၂၀၂၅ ခုနှစ်၊ ဧပြီလ၊ ၅ ရက်နေ့ ညနေတွင် ဘိုကိတ်ပဲခင်းစောင့်ရာမှ ပြန်လာသည့် အသက် ၂၃ နှစ်အရွယ်၊ ခူမီးအမျိုးသမီး မကိုးဘဲအတွက် ထိတ်လန့်ချောက်ချားဖွယ် ဖြစ်ရပ်ဆိုးကြီးတစ်ခုက လမ်းခုလတ်တွင် ဆီးကြိုနေခဲ့သည်။
အာဏာသိမ်းစစ်တပ်ကို တိုက်ထုတ်ပြီးနောက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို အုပ်ချုပ်နေသည့် အာရက္ခတပ်တော်(AA)၏ တပ်ဖွဲ့ဝင်နှစ်ဦးက စိမ့်စင်းကျေးရွာသူ မကိုးဘဲနှင့် လမ်းခရီးတွင် တွေ့ချိန် အဓမ္မပြုကျင့်ကာ အနီးရှိ ချောင်းထဲတွင် ရေနှစ်သတ်ရန် ကြိုးပမ်းမှုနှင့် ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
တောတောင်ထဲရှိ ဘိုကိတ်ပဲခင်းကို ဆိတ်များ ဝင်မစားရန် နေ့စဉ် ယာခင်းစောင့်သွားရပြီး ထိုနေ့က ယာခင်းမှအပြန် ညနေ ၅ နာရီဝန်းကျင်တွင် သာမန်အရပ်ဝတ် ဝတ်ဆင်ထားသော AA တပ်ဖွဲ့ဝင်နှစ်ဦးက အဓမ္မ သားမယားပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း မကိုးဘဲက ဩဂုတ်လ၊ ၂၂ ရက်နေ့တွင် Myanmar Now ကို ပြန်လည်ပြောပြသည်။
“သေနတ်တွေမပါဘူး။ ရိုးရိုးအဝတ်နဲ့ပဲ လာတယ်။ အသက်အရွယ်တော့ မခန့်မှန်းတတ်ဘူး။ မပြောတတ်ဘူး။ သူတို့ ပထမဆုံး ဗမာစစ်တပ်တွေကို သိမ်းပိုက်တဲ့အချိန်မှာ ကျွန်မတို့ရွာကို ပထမဆုံး ဝင်လာတယ်။ သူတို့ ယူနီဖောင်းနဲ့ ဝင်လာတဲ့အချိန်မှာ မြင်ဖူးလိုက်တယ်ပေါ့။ အဲ့ဒါကြောင့်မို့လို့ သူ့ကို မြင်ဖူးလို့ပဲ လက်ညိုးထိုးပြီးမှ သူလို့ ပြောနိုင်တာ။ မသိတဲ့သူဆိုရင် အပြင်လူလို့ပဲ သတ်မှတ်ကြမှာ” ဟု မကိုးဘဲက ပြောသည်။
စိမ့်စင်းရွာသည် ပလက်ဝမြို့၏ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ အိမ်ခြေရာဂဏန်းခန့်ရှိသည့် ကျေးရွာတစ်ခုဖြစ်သည်။ အသားဖြူဖြူသွယ်သွယ် စိမ့်စင်းရွာသူ မကိုးဘဲ၏ ခင်ပွန်းသည် တိုင်းတစ်ပါးတွင် အလုပ်ထွက်လုပ်နေသည်။ မကိုးဘဲတွင် ရင်ခွင်ပိုက်အရွယ် ကလေးတစ်ဦးရှိသည်။
ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေးအရ အရေးပါသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီစခန်းကုန်းများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် AA က စတင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၄၊ ဇန်နဝါရီလ၊ ဒုတိယပတ်တွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ချင်းပြည်နယ်၏ ဒေသဖြစ်သလို ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ဆက်နေသော ဒေသလည်းဖြစ်ရာ ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အတွင်း ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သော်လည်း ရခိုင်ပြည်နယ် နယ်စပ်တွင်တည်ရှိပြီး ခူမီး၊ ရခိုင်နှင့် မရာလူမျိုးတို့ နေထိုင်ကြသည်။
