မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မြေဧက ၃၀၀,၀၀၀ ကျော်တွင် အကောင်အထည်ဖော်မည့် သတ္တုစမ်းသပ်ရှာဖွေရေးစီမံကိန်းကို ရပ်တန့်ပေးနိုင်သူကိုသာ မဲပေးမည်ဟု ဒေသခံများက တောင်းဆိုလိုက်သည်။
ခေါင်လန်ဖူးဒေသအတွင်း သတ္တုစမ်းသပ်ရှာဖွေရေးနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာရေး ပြုလုပ်ရန် ဩစတေးလျကုမ္ပဏီ Fortuna Metals ကုမ္ပဏီက ခွင့်ပြုချက်ရရှိထားပြီး ယင်းစီမံကိန်းကြောင့် ဒေသခံများ ဘိုးဘွားစဉ်ဆက် မှီခိုလုပ်ကိုင်စားသောက်လာခဲ့သည့် သဘာဝသစ်တောများ ဖျက်ဆီးခံရမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ခေါင်လန်ဖူးဒေသတွင် ဝင်ရောက်ရွေးကောက်ခံကြမည့် နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းများကို လိုက်လံတွေ့ဆုံခြင်း၊ မဲဆွယ်လာသည့်အခါ စီမံကိန်းရပ်တန့်ပေးအောင် တောင်းဆိုသည့် လှုပ်ရှားမှုများကိုလည်း ဒေသခံများက ယခုလဆန်းပိုင်းမှစ၍ လုပ်ဆောင်လျက်ရှိကြသည်။
ရွှေ၊ ကြေးနီးနှင့် ဆက်စပ်သတ္တုများ စမ်းသပ်တိုင်းတာရှာဖွေရေးလုပ်ကွက် နှစ်ခုအတွက် မြေဧက ၃၀၀,၀၀၀ ကျော်ကို Fortuna Metals ကုမ္ပဏီက ၂၀၁၈ တွင် လျှောက်ထားခဲ့ပြီး ၂၀၁၉ နိုဝင်ဘာတွင် စမ်းသပ်ရှာဖွေခြင်းနှင့် လေ့လာခွင့် ရရှိခဲ့သည်။
ထိုသို့ ခွင့်ပြုချက် ရရှိပြီးနောက် ခေါင်လန်ဖူးဒေသခံများနှင့် ကချင်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းအချို့က စီမံကိန်းကို ဆက်တိုက်ကန့်ကွက်နေခဲ့သည်။
သတ္တုရှာဖွေရေးလုပ်ငန်းဆောင်ရွက်ရန် လျာထားသည့် ဧရိယာအတွင်း ဒေသခံများ၏ လယ်မြေများပါဝင်နေပြီး ၎င်းတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပျက်စီးမည်ကို မလိုလားကြောင်း အသက် ၃၀ အရွယ် ခေါင်လန်ဖူးဒေသခံ ခင်ရမ်တီးရမ်က Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့က တောကိုပဲ အားကိုးနေရတာ။ ဘိုးဘွားတွေ လက်ထက်ကတည်းက ရှိနေတာ။ ကျွန်တော်တို့လည်း သံယောဇဉ် ရှိတယ်။ မဖျက်ဆီးစေချင်ဘူး။ အခုတက်လာမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒေသခံတွေရဲ့ လိုအင်ဆန္ဒကို လုပ်ပေးနိုင်မယ့်လူကို လက်ခံမဲပေးမယ်။ မလုပ်ပေးနိုင်ဘူးဆိုရင် လူကောင်းဖြစ်လည်း မလိုလားဘူး” ဟု ခင်ရမ်တီးရမ်က ပြောသည်။
