အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မေ ၂၁ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မြို့မြောက်ဘက် ထရွန်အိုင်ကျေးရွာကို ယင်းနေ့ ညနေတွင် စစ်လေယာဉ် သွားရောက် တိုက်ခိုက်စဉ် လူစည်ကားသည့်နေရာ ပစ်မှတ်ထားခံရသည်ဟု ပလက်ဝကောင်စီ အထွေထွေအတွင်းရေးမှူး ကိုဆလိုင်းပေါလ်က ပြောသည်။
“ရွာရဲ့ဈေးတန်းမှာ ၃ ခေါက်လောက် ဗုံးကြဲသွားတယ်။ ၃ ခေါက်လောက်ကြဲသွားတယ်လို့ သိရတယ်။ သေဆုံးမှုကတော့ အရပ်သား ၅ ဦးလောက် သေဆုံးပြီးတော့ ၁၁ ဦး လောက် ဒဏ်ရာရတယ်လို့ သိရတယ်။ သေဆုံးတဲ့အထဲမှာ ထရွန်အိုင်ရွာထဲကလည်း ပါသလို တခြားရွာဘက်က ဈေးလာဝယ်တဲ့သူတွေလည်း ပါတယ်လို့ သိရတယ်” ဟု သူက ပြောသည်။
သေဆုံးသူတို့မှာ ချင်းလူမျိုး ၂ ဦးနှင့် ရခိုင်လူမျိုး ၃ ဦး ဖြစ်သည်ဟု သိရသည်။
ရခိုင်ဒေသသတင်းများ တင်ဆက်နေသည့် Arakan Princess မီဒီယာ၏ သတင်းတစ်ပုဒ်တွင် အသက် ၃၁ နှစ်အရွယ် ကိုမောင်သိန်းနိုင်၊ ၆၇ နှစ်အရွယ် ဦးအောင်ထွန်း၊ ၁၇ နှစ်အရွယ် မစန္ဒာ၊ ၄၇ နှစ်အရွယ် ဒေါ်လှခိုင်ဦးနှင့် အသက် ၃၃ နှစ်အရွယ် ကိုအောင်ကျော်ညွန့်တို့ သေဆုံးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ဒဏ်ရာရသူများတွင် အသက် ၁၈ နှစ်အောက် ၃ ဦးပါဝင်ကြောင်း၊ ၈ ဦးခန့်မှာ စိုးရိမ်ရကြောင်း ပါရှိသည်။
ကုလားတန်မြစ်ဘေးရှိ ထရွန်အိုင်ရွာတွင် ရခိုင်နှင့် ချင်းလူမျိုးများ နေထိုင်ပြီး ရွာအနီးရှိ စစ်တပ်၏ အခိုင်အမာစခန်းကုန်းဖြစ်သည့် ထရွန်အိုင်ဗျူဟာကို AA က ယမန်နှစ် ဒီဇင်ဘာလဆန်းတွင် တိုက်ခိုက်သိမ်းပိုက်ထားသည်။
ပလက်ဝမြို့နယ်တွင်ရှိသော ထရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာ အပါအဝင် စစ်ကောင်စီတပ်စခန်းများအားလုံးကို သိမ်းယူပြီး ပလက်ဝဒေသတစ်ခုလုံးကို ယခုနှစ် ဇန်နဝါရီကတည်းက AA က ထိန်းချုပ်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းစင်သွားသည့် ပလက်ဝမြို့နယ်တွင် မြေပြင်တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“မြေပြင်ထိတွေ့မှုတော့ မရှိဘူး။ စစ်ရေးနဲ့ပတ်သက်လို့ လှုပ်ရှားတာလည်း အကြောင်းအရာတစ်ခုမှ မရှိပါဘူး။ ဘာ ရည်ရွယ်ချက်နဲ့ကြဲတယ်လို့ အသေးစိတ်မသိရပေမဲ့ မြေပြင်မှာတော့ အဲ့လောက် အတိုင်းအတာထိ စစ်ရေးလှုပ်ရှားမှု ဘာတစ်ခုမှမရှိတာတော့ ပြောလို့ရတယ်” ဟု ဆလိုင်းပေါလ်က ပြောသည်။
AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ချိန်က တိမ်းရှောင်ခဲ့ကြသော ထရွန်အိုင်ရွာဒေသခံများအနက် အများစုသည် လက်ရှိတွင် ရွာထဲ ပြန်လည်ဝင်ရောက်နေထိုင်နေကြသည်။
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ သုံးပွင့်ဆိုင်ဆုံသည့် နေရာတွင် တည်ရှိသော၊ ချင်းပြည်နယ်၊ ပလက်ဝခရိုင်တွင် ပါဝင်သော ပလက်ဝမြို့နယ်ကို သိမ်းပိုက်ပြီးနောက် AA သည် ကုလားတန်မြစ်ကြောင်းတစ်လျှောက် ထိန်းချုပ် စိုးမိုးထားသည်။
တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် ဒေသများတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး အထူးသဖြင့် AA သိမ်းထားသော နယ်မြေများကို ပိုမို တိုက်ခိုက်နေသည်။
ယမန်နေ့ မေ ၂၂ နံနက်တွင်လည်း မင်းပြားမြို့နယ်အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရဟန်းတစ်ပါးအပါအဝင် အရပ်သား ၈ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၃ လအတွင်းက AA သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ် မင်းပြား ၊ မြေပုံ၊ ကျောက်တော်၊ ပေါက်တောတို့တွင်လည်း ဆေးရုံ၊ ဈေး စသည့်နေရာများကို လေကြောင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သလို AA နှင့် တိုက်ပွဲဖြစ်နေသည့် မောင်တော၊ သံတွဲဒေသများတွင်လည်း တိုက်ခိုက်သောကြောင့် အရပ်သားသေဆုံးမှု အရေအတွက် ဆယ်ဂဏန်း ရှိခဲ့သည်။
အလားတူ ခုခံတော်လှန်မှုအားကောင်းသည့် ချင်းပြည်နယ်ရှိ ဆေးရုံ၊ ဆေးခန်းများကို ပစ်မှတ်ထားကာ စစ်ကောင်စီ လေတပ်က ဧပြီနောက်ဆုံးပတ်အတွင်း ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစု အားကောင်းသည့် မင်းတပ်မြို့နယ်တွင်လည်း ဧပြီ ၂၅ ညပိုင်းတွင် မြို့မြောက်ဘက် မိုင် ၂၀ ကျော်အကွာရှိ ဝမ္မသူးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လူသေဆုံးမှု ရှိခဲ့သည်။
ယမန်နေ့ (မေ ၂၂) ရက်နေ့က မင်းတပ်တွင် မြေပြင်တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီ လေတပ်ရန်ကြောင့် ဒေသခံများ ပုန်းခိုကျင်းများ တူးထားကြရန် တော်လှန်ရေးအင်အားစုက တိုက်တွန်းထားသည်။
တော်လှန်ရေးအင်အားစုကို အရပ်သားများ ငြိုငြင်လာစေရန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်နိုင်ကြောင်း ဆလိုင်းပေါလ်က သုံးသပ်သည်။
“ကျွန်တော်တို့နဲ့ တော်လှန်ရေးအင်အားစုနဲ့ လူထုကြားမှာ သွေးခွဲတဲ့သဘောမျိုးလည်း ဖြစ်သလို တစ်ဖက်မှာ တည်ငြိမ်အေးချမ်းစွာနဲ့ လုံးဝအုပ်ချုပ်လို့မရဘူးစေဆိုတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်နိုင်တဲ့ ဘက်ကနေ အရပ်သားကိုယ့်ဟာကိုယ် အုပ်ချုပ်စီမံနိုင်တယ်ဆိုတာကို လုံးဝမလိုလားဘဲနဲ့ သူတို့အနေနဲ့ ဖျက်ဆီးချင်တာပေါ့” ဟု သူက ပြောသည်။
ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးသလို အထက်ပါ လေကြောင်းတိုက်ခိုက်မှုများအကြောင်းကိုလည်း စစ်ကောင်စီက သတင်းအမှောင်ချထားသည်။
နိုင်ငံအနှံ့စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး သုံးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၈၀၀ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။