
၂၀၂၀ ရွေးကောက်ပွဲကို အစပျိုးသည့်ကာလအဖြစ် သတ်မှတ်ထားပြီး ရေရှည်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အလွန်ရွေးကောက်ပွဲများကို ပစ်မှတ်ထားသည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌများဖြစ်ကြသည့် ဒေါ်သက်သက်ခိုင်နှင့် ဦးကျော်ဇေယျတို့က ဆိုသည်။
“NLD ပါတီက အသက် ၇၅ နှစ်အရွယ် ဒေါ်အောင်ဆန်းကြည်အပေါ် အလွန်မှီခိုတဲ့ ပုဂ္ဂိုလ်ရေးအခြေပြုပါတီဖြစ်တယ်။ ၂၀၂၅ မှာ သူ(ဒေါ်အောင်ဆန်းစုကြည်)က အသက် ၈၀ ပြည့်ပါမယ်။ အဲ့ဒီအချိန်မှာ NLD ပါတီက အခုလောက် မဟုတ်တော့ဘူး။ သူအလွန်မှာ အကူးအပြောင်းကာလရှိတယ်” ဟု Nikkei Asia Review သတင်းဌာနနှင့် အောက်တိုဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ဒေါ်သက်သက်ခိုင်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်မပါဝင်တော့သည့် နိုင်ငံရေးအခင်းအကျင်းတွင် နိုင်ငံရေးပါတီသစ်များအနေဖြင့် လူထုထောက်ခံမှု ပိုမိုရရှိလာမည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ယုံကြည်နေသည်။
လာမည့်ငါးနှစ်အတွင်း မြန်မာ့နိုင်ငံရေးအခင်းအကျင်းသည် သိသာထင်ရှားစွာ ပြောင်းလဲလာမည်ဖြစ်ကြောင်းလည်း ဒေါ်သက်သက်ခိုင်က ပြောဆိုထားသည်။
‘တစ်သင်းလုံးကန်မည် PPP’ ဟု ကြွေးကြော်ထားသည့် ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၂၃၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဒေါ်သက်သက်ခိုင်နည်းတူ NLD ပါတီမှ ထုတ်ပယ်ခံခဲ့ရသည့် ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျကလည်း ဒေါ်အောင်ဆန်းစုကြည်အလွန်တွင် NLD ပါတီအပေါ် လူထုထောက်ခံမှု ကျဆင်းသွားမည်ဖြစ်သည်ဟု ဆိုသည်။
NLD ပါတီတွင် ဒေါ်အောင်ဆန်းစုကြည်နေရာကို ဆက်ခံမည့်ခေါင်းဆောင် ရှာမတွေ့သေးကြောင်း၊ ယင်းအချက်ကို ကြိုတင်ပြင်ဆင်မထားပါက နောင် ၁၀ နှစ်တွင် ကြီးမားစွာ အခက်တွေ့နိုင်သည်ဟုလည်း Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ဦးကျော်ဇေယျက ပြောသည်။
၎င်းတို့ ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့်မူ ပါတီသက်တမ်း တစ်နှစ်သာရှိသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်ပါဝင်ဖွယ်မရှိသည့် နောင်လာမည့် ၁၀ နှစ်တွင် အစိုးရဖွဲ့စည်းနိုင်ရန် ရည်မှန်းချက်ထားကာ ကြိုးစားနေကြောင်း ၎င်းက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်က အရေးမကြီးဘဲ ၂၀၂၅ နှင့် ၂၀၃၀ ရွေးကောက်ပွဲများတွင် အင်တိုက်အားတိုက် ယှဉ်ပြိုင်နိုင်ရန် ပစ်မှတ်ထားနေသည်ဟု ဦးကျော်ဇေယျက ပြောသည်။
“၂၀၃၀ Target (ပစ်မှတ်) ထားတယ်။ ကျွန်တော်တို့ အစိုးရဖွဲ့နိုင်အောင် ကြိုးစားမယ်လို့ ကျွန်တော်တို့ Target ထားတယ်။ အခုက ၂၀၂၀ နောက်ထပ် ၁၀ နှစ်ပေါ့ဗျာ။ နောက်ထပ်ဆယ်နှစ်မှာ အစိုးရဖွဲ့နိုင်အောင် လုပ်ရမယ်။ ပါတီရေရှည်ပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်မရသည့်တိုင်အောင် အရှံးမရှိကြောင်းလည်း ၎င်းက ပြောသည်။