ပလက်ဝကို AA ထိန်းချုပ်ပြီးနောက် AA နှင့် မဟာမိတ်ဆက်ဆံရေးရှိသည့် ချင်းတော်လှန်ရေးတပ်နှင့် ၎င်းတို့ကို ထောက်ခံသည့် ဒေသခံများရှိနေသလို ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်ဖွဲ့စည်းသည့် ချင်းပြည်ကောင်စီကို ထောက်ခံသူများလည်းရှိသည်။
ထိုအင်အားစုနှစ်ခုနှင့် ၎င်းတို့ကို ထောက်ခံသည့် ဒေသခံများကြားတွင် ပွတ်တိုက်မှုများရှိနေသည်။ ပလက်ဝတွင် လက်တွေ့အားဖြင့် AA က အဓိကထိန်းချုပ်ထားပြီး စိမ့်စင်းရွာအနီးတွင်လည်း AA ၏ တပ်စခန်းတစ်ခုရှိသည်ဟု သိရသည်။

အဓမ္မပြုကျင့်သည့် AA တပ်ဖွဲ့ဝင်နှစ်ဦးအနက် တစ်ဦးကို ကျေးရွာအတွင်း သွားလာချိန်တွင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့် တွေ့ဖူးပြီး အခြားတစ်ဦးကိုမူ လုံးဝမသိပေ။ ၎င်းတို့နှစ်ဦး၏ အမည်နှင့် ရာထူးကိုလည်း မသိကြောင်း မကိုးဘဲက ပြောသည်။
ဆိုးသွမ်းသောထိုဖြစ်စဉ်မှ ရရှိခဲ့သည့် စိတ်ဒဏ်ရာများကြောင့် မည်သို့မည်ပုံ လွတ်မြောက်လာခဲ့ပုံကိုမူ ဖြစ်စဉ်ဖြစ်ပွားပြီး ငါး လခန့် ကြာမြင့်သည့်အချိန်ထိ မကိုးဘဲ ပြောပြနိုင်စွမ်းမရှိပေ။
“အဲ့ကိစ္စကို ပြန်ပြောရင် အဲ့နေရာကို ပြန်ရောက်သလိုခံစားရလို့ ကျွန်မကို ကိုယ်ချင်းစာတဲ့အနေနဲ့ အဲ့နေရာကို ပြန်မပြောစေချင်တော့ဘူး။ ကျန်တဲ့အပိုင်းကိုတော့ မေးလို့ရတယ်။ ကျန်တဲ့အချိန်ရော၊ နာရီရော၊ စက္ကန့်ရော မေးလို့ရတယ်။ အဲ့ကိစ္စကိုပြောရမယ်ဆိုရင် ဖြေဖို့ခံနိုင်ရည် မရှိဘူး။ အဆင်သင့်လည်း မဖြစ်ဘူး” ဟု သူက ဆို့နင့်စွာဖြင့် ပြောသည်။
ထိုတပ်ဖွဲ့ဝင်နှစ်ဦးအနက် တစ်ဦးသည် အရာရှိဖြစ်ပြီး အခင်းဖြစ်ချိန်တွင် အရက်သောက်ထားကြသည်ဟု ဒေသခံများကို ကိုးကား၍ ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း(GKO) တာဝန်ရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။
အဓမ္မပြုကျင့်ပြီးနောက် ထိုတပ်ဖွဲ့ဝင်နှစ်ဦးက အနီးအနားရှိ ချောင်းထဲတွင် ရေနှစ်သတ်ရန်ကြိုးစားနေချိန် ယောက္ခမဖြစ်သူရောက်လာကာ အော်ဟစ်အကူအညီတောင်းခဲ့ခြင်းကြောင့် လွတ်မြောက်လာခဲ့ကြောင်း ၎င်းက ပြောသည်။
