ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်လိုက်ပြီးနောက် ပလက်ဝဒေသအုပ်ချုပ်ရေးနှင့် ပတ်သက်၍ ချင်းပြည်ကောင်စီနှင့် အငြင်းပွားမှု ပိုဖြစ်လာသည်။
ပလက်ဝဒေသတွင် AA ၏ အုပ်ချုပ်ရေးလုပ်ငန်းများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ မလုပ်ရန် ချင်းပြည်ကောင်စီက ဇွန်လ ၁၀ ရက်က ထုတ်ပြန်ထားသည်။
ချင်းအမျိုးသားပိုင်နယ် နယ်မြေအတွင်း စစ်ရေးလှုပ်ရှား၊ ဖော်ဆောင်ခြင်း၊ အုပ်ချုပ်ရေးဖော်ဆောင်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ မလုပ်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုကြေညာချက်သည် AA ကို စစ်ရေးနှင့် နိုင်ငံရေးအားပြိုင်ရန် စိန်ခေါ်သည့် ထုတ်ပြန်ချက်မဟုတ်ဘဲ မေတ္တာရပ်ခံသည့်စာဟု ချင်းပြည်ကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဆလိုင်းပေါလ်က Myanmar Now ကို ပြောသည်။
ချင်းပြည်ကောင်စီ၏ ကြေညာချက်နှင့်ပတ်သက်၍ AA ၏ သဘောထားသိနိုင်ရန် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို Myanmar Now က စာပို့မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။
ပလက်ဝဒေသနှင့် ပတ်သက်သည့် အငြင်းပွားမှုများသည် အလေးထားရမည့်ကိစ္စဖြစ်သည်၊ အထောက်အထားဖြင့် ပြောဆိုရမည်ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။
“အထောက်အထားမရှိဘဲ နိုင်ငံရေးဆန်ဆန်အမြတ်ထုတ်မယ်၊ အသံပေးမယ်ဆိုရင် ကျွန်တော်တို့ တိုက်နေတဲ့လမ်းကြောင်းမှာ ချင်းအတွက်ရော၊ ရခိုင်အတွက်ပါ နစ်နာဆုံးရှုံးမှုတွေ များသွားမယ်၊ ကိုယ့်အချင်းချင်း စိတ်ဝမ်းကွဲသွားနိုင်တယ်” ဟု ဦးဖေသန်းက ပြောသည်။
လက်ရှိအချိန်သည် စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့် စစ်တပ်အုပ်ချုပ်မှုအောက်မှ လွတ်ကင်းရေး ဦးစားပေးရမည့် ကာလဖြစ်သည်၊ အငြင်းပွားမှုများ ရှိလျှင် တော်လှန်ရေးအင်အားစုအချင်းချင်း စားပွဲဝိုင်းထိုင် ဆွေးနွေးဖြေရှင်းရမည်ဟု ဦးဖေသန်းက ထောက်ပြသည်။
အငြင်းပွားမှုပြဿနာကို ဆွေးနွေးမည်ဆိုပါကလည်း တစ်ထိုင်တည်းဖြင့် ကိစ္စပြတ်မည့် အခြေအနေမရှိဟုလည်း ဦးဖေသန်းက ပြောသည်။
“ကျွန်တော်တို့အချင်းချင်းကတော့ ဆွေးနွေးရေးလမ်းကြောင်းကနေ ဖယ်ပြီး သွားဖို့မရှိပါဘူး” ဟု ဦးဖေသန်းက ပြောသည်။
ချင်းပြည်ကောင်စီဘက်ကလည်း AA ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပလက်ဝဒေသအရေး ဆွေးနွေးလိုသော်လည်း AA ထံ တရားဝင်စာပို့အကြောင်းကြားမှု မရှိသေးဟု ဆလိုင်းပေါလ်က ပြောသည်။
“ပလက်ဝနဲ့ပတ်သက်ရင် ပလက်ဝမှာရှိတဲ့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ULA/AA က ထိပ်ပိုင်းခေါင်းဆောင်တွေ စကားပြောပေးရမှာပေါ့။ ဒီဟာကို ဆွေးနွေးပြီးမှ ကျွန်တော်တို့က တာဝန်ယူမှုတာဝန်ခံမှုနဲ့ သွားရမယ့်ကိစ္စတွေဖြစ်တယ်။ အောက်ခြေမှာရှိတဲ့ ရဲဘော်တွေနဲ့ သွားဖြေရှင်းနေရင်တော့ မပြေလည်နိုင်ဘူး” ဟု သူက ပြောသည်။