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ၂၀၂၀ ရွေးကောက်ပွဲသည် ပါတီအမှတ်အသားနှင့် တံဆိပ်ကို ပြည်သူကြားတွင် ကျယ်ကျယ်ပြန့်ပြန့် သိလာဖို့ အနိမ့်ဆုံးရည်မှန်းချက်ဖြစ်သည်ဟု ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရပြီး ၂၀၁၈ ခုနှစ်တွင် ပြည်သူ့ပါတီကို တည်ထောင်ခဲ့သည်။
ဦးကိုကိုကြီး၏ ပြည်သူ့ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ပေါင်း ၁၅၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ယခုရွေးကောက်ပွဲတွင် အမြင့်ဆုံးရည်မှန်းချက်သည် ပါတီကိုယ်စားလှယ်လောင်းများ လွှတ်တော်တွင်းရောက်ရှိရန်ဖြစ်ပြီး ပါတီတစ်ခုတည်းက တောင်ပြိုကမ်းပြိုအနိုင်မရဘဲ ညွန့်ပေါင်းအစိုးရဖွဲ့မည်ဆိုပါက ဒီမိုကရေစီအရေးအတွက် အားဖြည့်ထောက်ခံသွားမည်ဖြစ်ကြောင်းလည်း ဦးကိုကိုကြီးက ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည် လွန်ခြင်း၊ မလွန်ခြင်းက လူတစ်ယောက်ရဲ့ ကျန်းမာရေး၊ သူ့ရဲ့သက်တမ်း ကျွန်တော်တို့ ဘာမှပြောလို့မရဘူး။ အဓိကတော့ ကိုယ့်အလုပ်ကို တစိုက်မတ်မတ်လုပ်သွားဖို့ပဲ လိုပါတယ်” ဟု ဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီကို အနိုင်ပိုင်းကျော်လွှားရန် အခက်အခဲများစွာရှိကြောင်း ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းဥက္ကဋ္ဌ ဦးမြတ်သူက သုံးသပ်သည်။
“ကမ်ပိန်းတွေ ဘာတွေမှာ ကြည့်ကြည့်လိုက်ပါ။ ဗမာအများစုနေတဲ့နေရာကို ကြည့်ကြည့်လိုက်မယ်ဆိုရင် NLD ပါတီရဲ့ အားကောင်းမှုကို တွေ့ရမှာပါ။ PP တို့၊ PPP တို့ကတော့ ကျွန်တော်ထင်ပါတယ်။ တော်တော်ကြီးကို ခက်ခက်ခဲခဲရင်ဆိုင်ရမှာပါ။ တစ်နေရာလောက် နိုင်ဖို့တောင်မှ ခက်ခက်ခဲခဲအားထုတ်ရမှာပါ” ဟု ၎င်းက ဆိုသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ကျော်ကြားမှုနှင့် ပုဂ္ဂိုလ်ရေးဩဇာကြီးမားမှုကို ယှဉ်ပြိုင်နိုင်သည့် နိုင်ငံရေးသမားမရှိသဖြင့် ၎င်းမပါဝင်တော့သည့်အချိန်တွင် NLD ပါတီ အားပျော့သွားမှာ အသေအချာဖြစ်ကြောင်း ဦးမြတ်သူက ဆိုသည်။
NLD ပါတီသည် လူပုဂ္ဂိုလ်ကို အခြေပြုဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီတစ်ခုမဟုတ်ဘဲ ပါတီစည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများသည်သာ အခရာဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က တုံ့ပြန်ပြောဆိုသည်။
လက်ရှိပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တာဝန်မှ အနားယူသွားချိန်တွင် ပါတီစည်းမျဉ်းများအရ အဖွဲ့ချုပ်ကို ဦးဆောင်မည့် ခေါင်းဆောင်သည် စနစ်တကျ ပေါ်ထွက်လာမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့က အဲ့ဒီအပိုင်း(လူထုထောက်ခံမှု)ကို သိပ်မပူဘူးခင်ဗျ။ ကျွန်တော်တို့ ဥက္ကဋ္ဌ အင်တိုက်အားတိုက် ကိုယ်တိုင်ကိုယ်ကျ လုပ်နေတဲ့အချိန်မှာ စစ်မှန်တဲ့ ဒီမိုကရေစီဖော်ဆောင်နိုင်ပြီဆိုရင် နောက်ပိုင်းက ပြည်သူတွေကပဲ ဆုံးဖြတ်သွားတော့မှာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။