“ချွေးမဖြစ်သူက ပြန်မလာသေးလို့ မြေးက နို့ဆာငိုယိုလို့ ယောက္ခမက ချွေးမရှိတဲ့ ပဲခင်းဆီ လိုက်သွားတာ။ အဲဒီမှာ ချွေးမကို အေအေတပ်ဖွဲ့ဝင်တစ်ဦးက ရေနှစ်သတ်ဖြတ်ပြီး တစ်ယောက်က ကင်းစောင့်ပေါ့။ ယောက္ခမက ငိုယိုပြီး ပတ်ဝန်းကျင်ကို အော်ဟစ်အကူညီတောင်းလို့ လွတ်မြောက်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။
အသက်ဘေးမှ လွတ်မြောက်လာပြီးနောက် တရားမျှတမှုအတွက် မည်သူ့ကို တိုင်ကြားရမည်ကို စဉ်းစားမရဘဲ ဖြစ်ခဲ့ကြသည်။ တပ်ဖွဲ့ဝင်နှစ်ဦးသည် ပလက်ဝကို လက်တွေ့အုပ်ချုပ်လျှက်ရှိသည့် လက်နက်နှင့် အာဏာရှိသော AA တပ်ဖွဲ့ဝင်များဖြစ်၍ AA ကို တိုင်ကြားရန် စီစဉ်ခဲ့သည်။ သို့သော် အခြားသော လက်နက်ကိုင်အဖွဲ့များကို တိုင်ကြားခဲ့ခြင်းမရှိဟု သိရသည်။

ဧပြီလ၊ ၅ ရက်နေ့၊ ညနေပိုင်းတွင် ကျေးရွာအုပ်ကြီးကို ကနဦးတိုင်ကြားခဲ့ပြီး ထိုမှတစ်ဆင့် ထိုရွာတွင် တာဝန်ကျသည့် AA အရာရှိနှင့် ပလက်ဝမြို့နယ်အဆင့် အရာရှိတို့ကို တိုင်ကြားခဲ့သည်ဟု သိရသည်။ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို စစ်ဆေးမေးမြန်းရာတွင် ကျူးလွန်သူ တပ်ဖွဲ့ဝင်နှစ်ဦးကလည်း ဝန်ခံခဲ့ကြသည်ဟု မကိုးဘဲက ပြောသည်။
အရက်သေစာ သောက်စားမူးယစ်နေသော တပ်ဖွဲ့ဝင်နှစ်ဦးသည် ချောင်းထဲတွင် ရေချိုးနေသော အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့ကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်မျှရန် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုကြောင်း ဧပြီလ၊ ၂၅ရက်နေ့တွင် ရခိုင်ဒေသသတင်းများကို ဖော်ပြသည့် Western News သတင်းဌာနက ရေးသားခဲ့သည်။
သို့သော် မုဒိမ်းမှုနှင့် လူသတ်ရန်ကြိုးပမ်းသည်ဟူသော စွပ်စွဲချက်နှင့်ပတ်သက်၍ ကျူးလွန်သူများ၏ အမည်၊ ရာထူး၊ ချမှတ်သည့် ပြစ်ဒဏ်များနှင့်ပတ်သက်၍ လူသိရှင်ကြားထုတ်ပြန်ခြင်းမရှိခဲ့ပေ။
ထိုအခြေအနေနှင့် ပတ်သက်၍ AA ပြောခွင့်ရ ဦးခိုင်သုခကို Myanmar Now ဆက်သွယ်မေးမြန်းရာ ယခုနှစ်၊ ဇွန်လ၊ ၇ ရက်နေ့တွင် ကျူးလွန်သူများကို အရေးယူခဲ့ပြီဖြစ်ကြောင်း ပြောဆိုသည်။
“မုဒိမ်းမှု ကျူးလွန်တဲ့ တပ်သားနှစ်ယောက်ကို လွန်ခဲ့တဲ့ ဇွန်လ၊ ၇ ရက်နေ့ ကတည်းက တစ်ယောက်ကို သေဒဏ်ပေးခဲ့ပြီးဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ဆက်လက်အယူခံခွင့်အတွက် သေဒဏ်ကို ခြောက်လ ဆိုင်းငံ့ပေးထားတာရှိပါတယ်” ဟု ပြောသည်။
