သတင်း

ပလက်ဝတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်း ဖမ်းဆီးမှုဖြစ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးထားသူများမှာ AA နှင့်အတူ ပူးတွဲလှုပ်ရှားနေသော ဒေသခံတပ်ဖွဲ့ ဖြစ်သည်ဟု သိရသည်။

ချင်းဒေသကာကွယ်ရေးအဖွဲ့ မရာ (Chinland Defense Force-Mara) က ၎င်းတို့၏ ဗျူဟာမှူး အပါအဝင် တပ်ဖွဲ့ဝင် ၄ ဦး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အခြားတော်လှန်ရေးသမားတို့၏ ဖမ်းဆီးခြင်း ခံနေရသည်ဟု ပြောသည်။

မြန်မာ – အိန္ဒိယ နယ်စပ် ပလက်ဝမြို့နယ်၊ ရွှေလိုက်ဝကျေးရွာအနီးတွင် ဇန်နဝါရီလဆန်းတည်းက CDF Mara တပ်ရင်း (၄) မှ တပ်ခွဲမှူး ဘိတ်နှောချွာ၊ တပ်သား ဘွေးယာ၊ ဗျူဟာမှူး ဦးထက်ဆန်နှင့် တပ်ရင်းမှူး ဦးခူးမာ တို့ကို ရက္ခိုင့်တပ်တော် (AA) နှင့်အတူ ပူးပေါင်းလှုပ်ရှားသော MDF (Maraland Defense Force) က ဖမ်းဆီးထားသည်ဟု ဆိုသည်။

ဇန်နဝါရီ ၅ တွင် တပ်ခွဲမှူးနှင့် တပ်သားတို့ကို ဖမ်းသည်၊ ဇန်နဝါရီ ၇ တွင် သွားရောက်ညှိနှိုင်းသည့် အရာရှိများကိုပါ ဖမ်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

MDF တပ်ရင်းမှူး တူပါး ဦးဆောင်သည့်အဖွဲ့က ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။

ရိက္ခာသွားဝယ်သူနှစ်ဦး လွတ်မြောက်ရေးအတွက် သွားရောက်ညှိနှိုင်းသော အရာရှိများ လက်နက်ကိုင်ဆောင်သွားခြင်း မရှိကြောင်း ကြားကာလ မရာနယ်ကောင်စီ၊ မရာနယ် အုပ်ချုပ်ရေးမှူး ကိုဂျိမ်းမ်က ပြောသည်။

“လက်နက်ခဲယမ်းတွေ မပါပါနဲ့၊ စာရေးသောက်ရေးက အစ၊ လုံခြုံရေးက အစ အားလုံးတာဝန်ယူတယ်၊ လာပါ၊ ခင်ဗျားတို့ရောက်မှပဲ ဖမ်းထားတဲ့ လူနှစ်ယောက်ကိုလည်း တစ်ခါတည်း လွှတ်ပေးမယ် ဆိုပြီး ဖုန်းနဲ့ လှမ်းပြောတာ“ ဟု ကိုဂျိမ်းစ်က ပြောသည်။

“ဗျူဟာမှူးက အဲ့ဒီစကားကို ယုံသွားပြီးတော့ ဒီအတိုင်းအလွတ်နဲ့ ယူနီဖောင်းမဝတ်ဘဲနဲ့ …. လက်နက်ခဲယမ်း …မပါဘဲနဲ့ ရွှေလိုက်ဝကို သွားတာ။ တပ်ရင်းမှူးလည်း ပါတယ်။ ဗျူဟာမှူးနဲ့ တပ်ရင်းမှူး နှစ်ယောက်စလုံး သွားတာ‌လေ။ အဲ့ဒီအချိန်မှာ သူတို့က တစ်ပါတည်း ဖမ်းသွားတာ”

ပလက်ဝနယ်အတွင်း ချင်းကာကွယ်ရေးအဖွဲ့များဖြစ်သော CDF ပလက်ဝ၊ CDF မရာတို့ အခြေစိုက်သလို AA နှင့်အတူ ပူးတွဲလှုပ်ရှားသော ချင်းတော်လှန်ရေးတပ်ဖွဲ့ မရာလန်း (MDF) တို့ ရှိနေသည်။

အဖမ်းခံနေရသူ ၄ ဦး၏ အခြေအနေ မသိရသေးကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့အကြိမ်ကြိမ်တော့ တောင်းပန်တယ်။ လွှတ်ပေးပါ။ မရာ (လူမျိုး) အချင်းချင်း ဖမ်းတာ၊ ဆီးတာ၊ ချုပ်တာ၊ နှောင်တာတော့ မကောင်းပါဘူးဆိုပြီး အကြိမ်ကြိမ်တော့ လွှတ်ပေးဖို့ရာကို တောင်းပန်တယ်။ သူတို့ ပြောတာကတော့ မြေပြင်က စစ်ဦးစီးချုပ်နဲ့ လုံးဝ အဆက်အသွယ်ပြတ်နေတယ်။ လိုင်းမကောင်းလို့၊ ကျွန်တော်တို့အနေနဲ့ ဆက်သွယ်လို့ မရလို့ဆိုပြီးတော့ တစ်ရက်လွန်၊ တစ်ရက်လွန်နဲ့ ၁၀ ရက်တောင် ကြာလာပြီ” ဟု ကိုဂျိမ်းက ပြောသည်။

အိန္ဒိယနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ပလက်ဝမြို့နယ်မြောက်ဘက်အစွန်း ရွှေလိုက်ဝရွာမှာ ရှင်းလက်ဝ စခန်းသိမ်းတိုက်ပွဲအပြီး AA နှင့် MDF တို့က နေရာယူထားကြောင်း သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခနှင့် MFD ကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ချက်မရသေးပေ။ 

MDF နိုင်ငံရေးအဖွဲ့ဖြစ်သည့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) ကို ဆက်သွယ်မေးမြန်းရာ စစ်ရုံးချုပ်ဘက်မှ တင်ပြလာခြင်းမရှိသေးကြောင်း ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအစောဆုံးစတင်ခဲ့ရာဒေသဖြစ်ပြီး မျိုးနွယ်စု စုံလင်ကွဲပြားရာ ချင်းပြည်နယ်တွင် မြို့နယ်နှင့် မျိုးနွယ်စုအလိုက် ကာကွယ်ရေးအဖွဲ့များစုဖွဲ့ကာ တွန်းလှန်တိုက်ခိုက်နေသည်။

မရာလူမျိုးစုသည် ချင်းပြည်နယ် ပလက်ဝ၊ မတူပီ၊ ထန်တလန်မြို့နယ်တို့တွင် ပျံ့နှံနေထိုင်ပြီး လက်နက်ကိုင်အဖွဲ့အနေဖြင့် Chinland Defense Force-Mara နှင့် Maraland Defense Force အဖြစ် ရပ်တည်လှုပ်ရှားနေသည်။

နွေဦးတော်လှန်ရေးတွင် စတင်ပေါ်ပေါက်လာသည့် CDF Mara သည် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် နီးကပ်ပြီး MDF မှာ AA နှင့် ပူးပေါင်းတိုက်ပွဲဝင်နေသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ကာ AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ရှင်းလက်ဝ စခန်းသိမ်းတိုက်ပွဲတွင် MDF က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

Show More

Related Articles

Back to top button