဇာသက်ရောက်မှုလည်း ရှိသည်ဟု ယင်းဒေသရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများက လက်ခံထားကြသည်။
မန်ပန်ပြည်သူ့စစ်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးစိုင်းမွန်း၏ သားဖြစ်သူ စိုင်းခမ်းမွန်းကို လွှဲထားသည်ဆိုသော်လည်း “ဒီတိုင်းလွှဲတယ်ဆိုပေမယ့် သူ့လက်အောက်က မလွတ်ပါဘူး” ဟု လက်ရှိ တန့်ယန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းအောင်ပွင့်က ပြောသည်။
မန်ပန်ပြည်သူ့စစ်၏ နယ်မြေလှုပ်ရှားမှုအခြေအနေနှင့်ပတ်သက်၍လည်း “ပြည်သူ့စစ်ထုံးစံအတိုင်းပဲလေ၊ အစိုးရထောက်ပံ့ကြေးပေးတာမှ မဟုတ်တာ၊ သူတို့ဘာသာသူတို့ ရှာစားရတာ၊ ကျွန်တော် အဲဒီလောက်ပြောရင် နားလည်ရောပေါ့။ လုပ်ငန်းတွေကတော့ အစုံရှိပါတယ်။ ကျွန်တော်တို့ သိတာလည်း ရှိမယ်၊ မသိတာလည်း ရှိမှာပေါ့ဗျာ” ဟု ၎င်းက Myanmar Now ကို ပြောသည်။
မန်ပန်ပြည်သူ့စစ်အဖွဲ့မှ ဆက်ဆံရေးတာဝန်ခံ ဦးဆမ်ဗရာကမူ “သူက လုံးဝကို အနားယူသွားတာ။ သူ့သားက ခေါင်းဆောင်ဖြစ်တော့ သားအဖဆိုတော့ နည်းနည်းပါးပါးတော့ လမ်းညွှန်မှုပေးတာပေါ့ဗျာ။ တရားဝင်ကတော့ မလုပ်တော့ဘူး” ဟု ဆိုသည်။
စက်တင်ဘာလအတွင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များ နေပြည်တော်၌ တွေ့ဆုံခဲ့ရာတွင် မန်ပန်ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်းလည်း တက်ရောက်ခဲ့သည်။
မန်ပန်ပြည်သူ့စစ်အဖွဲ့၏ စီးပွားရေး
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ မန်ပန်ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်းပိုင်ကုမ္ပဏီသုံးခုရှိပြီး ရှမ်းရိုးမအေးချမ်းရေးကုမ္ပဏီလီမိတက် (Shan Yoma Aye Chan Yay Co., LTD) ၊ ရှမ်းရိုးမအေးချမ်းရေး ကျောက်မျက်ရတနာ ကုမ္ပဏီလီမိတက် (Shan Yoma Aye Chan Yay Gems Co., LTD) နှင့် ရှမ်းရိုးမအေးချမ်းရေးဂိုး(လ်)အင်(န်)မိုင်းပရောဒတ်ကုမ္ပဏီလီမိတက် (Shan Yoma Aye Chan Yay Gold & Mine Product Company Limited) တို့ ဖြစ်ကာ စိုက်ပျိုးရေးနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။
အဆိုပါကုမ္ပဏီများတွင် ဦးစိုင်းမွန်းက ဒါရိုက်တာအဖြစ် ပါဝင်သလို ၎င်း၏သားဖြစ်သူ စိုင်းခမ်းမွန်းနှင့် ဆက်ဆံရေးတာဝန်ခံ ဦးဆမ်ဗရားတို့လည်း ဒါရိုက်တာအဖွဲ့ဝင်များဖြစ်ကြသည်။
မန်ပန်ပြည်သူ့စစ်အဖွဲ့သည် ၎င်းတို့ထိန်းချုပ်ရာ တန့်ယန်း၊ မိုင်းရယ်နှင့် လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆက်ကြေးကောက်ခြင်း၊ တပ်သားသစ်စုဆောင်းခြင်းနှင့် မြေယာပြဿနာများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်ဆိုသော ဝေဖန်မှုများလည်း ရှိနေသည်။