ကုမ္ပဏီ၏ သတ္တုရှာဖွေရေးစီမံကိန်းဧရိယာအတွင်း ကျေးရွာပေါင်း ၉၀ ကျော် ပါဝင်နေပြီး ဒေသခံ လူဦးရေ ၈,၀၀၀ ကျော် မှီခိုနေထိုင်သည့် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများ ပျောက်ဆုံးသွားမည်ကို စိုးရိမ်သည်ဟု ဒေသခံများ ၇၀ ကျော်က လာရောက်ပြောဆိုကြောင်း ခေါင်လန်ဖူးမြို့နယ်တွင် ရွေးကောက်ပွဲပြိုင်မည့် ကိုယ်စားလှယ်လောင်း ဆီဒီးဆားရ် (ခ) ဒီးရမ်က Myanmar Now ကို ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားပြု ဆီဒီးဆားရ်သည် ခေါင်လန်ဖူးမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စည်းရုံးရေးဆင်းသည့်အခါ ခေါင်လန်ဖူးဒေသခံများက သတ္တုစမ်းသပ်ရှာဖွေရေးစီမံကိန်းကို ကန့်ကွက်ကြောင်း၊ ရပ်ဆိုင်းပေးရေး လုပ်ဆောင်ပေးနိုင် မပေးနိုင် မေးခွန်းထုတ်ကြကြောင်း ၎င်းက ဆိုသည်။
“ဒီစီမံကိန်းလုပ်တာက သူတို့ကို မောင်းထုတ်တာလို့ ပြောကြတယ်။ ရွေးကောက်ခံရရင် ရပ်ဆိုင်းပေးဖို့ ပြောကြတယ်။ ဒီစီမံကိန်းက အခုမှ စမ်းသပ်ကာလပဲ ရှိသေးတယ်။ စမ်းသပ်ကာလ ပြီးသွားရင် ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်မှာ ခွင့်ပြုမှ ရမှာ။ ကျွန်တော်တို့အစိုးရအနေနဲ့ ချက်ချင်းတော့ တူးဖော်ခွင့်ပေးမှာ မဟုတ်ဘူး။ ကျွန်တော်တို့က ပြည်သူလူထုသဘောဆန္ဒအရပဲ လုပ်မှာပါလို့ ဖြေရှင်းပေးထားတယ်” ဟု ဆီဒီးဆားရ်က ပြောသည်။
ခေါင်လန်ဖူးဒေသတွင် NLD၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
လက်ရှိတွင် စမ်းသပ်ရှာဖွေရေးစီမံကိန်း ရပ်တန့်ပေးရေးကို ၎င်းတို့ထံ မဲဆွယ်စည်းရုံးရေးလာသည့် NLD နှင့် KSPP ကိုယ်စားလှယ်လောင်းများအပြင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးကို တောင်းဆိုထားကြောင်း၊ မဲဆွယ်စည်းရုံးမှု မလာသည့် ကျန်ပါတီကိုယ်စားလှယ်များနှင့် မတွေ့ဆုံရသေးကြောင်း ၃၂ နှစ်အရွယ် ဒေသခံတစ်ဦးဖြစ်သူ ရင်ထန်ယုံခါးက Myanmar Now ကို ပြောသည်။
မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၈,၀၀၀ ကျော်ရှိ သစ်တောအတွင်း နှစ်ရှည်ပင်စိုက်ပျိုးရေး၊ ဝါး၊ ကျောက်ဆောင်ပျားနှင့် သစ်ခေါင်းပျားမွေးမြူရေး စသည့်လုပ်ငန်းများမှာ ဒေသခံတို့၏ နေထိုင်စားသောက်မှုအတွက် မှီခိုအားထားရာ ဖြစ်သည်။
ရှစ်လလျှင်တစ်ကြိမ် တူးဖော်ရသော ချားချီဆေးမြစ်၊ ရှီးပတီး၊ ဂျင်စင်း၊ ခမ်းတောက်ဆေးမြစ်ကဲ့သို့သော ရိုးရာတိုင်းရင်းဆေးမြစ်စိုက်ခင်းများ၊ လှေကားထစ်စိုက်ပျိုးရေးလုပ်ငန်းများကဲ့သို့သော တောင်ယာလုပ်ငန်းများမှာ ယခုသတ္တုရှာဖွေရေးစီမံကိန်းနေရာတွင် အများဆုံးလုပ်ကိုင်ကြခြင်း ဖြစ်သည်။
အဆိုပါလုပ်ငန်းများသည် ဒေသခံများ၏ အဓိကဝင်ငွေရလမ်း ဖြစ်သောကြောင့် သတ္တုရှာဖွေရေးစီမံကိန်းကို ဆက်လက်ကန့်ကွက်သွားမည်ဟု ရင်ထန်ယုံခါးက ပြောသည်။
