
အိမ်းနီးချင်းနိုင်ငံများနှင့် ကုန်သွယ်သည့် နယ်စပ်ဂိတ်များကို တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားချိန်တွင် နယ်စပ်ကုန်တင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာသန်းရာနှင့်ချီ ကျဆင်းသွားကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများတွင် တွေ့ရသည်။
၂၀၂၃ ဧပြီမှ ဒီဇင်ဘာအထိ ၉ လအတွင်း နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ ပို့ကုန်တင်ပို့မှုတန်ဖိုးသည် ဒေါ်လာ ၄ ဒသမ ၁ ဘီလျံကျော်ရှိခဲ့သည်။ ၂၀၂၂ ခုနှစ် ကာလတူ နှိုင်းယှဉ်ချက်တွင် ဒေါ်လာ ၄ ဒသမ ၅ ဘီလျံကျော် တင်ပို့နိုင်ခဲ့သည်ဟု ထိုဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ထားသော နယ်စပ်ကုန်သွယ်မှုစာရင်းတွင် ဖော်ပြထားသည်။
မြန်မာအနေဖြင့် ပင်လယ်ရေကြောင်းအပြင် ကုန်းမြေနယ်နိမိတ်ချင်း ဆက်စပ်နေသည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုမှ ကုန်သွယ်လျက်ရှိသည်။ ကာလတူနှိုင်းယှဉ်လျှင် ပို့ကုန်သွားပြီး သွင်းကုန် ဒေါ်လာ ၄၃၃ သန်းကျော် ပိုတင်သွင်းခဲ့သည်ကို တွေ့ရသည်။
စိုက်ပျိုးရေးထွက်ကုန်၊ မွေးမြူရေးနှင့် ရေထွက်ကုန်၊ သယံဇာတထွက်ကုန်များကို တင်ပို့လျက်ရှိရာ တရုတ်ကိုတင်ပို့မှု ဒေါ်လာ ၁၅၇ သန်း၊ ထိုင်းကို ၁၇၈ သန်း၊ ဘင်္ဂလားဒေ့ရှ်ကို ၉ သန်းနှင့် အိန္ဒိယကို ၆ သန်းခန့် အသီးသီး ကျဆင်းသွားသည်ကို ထိုစာရင်းအရ တွေ့ရသည်။
နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် တိုက်ပွဲများဖြစ်နေခြင်းကြောင့် ကုန်သွယ်မှုမြှင့်တင်ရန် ခက်ခဲနေကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မြန်မာ့ကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် နော်မူတာကပေါက ပြီးခဲ့သည့်လတွင် Myanmar Now ကို ပြောသည်။
“ကုန်သွယ်မှုမြှင့်တင်ဖို့အတွက်က ကုန်သွယ်လမ်းကြောင်းတွေ လျင်မြန်ဖို့၊ လုံခြုံဖို့၊ ချောမွေ့ဖို့လိုတာပေါ့။ အဲ့ဒါကျတော့ နည်းနည်းလေး အခက်အခဲတော့ရှိတာပေါ့။ (ကုစားဖို့ နည်းလမ်းတွေ) လုပ်နေတာရှိပါတယ်” ဟု ၎င်းက ဆိုသည်။
မည်သည့်နည်းလမ်းများ ဆောင်ရွက်နေသည်ကို အသေးစိတ်ဖြေဆိုခြင်းမရှိပါ။
မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မာ၏ အကြီးဆုံးကုန်သွယ်ဖက် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ထားသည်။ နိုင်ငံအနောက်ပိုင်း အိန္ဒိယ၊ တောင်ပိုင်း ထိုင်းနိုင်ငံတို့နှင့်လည်း ကုန်စည်ပို့ဆောင်ရေးလမ်းများ ဖြတ်တောက်ခံထားရသည်။
အောက်တိုဘာ ၂၇ ရက်နေ့တွင် ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က စစ်ဆင်ရေးစတင်ကြောင်း ကြေညာလိုက်ပြီး မကြာမီ မြန်မာနှင့် တရုတ်နယ်စပ်တွင် အကြီးဆုံး မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ဂိတ်ကို သိမ်းပိုက်ထားသည်။
လက်နက်ကိုင်ခုခံမှုအားကောင်းသော စစ်ကိုင်းတိုင်းနှင့် မဏိပူပြည်နယ်ကြားရှိ တမူးနယ်စပ်ဂိတ်မှာ တိုက်ပွဲများကြောင့် ကုန်သွယ်မှုမရှိသလောက် နည်းသွားသည်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်နယ်စပ်ကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၁၂ တွင် သိမ်းပိုက်ထားသည်။
ထိုင်းနှင့် ကုန်သွယ်သည့်ဂိတ်အချို့မှလွဲ၍ အခြားနယ်စပ်လမ်းကြောင်းအားလုံး ကုန်သွယ်မှုအခက်အခဲရှိနေသည်။ ထို့ကြောင့် နယ်စပ်ကုန်သွယ်ရေးမှ စစ်ကောင်စီရရှိနေသည့် နိုင်ငံခြားဝင်ငွေနှင့် အခွန်အခများဆုံးရှုံးနိုင်ကြောင်း မန္တလေးမြို့မှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
သွင်းကုန်များကို မှီခိုရသည့် မြန်မာနိုင်ငံသည် ကုန်ကြမ်းပစ္စည်းကို ပြည်ပမှ အဓိကတင်သွင်းရပြီး လမ်းကြောင်းများပြတ်တောက်နေ၍ ကုန်ဈေးနှုန်းကြီးမြင့်လာကာ သယ်ယူပို့ဆောင်စရိတ်များလည်း မြင့်တက်လာသည်ဟု သူက ထောက်ပြသည်။
“ကုန်သွယ်ရေးလမ်းကြောင်းတွေကို အမြန်ဆုံးပြန်ဖွင့်စေချင်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကပဲ စီမံပြီးတော့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေ အရမ်းခက်ခဲလာလိမ့်မယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုလုပ်ငန်းရှင်က ပြောသည်။
နယ်စပ်လမ်းကြောင်းများ ပြတ်တောက်နေချိန် မှောင်ခိုကုန်သွယ်မှုပိုမိုခေါင်းထောင်လာနိုင်သည်ဟု ကုန်သည်များက ဆိုသည်။
စက်သုံးဆီ၊ စားသုံးဆီတို့အတွက် နိုင်ငံခြားငွေ အများအပြား သုံးစွဲနေရသည်၊ အာဏာသိမ်းကတည်းက
ပြည်ပချေးငွေများ မရတော့ကြောင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်းတို့ မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များကို ဇန်နဝါရီ ၇ ရက်နေ့ ခေါ်တွေ့စဉ် ပြောသည်။
“စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများစွာကို ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပို့ကုန်မှရသည့် ငွေကြေးများမှ လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း” စစ်ခေါင်းဆောင်က ပြောသည်ဟု သိရသည်။