မြေယာပြဿနာများနှင့် ပတ်သက်၍ မန်ပန်ပြည်သူ့စစ်အဖွဲ့ပိုင် ကုမ္ပဏီများသည် “သူ့တန်ရာတန်ကြေး အကုန်ပေးခဲ့တယ်။ တချို့တွေကလည်း မြေလွတ်မြေရိုင်းတွေရှင်းပြီး လုပ်တာ။ အခုကျမှ ပိုင်ရှင်တွေက ပေါ်လာတယ်” ဟု ဦးဆမ်ဗရားက ဆိုသည်။
သို့ရာတွင် အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံထားရမှုမှ ပြန်လည်စိစစ်ရေးကော်မတီက ကွင်းဆင်းစစ်ဆေးခဲ့ရသည့် အမှုတွဲများတွင် မန်ပန်ပြည်သူ့စစ်နှင့် တောင်သူများအကြား အငြင်းပွားလျက်ရှိသော မြေယာပြဿနာများတွင် နမ့်ပေါင်နှင့် မိုင်းကျိုင်းဒေသမှ ထောင်နှင့်ချီသော မြေဧကကျယ်ကြီးများ ပါဝင်လျက်ရှိသည်။
မန်ပန်ပြည်သူ့စစ်အဖွဲ့သည် မြေယာများကို ကုမ္ပဏီအမည်ခံဖြင့် လျှောက်ထားခဲ့ခြင်းဖြစ်သော်လည်း လျှောက်ထားသည့်ပမာဏထက် ပိုယူခြင်းများရှိသည်ဟု ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံထားရမှုမှ ပြန်လည်စိစစ်ရေးကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ပြောသည်။
“နမ့်ပေါင်ဆို ဧကတစ်ထောင်ကျော်မှာ ဒေသခံမဟုတ်တဲ့၊ ဗမာစကား၊ ရှမ်းစကားတောင်မပေါက်တဲ့ တရုတ်လူမျိုးတွေ ခေါ်ပြီး ဖရုံ၊ ငရုတ် စတာတွေကို ရွာသားတွေရဲ့ရေဦးကို ယူပြီး စိုက်တယ်။ ရွာသားတွေက သူတို့ရဲ့ မြေလည်းရှုံး၊ ရေလည်းရှုံးတယ်” ဟု စိုင်းဝမ်းလှိုင်းခမ်းက Myanmar Now ကို ပြောသည်။
တန်းယန်းမြို့နယ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ အရှေ့ တောင်ဘက် ၈၃ မိုင်အကွာတွင် တည်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နှင့် မိုင် ၅၀ ခန့်သာ ကွာဝေးသည်။ တန့်ယန်းမှ အရှေ့ဘက် ၁၀၅ မိုင်အကွာတွင် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရုံးချုပ်တည်ရာ ပန်ဆန်းမြို့တည်ရှိပြီး ကားလမ်းပေါက်သည်။
တန့်ယန်းမြို့ပေါ် ရပ်ကွက် အမှတ် (၁) တွင် MTA လွယ်မော်တပ်ရှိစဉ်က ဘိန်းဘုရင်ဟောင်း ခွန်ဆာနေထိုင်ခဲ့သည့် အိမ်တစ်လုံးရှိပြီး မြို့ခံများကမူ ခွန်ဆာတိုက်ဟု အလွယ်ခေါ်ကြကာ လက်ရှိတွင် အဆိုပါ နေအိမ်၌ မန်ပန်ဌာနေပြည်သူ့စစ်ရုံး ဖွင့်လှစ်ထားသည်။
မန်ပန်ပြည်သူ့စစ်အဖွဲ့က နှောင့်ယှက်မှုနှင့် ၂၀၂၀ ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲအတွက် မန်ပန်ထိန်းချုပ်နယ်မြေများအတွင်း ပြည်ခိုင်ဖြိုးမဟုတ်သော အခြားနိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးသည့်အခါတွင် မန်ပန်ပြည်သူ့စစ်အဖွဲ့ဝင်များက လက်နက်ကိုင်ဆောင်လျက် လိုက်ပါလာခြင်းနှင့် နယ်မြေအတွင်း ဝင်ခွင့်မပေးခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ လားရှိုးမြို့နယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းလှထွေးက မိုင်းပန်နှင့် နားနန်းကျေးရွာအုပ်စုကို ပြီးခဲ့သည့်လအတွင်း သွားရောက်စဉ် မန်ပန်ပြည်သူ့စစ်အဖွဲ့ဝင်များက လက်နက်များကိုင်ဆောင်လျက် ၎င်းတို့နောက်မှ လိုက်ပါလာကြောင်း ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ “ကျွန်တော်တို့ရဲ့ မဲဆန္ဒရှင်တွေအပေါ် ခြိမ်းခြောက်တယ်လို့ ရှုမြင်ပါ တယ်” ဟု စိုင်းလှထွေးက မှတ်ချက်ပြုသည်။