သို့သော် တပ်ဖွဲ့ဝင်များကို အရေးယူထားကြောင်း AA ပြောခွင့်ရအရာရှိ၏ ပြောဆိုချက်နှင့် ကာယကံရှင်ဖြစ်သည့် မကိုးဘဲ ထံ AA ဘက်ကအကြောင်းကြားသည့်အချက်တွင် ကွဲလွဲမှုအချို့ရှိနေသည်။
ဖြစ်စဉ်ဖြစ်ပွားသည့် ဧပြီလ၊ ၅ ရက်နေ့နှင့် ၆ ရက်နေ့တွင် ပလက်ဝမြို့နယ်၊ AA ထောက်လှမ်းရေးအရာရှိ နှင့် တာဝန်ရှိသူများက ကျူးလွန်ခံရသူနှင့် ကျူးလွန်သူများကို စစ်ဆေးမေးမြန်းပြီးနောက် ဧပြီလ၊ ၂၄ ရက်နေ့ တွင် ပြစ်ဒဏ်ချမှတ်ကြောင်း မကိုးဘဲက ပြောသည်။ ကျူးလွန်သူနှစ်ဦးအနက် တစ်ဦးကို စီရင်ချက်ချသည့်နေ့တွင် အသေပစ်သတ်ပြီး နောက်တစ်ဦးမှာ အယူခံတင်ထားသည်ဟု AA ဘက်က အကြောင်းကြားလာကြောင်း ၎င်းက ပြောသည်။
“သူတို့ဘက်က စီရင်ချက် ချမှတ်တာပဲ ကျွန်မတို့က ယုံဘူး၊ မယုံဘူးဆိုတာကို ပြန်ပြောခွင့်မှ မရှိတာ။ သူတို့က လက်နက်ကိုင်ဆိုတော့ သူတို့မှာ အာဏာပိုရှိတယ်။ သူတို့က သတ်ရင်သတ်လိုက်ပြီးပေါ့။ ဘာဖြစ်လို့ ပြန်ပြောဖို့လိုနေသေးလားဆိုပြီး ပြန်ပြောလာလို့ရှိရင် ကိုယ့်အတွက် အသက်အန္တရာယ် ရှိတယ်။ မယုံဘူး၊ ယုံတယ်ဆိုတာလည်း ပြောပိုင်ခွင့်လည်းမရှိဘူး” ဟု မကိုးဘဲက ပြောသည်။
အရေးယူမှုများနှင့်ပတ်သက်၍ ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ် စောဒက တက်ပိုင်ခွင့်မရှိဘဲ ၎င်းတို့ပြောစကားသည်သာ အတည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း(GKO) တာဝန်ရှိသူ အမျိုးသားကမူ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ AA ချမှတ်ထားသည့် ဥပဒေများနှင့်အညီ အများပြည်သူရှေ့မှောက်တွင် ပြစ်ဒဏ်ချမှတ်စေချင်ကြောင်း ပြောသည်။
AA ပြောခွင့်ရသူက ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ထိထိရောက်ရောက်အရေးယူမည်ဟု မီဒီယာများတွင် ပြောဆိုခဲ့သော်လည်း ကျူးလွန်သူနှစ်ဦးကို စိမ့်စင်းရွာ AA တပ်စခန်းတွင် ထိန်းသိမ်းထားခဲ့သည်ကိုသာ သိရှိရပြီး ပြစ်ဒဏ်စီရင်ချက်ချမှုနှင့် အခြားသောအခြေအနေများကို သေချာစွာ မသိရကြောင်း ၎င်းက ဆိုသည်။
“နောက်ထပ်အမျိုးသမီးတွေ မုဒိမ်းမှုမဖြစ်အောင် AA က အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ဥပဒေတွေ ပြဋ္ဌာန်းပေးရမယ်။ စောင့်ရှောက်ပေးရမယ်။ အခုကိစ္စမှာလည်း အမျိုးသမီးအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လူ့ပတ်ဝန်းကျင်မှာ ပြန်လည်ရပ်တည်နိုင်ဖို့ အဖက်ဖက်က ပြန်လည်ကုစားပေးစေချင်တယ်။ အမျိုးသမီးအတွက် တာဝန်ယူပေးစေချင်တယ်”
