ရွေးကောက်ပွဲ

ရွေးကောက်ပွဲမဲဆွယ်ကာလ ပဋိပက္ခကြောင့် လူတစ်ဦးသေဆုံး

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခုကို ဝန်းရံသူများအကြား ဖြစ်ပွားသည့် ပဋိပက္ခကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ပထမဆုံး လူတစ်ဦးသေဆုံးခဲ့သည်။

ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အောက်တိုဘာ ၂၂ ရက်က မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများ၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူ အမျိုးသားသည် ယနေ့ (အောက်တိုဘာ ၂၄) နံနက်ပိုင်းတွင် သေဆုံးသွားကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က Myanmar Now ကို ပြောသည်။

“ဟုတ်တယ်။ သေသွားပြီ။ ဆရာလည်း အိမ်ရောက်ခဲ့တယ်။ ရောက်ပြီးတော့ ငွေ ၅ သိန်း ကူညီပေးခဲ့ပြီးတော့ အခုပြန်လာခဲ့ပြီ။ အကုန်စီစဉ်စရာရှိတာ စီစဉ်ဖို့၊ လုပ်ကြဖို့ မှာကြားထားခဲ့ပြီးပြီ။ အမှုက ဖွင့်ထားပြီးသား။ အခုသေဆုံးမှုအတွက် ထပ်လုပ်ဖို့ ညွှန်ကြားခဲ့ပြီ” ဟု ၎င်းက ပြောသည်။

သေဆုံးသူမှာ ကာဘိုးကျေးရွာမှ အသက် ၃၈ နှစ်အရွယ် ကိုမျိုးမင်းစိုးဆိုသူဖြစ်ပြီး အောက်တိုဘာ ၂၂ ရက်တွင် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ၏ ရိုက်နှက်မှုကြောင့် ရရှိခဲ့ဒဏ်ရာဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ယနေ့နံနက်ပိုင်းတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖြစ်စဉ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွင် ပါဝင်သူများနှင့် ကာဘိုးကျေးရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထောက်ခံသူများအကြား အောက်တိုဘာ ၂၂ ရက်တွင် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများသည် တုတ်၊ ဓားများကိုင်ဆောင်ထားကာ ကာဘိုးကျေးရွာရှိ နေအိမ်တစ်လုံးနှင့် ဆိုင်ကယ် ၇ စီးအပြင် ကျေးရွာကိုဗစ်ကာကွယ်ရေး စစ်ဆေးရေးဂိတ်ကိုလည်း ဖျက်ဆီးခဲ့သဖြင့် ကျေးရွာကိုဗစ်ကာကွယ်ရေးကော်မတီက ဇီးကုန်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့သည်။ 

“ဆိုင်ကယ်တွေ ဖျက်ဆီးခံရတယ်။ အိမ်တစ်အိမ်ဖျက်ဆီးခံရတယ်။ ကိုဗစ်ကာကွယ်ရေးမောင်းတံတွေ ဖျက်တယ်ပေါ့ဗျာ။ ရိုက်တယ်နှက်တယ်ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်လည်း မတိုးရဲဘူး။ မြို့နယ်နဲ့ ခရိုင်ကို အကြောင်းကြားပြီးမှ သွားရဲတာ” ကာဘိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဌေးက ယမန်နေ့တွင် Myanmar Now ကို ပြောကြားသည်။ 

ကျေးရွာကိုဗစ်ကာကွယ်ရေးကော်မတီအနေဖြင့် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများအပြင် ပဋိပက္ခတွင် ပါဝင်ခဲ့သူ ဖျက်ဆီးခံခဲ့ရသည့် နေအိမ်ပိုင်ရှင်ကိုလည်း အမှုဖွင့်ခဲ့သည်ဟု ၎င်းက ပြောသည်။ 

ထိုနေ့နံနက် ၁၀ နာရီခန့်တွင် ပြည်ခိုင်ဖြိုးပါတီက ကာဘိုးကျေးရွာအတွင်း မဲဆွယ်စည်းရုံးရေးလှည့်လည်နေစဉ် NLD ထောက်ခံသူများကလည်း လမ်းဘေးမှနေ၍ သီချင်းများဖွင့်ခဲ့ပြီး ညနေဘက်တွင် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများက နောက်တစ်ခေါက်ပြန်လာပြီး ဆိုင်ကယ်များနှင့် နေအိမ်များကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