ပလက်ဝဒေသတွင် ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ – မရာ (CDF-Mara)၊ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပလက်ဝ (CDF-Paletwa)၊ ချင်းညီနောင်အဖွဲ့၊ AA စသည့် အဖွဲ့မျိုးစုံ ရှိနေသည့် နေရာလည်းဖြစ်သည်။
ချင်းပြည်ကောင်စီသည် ချင်းအမျိုးသားတပ်ဦး (CNF) က ဦးဆောင်ဖွဲ့စည်းသည့် အဖွဲ့ဖြစ်သည်။ ထိုကောင်စီကို CNF မှ ကိုယ်စားလှယ် ၂၇ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦး၊ မြို့နယ်နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များမှ ကိုယ်စားလှယ် ၆၈ ဦးတို့ဖြင့် ဖွဲ့ထားသည်။
CNF ဦးဆောင်သည့် ချင်းပြည်ကောင်စီနှင့် အစိုးရဖွဲ့ရန် ကြိုးပမ်းမှုကို ကန့်ကွက်သည့် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့လည်း ရှိသည်။
အဆိုပါအဖွဲ့များမှာ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ (၁)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) တို့ ဖြစ်သည်။
ပလက်ဝဒေသတွင် AA သည် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေသည်ဟု ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO) က ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါကြေညာချက်သည် မမှန်သည့် သတင်းများဖြစ်ပြီး အထောက်အထားမရှိသော စွပ်စွဲချက်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က ဇွန်လ ၈ ရက်နေ့တွင် တုံ့ပြန်ကြေညာသည်၊ AA နှင့် ရခိုင်ပြည်သူများအတွက် အိမ်နီးချင်း၊ မိတ်ဆွေကောင်းပီသစွာ ဆက်လက်ရပ်တည်သွားမည်ဟု ကြေညာချက်တွင် ရေးသည်။
ထိုကြေညာချက်ထွက်ပြီးနောက် ၂ ရက်အကြာ ဇွန်လ ၁၀ ရက်တွင် ချင်းပြည်ကောင်စီကလည်း AA သည် ချင်းပြည်နယ်တွင် အတင်းအကျပ်စစ်သားစုခြင်း၊ အုပ်ချုပ်ရေးယန္တရားဖော်ဆောင်ခြင်း၊ လွတ်လပ်စွာပညာသင်ကြားခွင့်ကို ဟန့်တားခြင်းတို့ လုပ်နေသည်ဟု တန်ပြန်ကြေညာပြန်သည်။
AA ၏ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ပလက်ဝမြို့နယ်မှ ဒေသခံ ၄၀၀၀ ကျော်သည် ချင်းပြည်ကောင်စီထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဝင်ရောက်တိမ်းရှောင်လာကြောင်း ကောင်စီအထွေထွေအတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။
AA သည် ပလက်ဝဒေသစစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့ပြီး စစ်ကောင်စီ၏ ဗျူဟာကုန်းများကို ဆက်တိုက် သိမ်းပိုက်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပလက်ဝမြို့ရှိ ခလရ (၂၈၉) တပ်ရင်းဌာနချုပ်ကို သိမ်းပြီးနောက် ပလက်ဝမြို့နယ်တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားသည်။
ပလက်ဝမြို့နယ်တွင် ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ ချင်းလူမျိုး ၈၈,၀၀၀ ကျော်၊ ရခိုင်လူမျိုး ၁၈,၀၀၀ ကျော် နေထိုင်သည်။