သတင်း

အစိုးရကို ဝေဖန်သည့်စာများ Mytel ဖုန်းနံပါတ်များမှတစ်ဆင့် ပေးပို့နေ

လက်ရှိအစိုးရအပေါ် ဝေဖန်ထားသည့် စာသားများပါသော ဖုန်းမက်ဆေ့များကို Mytel ဖုန်းနံပါတ်များထံမှ အောက်တိုဘာလဆန်းပိုင်းအတွင်းက လက်ခံရရှိခဲ့သည်ဟု မိုဘိုင်းဖုန်းအသုံးပြုသူအချို့က ပြောသည်။ 

“ကိုဗစ်လူနာနဲ့ သေဆုံးသူဦးရေဟာ နေ့စဉ်တိုးလာနေပါပြီ ပြည်သူတွေရဲ့ကျန်းမာရေးနဲ့ အသက်က အရေးကြီးသလား အာဏာတည်မြဲရေးက အရေးကြီးသလား စဉ်းစားချိန်တန်ပြီ” ဆိုသည့် စာသားနှင့်အတူ ဝက်ဘ်ဆိုက်လင့်တစ်ခုကို ဖုန်းမက်ဆေ့အနေဖြင့် Mytel ဖုန်းနံပါတ်များမှတစ်ဆင့် ပေးပို့နေခြင်းဖြစ်သည်။

“အောက်တိုဘာ ၁၁ နေ့လယ်မှာ ဖုန်းကို (မက်ဆေ့) ဝင်လာတယ်။ ကျွန်မဖုန်းကတော့ တယ်လီနောဖုန်းပါ။ ပို့တဲ့ဖုန်းကို ပြန်ခေါ်ကြည့်တော့ မကိုင်ဘူး။ မြည်နေပြီး မကိုင်ဘူးဖြစ်တယ်။ တစ်ခါတလေကျရင် ဖုန်းကို ပိတ်ထားတယ်။ နောက် ကျွန်မရဲ့ တခြားမိတ်ဆွေတွေထဲကပဲ လေး၊ ငါးယောက်ဆီလည်း ရောက်တယ်” ဟု ဖုန်းမက်ဆေ့လက်ခံရရှိခဲ့သူ ဒေါ်အိဖြူစင်က Myanmar Now ကို ပြောသည်။ 

နိုဝင်ဘာ ၈ တွင် ကျင်းပတော့မည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆွယ်ကာလဖြစ်သည့် စက်တင်ဘာနှင့် အောက်တိုဘာသည် ကိုဗစ်နိုင်တင်းကူးစက်မှု အရှိန်မြင့်နေသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်သည့်အချိန်အထိ ရွေးကောက်ပွဲရွှေ့ဆိုင်ခြင်းမရှိသည့်အတွက် အစိုးရအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။ 

“အခု ဒီလိုမျိုးဖုန်းနံပါတ်ကြီးနဲ့ ကျွန်မတို့ဆီကို ဒါမျိုးကြီး လာပို့တယ်ဆိုတာ လုံးဝကိုမကြိုက်ဘူး။ မကြိုက်တဲ့အပြင် ဒီလုပ်ရပ်ဟာ တော်တော်ကြီးကို အောက်တန်းကျတယ်လို့ပဲ ယူဆတယ်” ဟု ဒေါ်အိဖြူစင်က ပြောသည်။

အဆိုပါစာသားများဖြင့် ဖုန်းမက်ဆေ့ကို ရန်ကုန် သာကေတမြို့နယ်တွင် နေထိုင်သည့် ကိုစည်သူကိုကလည်း အောက်တိုဘာ ၉ တွင် လက်ခံရရှိခဲ့သည်ဟု ဆိုသည်။

“ကျွန်တော် တစ်ယောက်တည်း ထင်ပြီးတော့ အခြားသူများရှိဦးမလားဆိုပြီး အွန်လိုင်းပေါ် တင်လိုက်သေးတယ်။ အခြား တစ်ယောက်၊ နှစ်ယောက်လည်း သူတို့ကို အဲ့ဒီလိုပို့တယ်ဆိုပြီး (ကွန်းမန့်) ဝင်မန့်ထားတာတွေ့တယ်” ဟု အော်ရီဒူးဖုန်းနံပါတ် အသုံးပြုသူ ကိုစည်သူကိုက ပြောသည်။

ဖုန်းမက်ဆေ့တွင် ပါဝင်သည့် ဝက်ဘ်ဆိုက်လင့်ကို ဝင်ကြည့်သည့်အခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Facebook တွင် တင်ထားသည့် ပို့စ်တစ်ခုဆီ ရောက်သွားသည်ဟုလည်း ၎င်းက ဆိုသည်။  

“ဒီဟာက နည်းဗျူဟာအသစ်လို့ ထင်တယ်ဗျ။ နားမလည်တဲ့သူတွေ အသက်ကြီးတဲ့သူတွေအနေနဲ့ ဒီစာကိုတွေ့တဲ့အခါမှာ သူတို့လုပ်တာ အောင်မြင်နိုင်တယ်” ဟု ၎င်းက ပြောသည်။ 