NLD ထောက်ခံသူများက လမ်းပိတ်ဆို့ပြီး ခဲဖြင့်စပေါက်ခဲ့ရာမှ ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည်ဟု ပြည်ခိုင်ဖြိုးပါတီထောက်ခံသူ ကိုအောင်သူထွန်းက ပြောသည်။ 

“ပါတီ (NLD) အင်္ကျီဝတ်ထားတဲ့လူငယ် ၄ ဦးက ယာဉ်တန်းကို ပိတ်ပြီး ရန်စောင်တဲ့အပြုအမူ လုပ်တယ်။ ကားကို ခဲနဲ့ထုပြီး အနားကအိမ်ထဲ ဝင်ပြေးသွားတယ်။ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေက အဲလူငယ်တွေကို ထုတ်ပေးဖို့ပြောတာ ထုတ်မပေးလို့ ဆိုင်ကယ်တွေဖျက်ဆီးလိုက်တာ” ဟု ၎င်းက ပြောသည်။ 

ကိုဗစ်စစ်ဆေးရေးဂိတ်တွင် လမ်းပိတ်ဆို့မှုဖြစ်နေသောကြောင့် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများက လမ်းတောင်းရာမှ ဒေသခံလူငယ်အချို့နှင့် ပဋိပက္ခဖြစ်ပွားပြီး ဒေသခံတစ်ဦးအရိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု နေအိမ်ဖျက်ဆီးခံခဲ့ရသူ ကိုသန်းထွန်းအောင်က ပြောသည်။ 

“အိမ်အမိုးတွေ စုတ်ပျက်သွားတယ်။ ခဲတွေကလည်း အကြီးကြီးတွေပဲ။ အိမ်ထဲမှာရှိတဲ့ ဆိုင်ကယ်တွေလည်း ရိုက်ချိုးခံရတယ်။ နာရီဝက်လောက် ဒီတိုင်းကြည့်နေရတယ်။ ဥပဒေစိုးမိုးရေးမရှိသလိုပဲ။ တော်တော်ကို ထိတ်လန့်တယ်” ဟု ၎င်းက ပြောသည်။ 

ယခုကဲ့သို့ မင်းမဲ့စရိုက်ဆန်ဆန် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများကို ရှုတ်ချကြောင်း၊ ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အခင်းဖြစ်ပွားရာ ကာဘိုးကျေးရွာသို့ သွားရောက်ကြည့်ရှုခဲ့သည့် စစ်တိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။ 

“ပါတီကို အရေးယူဖို့က ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်လိမ့်မယ်။ တို့က အဲဒီအထဲ ဝင်မပါဘူး။ ဒီလို မင်းမဲ့စရိုက်ဆန်ဆန်လုပ်တာတွေ၊ အကြမ်းဖက်မှုတွေဆို လုံးဝလက်သင့်ခံစရာ မရှိဘူး။ လုပ်ပါ မဲဆွယ်စည်းရုံးမှုတွေ၊ ဘယ်လိုပဲစည်းရုံးစည်းရုံး ပျော်ပျော်ပါးပါး စည်းရုံးကြပေါ့၊ အခုလိုလုပ်တာ လက်သင့်ခံစရာမရှိဘူး” ဟု ၎င်းက ပြောသည်။ 

အဆိုပါဖြစ်စဉ်တွင် ပါဝင်ပြီး အကြမ်းဖက်မှုကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်အရေးယူရန် တိုက်တွန်းထားသည်ဟုလည်း ဒေါက်တာမြင့်နိုင်က ဆိုသည်။

“ဖြစ်တဲ့ညက ကန့်ဘလူဆေးရုံကနေ မန္တလေးဆေးရုံကို လွှဲလိုက်တာ။ သူတို့ (သေဆုံးသူ၏မိသားစု) က လက်လုပ်လက်စားတွေပါ။ ဈေးရောင်းဈေးဝယ်လုပ်ပါတယ်။ အခုတော့ တရားမခံမပေါ်သေးလို့ လိုက်နေပြီ။ တုတ်၊ ဓားကိုင်တဲ့သူတွေကိုပါ လိုက်နေပြီ” ကာဘိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဌေးက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။ 

Show More

Related Articles

Back to top button