တန့်ယန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) နေရာမှ ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) မှ စိုင်းနော်ခမ်းသည်လည်း အလားတူဖြစ်စဉ်မျိုး ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။
“ပြည်သူ့စစ်ရဲ့ အခွင့်မရဘဲ လူစုလူဝေးလုပ်ဖို့ သူတို့ (ပါတီဝင်တွေ) မှာ မစုရဲသလိုဖြစ်နေပါတယ်။ ဒါကြောင့် စည်းရုံးရေးဆင်းဖို့ အခက်အခဲတွေ ဖြစ်နေပါတယ်။ ပြည်သူ့စစ်အနေနဲ့လည်း သူတို့လည်း ရွေးကောက်ပွဲဝင်မှာပဲ၊ ပီးမွန်း (စိုင်းမွန်း) တို့လည်း ရွေးကောက်ပွဲဝင်တဲ့ နေရာမှာ ကျွန်တော်တို့ကို ပိတ်ပင်မထားဖို့ အကူအညီတောင်းချင်ပါတယ်ခင်ဗျ” ဟု စိုင်းနော်ခမ်းက ပြောသည်။
ဦးစိုင်းမွန်းကဲ့သို့ ‘ဝ’ လူမျိုးအောက်ရှိ လွယ်လမျိုးနွယ်စုဝင်ဖြစ်သည့် ဆက်ဆံရေးတာဝန်ခံ ဦးဆမ်ဗရားကမူ မန်ပန်ပြည်သူ့စစ်အဖွဲ့နှင့် ဦးစိုင်းမွန်းအပေါ် ဝေဖန်ပြောဆိုမှုများနှင့် ပတ်သက်၍ ဦးစိုင်းမွန်းသည် ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သိန်းပေါင်း သောင်းနှင့်ချီ၍ အကုန်အကျခံ လုပ်ဆောင်ခဲ့သူဖြစ်သည်ဟု တုံ့ပြန်သည်။
“ငါအရွေးမခံရဘူး၊ လုပ်မပေးဘူးဆိုတာမျိုး မရှိဘူး။ အဲဒီပိုက်ဆံတွေ ဘယ်ကရသလဲဆို သူက မိုင်းရှူးတို့၊ ဖားကန့်တို့မှာ ကျောက်မျက်ရတနာ အကြီးအကျယ်လုပ်တာ။ ရှမ်းရိုးမအေးချမ်းရေးကုမ္ပဏီလီမိတက် … အဲဒီက ရတဲ့ပိုက်ဆံနဲ့ သူက သုံးနိုင်တာပေါ့ဗျာ။ ပြည်သူ့စစ်နဲ့ ပိုက်ဆံက ဘာသွားရမလဲ” ဟု ဦးဆမ်ဗရား က ပြောသည်။
တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) တို့မှ သတင်းရင်းမြစ်များကမူ မန်ပန်ပြည်သူ့စစ်အနေဖြင့် တအာင်းရွာများတွင် တစ်အိမ်လျှင် တစ်နှစ်လျှင် ဆန် ၁၂ ပြည်၊ ငွေသားက အိမ်ခြေငါးဆယ်ကို ၂ သိန်းကျပ်၊ ၃ သိန်းကျပ် စသဖြင့် ကောက်ခံမှုများရှိသလို လုပ်အားပေးခေါ်ဆောင်မှု၊ လူသစ်စုဆောင်းမှုများ နှစ်စဉ်ရှိနေကြောင်း ပြောကြားသည်။
ထို့အပြင် တအာင်းလူငယ်များဖြင့် ဖွဲ့စည်းထားပြီး တအာင်းတိုင်းရင်းသားအများစု နေထိုင်ရာ ကျေးရွာ များ၌ ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးသည့် တအာင်းကျန်းမာရေးကော်မတီ (THC) ကိုလည်း မန်ပန်ဒေသအတွင်းသို့ ယနေ့အချိန်ထိ ဝင်ခွင့်မပြုကြောင်း သိရသည်။
ရှမ်းလူငယ်အဖွဲ့ (TYO) ၏ တန့်ယန်းတာဝန်ခံ စိုင်းခမ်းအောင်ကမူ မန်ပန်ပြည်သူ့စစ်တွင် “ဗိုလ်လုံအိုင်းဆိုတာ ရှိတယ်။ ကျေးရွာအုပ်စု လေးငါးစုမှာ မြေတွေ လိုက်သိမ်းထားတာ မနည်းဘူး။ သိမ်းတယ်ဆိုတာက ဟို ပြောရမယ်ဆို မတန်တဲ့ ဈေးနဲ့ ဖိအားပေးပြီး ဝယ်လိုက်တာပေါ့” ဟု ပြောကြားသည်။
