ရွေးကောက်ပွဲ

မွန်အမျိုးသမီးပါတီက ဧရာဝတီတိုင်းတွင် ၅ နေရာဝင်ပြိုင်မည်

၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၉၀ ကျော်အနက် အမျိုးသမီးများဖြင့်သာ သီးသန့်ဖွဲ့စည်းထားသည့် အမျိုးသမီးပါတီ (မွန်) (Women Party (Mon) သည် ဧရာဝတီတိုင်းဒေသကြီးတွင် ၅ နေရာအထိ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် မွန်အမျိုးသမီးပါတီသည် ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ ကျောင်း ကုန်းနှင့် ငပုတောမြို့နယ် မဲဆန္ဒနယ်များတွင် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်နေရာများအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။ 

ပါတီဥက္ကဋ္ဌ မိသန်းရှင်( ခ) မိလယိုင်မွန်က ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်မည် ဖြစ်ပြီး ပါတီကိုယ်စားလှယ်လောင်းများဖြစ်သည့် ဒေါ်တင်ဇာလွင်၊ ဒေါ်ခင်စမ်းလှိုင်၊ မိတင်တင်ထွေးနှင့် ဒေါ်အေးဝင်းတို့က တိုင်းဒေသကြီးလွှတ်တော်နေရာများအတွက် ဝင်ပြိုင်မည်ဖြစ်သည်။ 

မွန်ပြည်နယ်ရှိ မဲဆန္ဒနယ်များတွင် မွန်နိုင်ငံရေးပါတီများနှင့် ထိပ်တိုက်မတွေ့ရှိစေရန် ဧရာဝတီတိုင်းတွင် ဝင်ပြိုင်ခြင်းဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ မိသန်းရှင်က ဩဂုတ်လအတွင်း မွန်သတင်းအေဂျင်စီကို ပြောကြားထားသည်။ 

“မွန်ပါတီတွေရှိတဲ့နေရာမှာ ကျွန်မတို့ဝင်မပြိုင်ဘူးလို့ ညှိနှိုင်းထားပြီးသားပဲလေ။ ၂၀၁၅ တုန်းက ကြုံခဲ့ရပြီးပြီဆိုတော့ မွန်ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိတဲ့နေရာမှာပဲ ကျွန်မတို့ဝင်ပြိုင်မယ်ဆိုပြီး ဧရာဝတီတိုင်းဒေသကြီးဘက်ကို လာခဲ့တယ်” ဟု ၎င်းက ပြောသည်။ 

ဧရာဝတီတိုင်းဒေသကြီးအတွင်း မွန်အမျိုးသမီးပါတီ ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ( UDP)၊ ပြည်သူ့ပါတီ(PP) ၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ၊ လူ့ဘောင်သစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မြန်မာနိုင်ငံ တောင်သူလယ်သမား၊ အလုပ်သမားပြည်သူ့ပါတီတို့အပြင် တိုင်းရင်းသားပါတီများဖြစ်သော ကရင်အမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ရွေးကောက်ပွဲအနိုင်ရရှိပါက အမျိုးသမီးများအခွင့်အရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဟု မွန်အမျိုးသမီးပါတီ ကိုယ်စားပြုကာ ကျောင်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်စန်းလှိုင်က Myanmar Now ကို ပြောသည်။ 

“ကျွန်မတို့ အမျိုးသမီးပါတီ(မွန်) ဆိုပေမဲ့ တစ်နိုင်ငံလုံးက အမျိုးသမီးတွေအရေး ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ပြောသည်။ 

အမျိုးသမီးပါတီ (မွန်) ၏ မူဝါဒများတွင် အမျိုးသမီးများ တန်းတူအခွင့်အရေး ရစေရန် ၊ ကမ္ဘာပေါ်ရှိ အမျိုးသမီးအားလုံးနှင့် ကွန်ရက်ချိတ်ဆက်ဆောင်ရွက်သွားရန်ဟု ပါရှိပြီး နိုင်ငံရေးနှင့် စီးပွားရေးအပြင် လယ်ယာ၊ အလုပ်သမား၊ ပညာရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ လူငယ်၊ အမျိုးသမီး၊ မသန်စွမ်းသူများ အရေးတို့ကို ဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြထားသည်။ 

“သူတို့မှာလည်း သူတို့ရဲ့ရည်ရွယ်ချက် ရှိမှာပါ။ လွတ်လပ်စွာယှဉ်ပြိုင်ခွင့် ရှိပါတယ်။ ဒီမိုကရေစီခေတ်မှာတော့ ပါတီစုံ ရွေးကောက်ပွဲတွေ လုပ်ကြတဲ့အခါမှာ လွတ်လပ်စွာဝင်ပြိုင်ခွင့် ရှိတာပဲလေ” ဟု လက်ရှိ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ပါးဖြစ်သူ အာဏာရ NLD ပါတီကိုယ်စားပြုကာ တိုင်းဒေသကြီးလွှတ်တော်နေရာအတွက် ကျောင်းကုန်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဝင်းဌေးက မွန်အမျိုးသမီးပါတီနှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။ 

၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် အမျိုးသမီးသီးသန့် အမျိုးသမီးပါတီ( မွန်) သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်ရရှိခဲ့ခြင်း မရှိပေ။ 

မွန်ဘာသာဖြင့် ဗော်ညးဗြဲ(မန်) ဟု ခေါ်ဆိုသည့် အမျိုးသမီးပါတီ (မွန်) ၏အမှတ်တံဆိပ်မှာ ရွှေဟင်္သာမောင်နှံပုံဖြစ်ပြီး အနီရောင်နောက်ခံဖြင့် ပါတီအလံတွင်လည်း ရွှေဟင်္သာမောင်နှံပုံနှင့် အဖြူရောင်ကြယ်ပွင့်ပုံ ထည့်သွင်းထားသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၌ နိုင်ငံရေးပါတီ ၂၂ ပါတီမှ ကိုယ်စားလှယ်လောင်း ၅၂၆ ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၆ သန်းရှိသည့် ဧရာဝတီတိုင်းဒေသကြီးတွင် အောက်တိုဘာ ၁၄ အထိ စာရင်းများအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄ ဒသမ ၅ သန်းကျော်ရှိသည်ဟု တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးမြင့်နိုင်က ပြောသည်။ 

Show More

Related Articles

Back to top button