ထို့အပြင် “ပြည်သူလူထုအနေနဲ့ ကိုယ့်တိုင်းပြည်အခြေအနေကို ဘယ်လိုသဘောပေါက်ထားကြပါသလဲ အဘက်ဘက်က ပြည့်စုံပြီး အေးချမ်းသာယာ ပျော်ရွှင်နေချင့်စဖွယ်ဖြစ်နေပြီလို့ ထင်ပါသလား” ဆိုသည့် စာသားများကိုလည်း Mytel ဖုန်းနံပါတ်များဖြင့် ပေးပို့နေခြင်း ရှိကြောင်း မက်ဆေ့လက်ခံရရှိသူများက လူမှုကွန်ရက် Facebook တွင် တင်ထားသည်ကို တွေ့ရသည်။

အထက်ပါ ဖုန်းမက်ဆေ့များကို လက်ခံရရှိခဲ့သည့် မိုဘိုင်းဖုန်းအသုံးပြုသူ ၁၅ ဦးက တင်ထားသည့်အချက်အလက်များကို Myanmar Now က စစ်ဆေးကြည့်ရာတွင် မတူညီသော Mytel ဖုန်းနံပါတ်များ ဖြစ်နေသည်ကို တွေ့ရပြီး အောက်တိုဘာလဆန်းပိုင်းတွင် ပေးပို့ထားခြင်း ဖြစ်သည်။ 

ထို့အပြင် ဆက်သွယ်ရေးအော်ပရေတာများက ၎င်းတို့၏ ဝန်ဆောင်မှုအသုံးပြုသူများထံ ပေးပို့သည့်အခါ သုံးသည့် ဖုန်းနံပါတ်များ မဟုတ်သည်ကိုလည်း တွေ့ရသည်။ 

အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ဆက်သွယ်ရေးအော်ပရေတာ Mytel ကုမ္ပဏီကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်မှု မရရှိခဲ့ပါ။ 

ဆက်သွယ်ရေးအော်ပရေတာများက အဆိုပါ ဖုန်းမက်ဆေ့များကို ရည်ရွယ်ချက်ရှိရှိ ပေးပို့နေပါက အရေးယူမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ဆိုသည်။ 

လက်ရှိတွင် မိုဘိုင်းဖုန်းအသုံးပြုသူအချင်းချင်း ဖုန်းမက်ဆေ့ပေးပို့သည့် ပုံစံမျိုးသာ တွေ့ရသည့်အတွက် ဦးစီးဌာနအနေဖြင့် အရေးမယူနိုင်သော်လည်း နစ်နာသူများက ဆက်သွယ်ရေးဥပဒေနှင့်အညီ တိုင်ကြားနိုင်ကြောင်း ဦးမျိုးဆွေက Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့ သုံးသပ်ကြည့်တာတော့ (ဖုန်းနံပါတ်) လေး၊ ငါးလုံးပဲ တွေ့တယ်။ Mytel ရဲ့နံပါတ် လေး၊ ငါးခုကနေ ပို့ခဲ့တဲ့ ဟာလေးတွေပေါ့။ အများကြီးတော့ မတွေ့ဘူး။ ထောင်နဲ့ သောင်းနဲ့ချီပြီး လုပ်တာဆိုရင်တော့ ရည်ရွယ်ချက်ရှိရှိ လုပ်တာပေါ့နော်။ အော်ပရေတာတွေက တကယ်ရည်ရွယ်ချက်ရှိရှိ လုပ်တာဆိုရင် အရေးယူရမှာပေါ့။ အခုက တစ်ဦးတစ်ယောက်ချင်းစီက ပို့တာဆိုတော့ နစ်နာသူက တိုင်ရမှာပါ” ဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆိုက်ဘာမှုခင်းဌာနမှူး ရဲမှူးကြီးညွန့်ဝေကလည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ တိုင်ကြားသူ တရားလိုရှိမှသာ အရေးယူဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း DVB သတင်းဌာန၏ အောက်တိုဘာ ၁၂ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

Mytel (Telecom International Myanmar Co., Ltd) ၏ အစုရှယ်ယာများကို ဗီယက်နမ်စစ်တပ်ပိုင် Viettel က ၄၉ ရာခိုင်နှုန်း ၊ မြန်မာတပ်မတော်၏ စီးပွားရေးလက်ခွဲ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ Star High ကုမ္ပဏီက၂၈ ရာခိုင်နှုန်း၊ Myanmar National Telecom Holdings Public Limited (MNTH) က ကျန် ၂၃ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

Mytel သည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက်ဆက်သွယ်ရေးကုမ္ပဏီဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် လုပ်ငန်းလိုင်စင်ရရှိကာ ၂၀၁၈ အစောပိုင်းတွင် လုပ်ငန်းစတင်လည်ပတ်ခဲ့သည်။

Show More

Related Articles

Back to top button