ထို့အပြင် ပြည်သူ့စစ်အဖွဲ့က အခကြေးငွေဖြင့် မူးယစ်ဆေးဖြတ်ပေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိပြီး ငွေကြေးမတတ်နိုင်ပါက ဆေးပြတ်သွားသည့်အခါ လက်နက်တပ်ဆင်ပေးကာ အဖွဲ့ဝင်အဖြစ် စုဆောင်းမှုများရှိနေသည်ဟု စိုင်းခမ်းအောင်က ရှင်းပြသည်။
“သူတို့အဖွဲ့ဝင်လုပ်မယ်ဆို တစ်ယောက်ကို ၁၀ သိန်း အပြတ်ပေးပြီး စုတာမျိုးလည်း ရှိတယ်။ ပုံမှန်တော့ လုပ်နေတာပေါ့” ဟု စိုင်းခမ်းအောင်က ပြောသည်။
သို့ရာတွင် မန်ပန်အနေဖြင့် ထိုသို့ တပ်သားသစ် အဓမ္မစုဆောင်းမှုများ မရှိကြောင်း ခုခံပြောကြားလာသူက ပြည်ခိုင်ဖြိုးပါတီမှ တန့်ယန်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) ကိုယ်စားလှယ် စိုင်းဆန်စိန်ဖြစ်သည်။
“ဖေ့စ်ဘုတ်မှာ လျှောက်တင်ကြတာပါပဲ။ ကွင်းဆင်းကြည့်တာတော့ စစ်သားစုဆောင်းတာတွေ ဘာတွေ မရှိပါဘူး။ ရွေးကောက်ပွဲကတော့ သူ့နယ်သူစည်းရုံးတာတွေတော့ လုပ်မှာပေါ့လေ” ဟု ၎င်းက ပြောသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းဇယားများအရ တန့်ယန်းမြို့နယ်တွင် လူဦးရေ ၁၇၄,၀၀၀ ကျော် နေထိုင်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စုပေါင်း ၄၉ စုဖြင့် ဖွဲ့စည်းထားသည်။ ရှမ်း၊ တအာဝ်းနှင့် လားဟူ တိုင်းရင်းသားတို့ အများစုနေထိုင်ကြပြီး ‘ဝ’ နှင့် ကိုးကန့်တိုင်းရင်းသား ၅ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် တန့်ယန်းမြို့နယ်၌ ဆန္ဒမဲပေးခွင့်ရှိသူ ၁၀၉,၀၀၀ ကျော် ရှိသည်။
၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ လက်ရှိ တန့်ယန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် သုံးဦးအနက် နှစ်ဦးမှာ SNLD ပါတီမှဖြစ်ပြီး ကျန်တစ်ဦးမှာ ပြည်ခိုင်ဖြိုးကတစ်ဦးဖြစ်သည်။ SNLD ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် SNDPက ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်အမှတ် (၂) တွင် အနိုင်ရရှိခဲ့ပြီး ပြည်နယ် အမှတ် (၁) တွင် ပြည်ခိုင်ဖြိုးက အနိုင်ရရှိခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် တန့်ယန်းမြို့နယ်၌ ပြည်ခိုင်ဖြိုး၊ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ SNLD နှင့် SNDP တို့အပြင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) နှင့် (၂) တွင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ (တစည) နှင့် ‘ဝ’ အမျိုးသားပါတီတို့လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ မြို့နယ်တစ်ခုလုံးတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၁ ဦးရှိသည်။