“ဒီဒေသမှာ တခြားစီးပွားရေး မကောင်းဘူး။ တောင်ယာလုပ်ငန်းကိုပဲ လုပ်ကြတာ။ အဲဒီစီမံကိန်းဧရိယာထဲမှာ နေတဲ့လူတွေကို ရွှေ့စရာနေရာ မရှိဘူး” ဟု ၎င်းက ပြောသည်။
KSPP အနေဖြင့် ခေါင်လန်ဖူးဒေသတွင် ပြုလုပ်မည့် စီမံကိန်းကို သဘောတူမည် မဟုတ်ဘဲ ရွေးကောက်ပွဲအောင်နိုင်ပါက ဒေသခံများ၏ သဘောထားအတိုင်း ဖြစ်မြောက်အောင် ဆောင်ရွက်မည်ဟု ပါတီဒုတိယဥက္ကဋ္ဌ ကွမ်ဂေါင်အောင်ခမ်းကပြောသည်။
“ဒီဒေသက ဧရာဝတီမြစ်ညှာဘက်မှာရှိတဲ့ ရေခဲတောင်ဒေသ ဖြစ်ပါတယ်။ စီမံကိန်းကြောင့် ရေတွေလည်း ခန်းခြောက်လာမယ့် သဘောပါ။ သစ်တော၊ သဘာဝသယံဇာတတွေလည်း နဂိုအတိုင်းပဲ ရှိစေချင်ပါတယ်။ ကချင်ပြည်နယ်ရဲ့ ပုံရိပ်တွေဖြစ်ပါတယ်။ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး လုံးဝကန့်ကွက်သွားမယ်” ဟု ကွမ်းဂေါင်အောင်ခမ်းက ပြောသည်။
Fortuna ကုမ္ပဏီကို စမ်းသပ်တိုင်းတာမှု ပြုလုပ်ရန်သာ ခွင့်ပြုထားခြင်းဖြစ်ပြီး တူးဖော်လုပ်ကိုင်ခွင့်မပေးရသေးကြောင်း၊ လုပ်ငန်းသဘောတူစာချုပ်အတွက် ပြင်ဆင်ဆောင်ရွက်ဆဲ အဆင့်တွင်သာ ရှိသေးကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေက ၂၀၂၀ မေလ ၂၀ တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတစ်ခုတွင် ရှင်းလင်းပြောဆိုထားသည်။
ဒေသခံများ၏ လယ်ယာမြေများ ပါဝင်နေသောကြောင့် သတ္တုစမ်းသပ်ရှာဖွေရေးနှင့် ဖြစ်မြောက်မှုလေ့လာရေး လုပ်ငန်းများကို ယခုအချိန်တွင် ရပ်ဆိုင်းထားသည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဇူလိုင် ၁၇ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ သို့သော် စီမံကိန်းနှင့် ပတ်သက်သည့် အလားအလာများကို ဆက်လက်ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
Fortuna Metals ကုမ္ပဏီ၏ သတ္တုရှာဖွေရေးစီမံကိန်း လုပ်ကွက် (၁) ဧရိယာအတွင်း ရွာပေါင်း ၅၂ ရွာ၏ မြေယာ ဧကပေါင်း ၆၂,၉၈၉ ဧက ပါဝင်နေကြောင်း၊ လုပ်ကွက် ၂ ဧရိယာအတွင် ရွာပေါင်း ၄၈ ရွာ၊ မြေဧကပေါင်း ၄၃,၆၂၂ ဒသမ ၁၃ ဧက ပါဝင်နေကြောင်း ကချင်ပြည်နယ်အစိုးရ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာချက်များအရ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မရှော့ခူးကျေးရွာအုပ်စုမှလွဲ၍ ကျန်နေရာအားလုံးတွင် ရွေးကောက်ပွဲကျင်းပနိုင်မည် ဖြစ်သည်။
ခေါင်လန်ဖူးမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၈,၉၀၀ ကျော်ရှိပြီး ရွေးကောက်ပွဲမကျင်းပနိုင်သည့် မရှော့ခူးကျေးရွာသည် လူနေထိုင်ခြင်းမရှိတော့သော ရွာပျက်တစ်ခု ဖြစ်သည်ဟု ခေါင်လန်ဖူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။