ဧပြီလ၊ ၂၅ ရက်နေ့တွင် ပလက်ဝမြို့နယ်မှ အရပ်ဘက်အကြီးအကဲများနှင့် AA တာဝန်ရှိသူများက မကိုးဘဲ၏ နေအိမ်သို့ရောက်လာ၍ တောင်းပန်ခဲ့ကြသည်။ နစ်နာမှုများကို တာဝန်ယူပေးမည် ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်ဟု မကိုးဘဲက ပြောသည်။
ထို့အပြင် ထောက်ပံ့ကြေးဟုဆိုကာ ကျပ်ငွေသိန်း ၁၀၀ ပေးအပ်ခဲ့သည်။ သို့သော် မကိုးဘဲနှင့် မိသားစုဝင်များက ကနဦးတွင် ထိုငွေများကို လက်မခံခဲ့ဟု သိရသည်။
နောက်ပိုင်းတွင် ရပ်ရွာလူကြီးများ၏ ဖျောင်းဖျခြင်း၊ မကျေနပ်မှုကြောင့် ငွေလက်မခံခြင်းဖြစ်သည်ဟု ယူဆ၍ AA တပ်ဖွဲ့၏ စိတ်ငြိုငြင်ခံရနိုင်ခြင်းတို့ကြောင့် ထိုငွေကို လက်ခံခဲ့သည်ဟု မကိုးဘဲက ပြောသည်။ ထိုငွေ၏ တစ်ဝက်ကို စိမ့်စင်းရွာတွင် အလှူအတန်းပြုလုပ်ပြီး ကျန်ငွေတစ်ဝက်ကိုမူ ထိုကျေးရွာမှ အပြီးစွန့်ခွာရန်အတွက် လမ်းစရိတ်အဖြစ် အသုံးပြုခဲ့သည်။
စိမ့်စင်းရွာတွင်ရှိနေစဉ် မကိုးဘဲအပါအဝင် ၎င်း၏ မိဘများသည် စိတ်နှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရသည်။ ထိုဖြစ်ရပ်ဆိုးကြီးဖြစ်ပွားရာ ဇာတိမြေကို စွန့်ခွာပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျေးရွာတစ်ခုတွင် ပြောင်းရွှေ့အခြေချနေသည်ဟု ၎င်းက ပြောသည်။
သို့သော် စိတ်ဒဏ်ရာများကို ကြိုးစား၍ ကုစားနေရပြီး ဆရာဝန်ညွှန်ကြားသည့် ဆေးများကိုလည်း ဆက်သောက်နေရဆဲဖြစ်သည်ဟု သူကပြောသည်။ ထို့ပြင် ထိတ်လန့်ကြောက်ရွံ့မှုများ မကြာခဏ ဖြစ်နေဆဲဖြစ်သည်။
၂၀၂၆ တွင် ပြည်ပတွင် အလုပ်လုပ်နေသည့် ခင်ပွန်းဖြစ်သူပြန်လာမည်ဖြစ်ပြီး ယခုအခြေချသည့် ကျေးရွာလေးတွင် မိသားစု စုံစုံညီညီဖြင့် အပူအပင်သောကကင်းစွာ ဖြတ်သန်းလိုကြောင်း ပြောသည်။
အတိတ်၏ ဖြစ်ရပ်ဆိုးများကို ပြန်ပြောင်းခြောက်လှန့်နိုင်သည့် အာရက္ခတပ်တော် AA ထိန်းချုပ်ထားရာ စိမ့်စင်းရွာသို့ ပြန်ရန်လုံးဝမစဉ်းစားတော့ဟု သူက ဆိုသည်။
အထူးသဖြင့် AA တပ်ရှိနေသရွေ့ ပြန်ရန်စဉ်စားတော့မည်မဟုတ်ကြောင်း သူက ပြောလိုက်သည်။
“အဲ့အကြောင်းကို ပြန်ပြောရင်တောင်မှ ကျွန်မ အဲ့ဒီနေရာကို ပြန်ရောက်သလို ခံစားရတယ်။ အဲ့ဒါကြောင့်မို့လို့ သူတို့နဲ့ ဝေးတဲ့နေရာကို ရောက်လေ ပိုကောင်းလေပဲ။ သူတို့ ရှိနေသရွေ့တော့ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး။ သူတို့ တစ်သက်လုံးရှိနေရင်လည်း တစ်သက်လုံး ပြန်လာမှာ မဟုတ်ဘူး”



