သတင်း

လက်နက်ကြီးကြောင့် လောက်ကိုင်မြို့ခံ ၈ ဦး သေဆုံး

ခရစ္စမတ်နေ့က ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့တွင် လက်နက်ကြီးဒဏ်ကြောင့် ဒေသခံ ၈ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့သည်ဟု ကိုးကန့်တပ်မတော် (MNDAA) က နောက်တစ်နေ့တွင် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်နှစ်လုံး တုန်ချိန်ရပ်ကွက်၊ ဟမ်ကွမ့်ဟိုတယ်အနီး ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်ဟု MNDAA က ဆိုသည်။

သေဆုံးသူများမှာ တိုက်ပွဲဖြစ်ပွားနေချိန် မြို့မှ ထွက်မပြေးဘဲ အိမ်စောင့်ကျန်နေသူများဖြစ်သည်ဟု လောက်ကိုင်တွင် နေထိုင်ခဲ့ဖူးသူ အမျိုးသားတစ်ဦးက လောက်ကိုင်မြို့တွင်းရှိ ဒေသခံအချို့ကို ကိုးကားပြီး ပြောသည်။

“ဈေးသွားဝယ်နေကြတာလို့ပြောတယ်၊ အကုန်လုံးက မြိုခံတွေပဲတဲ့။ တုန်ချိန်က ကိုးကန့်အဖွဲ့တွေရှိတော့ (စစ်ကောင်စီ) ဟိုဘက်က လှမ်းပစ်တာ”

MNDAA က ထုတ်ပြန်သည့် သတင်းဓာတ်ပုံများအရ သေဆုံးသူများထဲတွင် အမျိုးသမီးတစ်ဦး ပါဝင်သည်ကို တွေ့ရပြီး အမည်နှင့် အသက်စသည့် အသေးစိတ်အချက်အလက်များ ပါဝင်ခြင်းမရှိပေ။ ထို့အတူ မည်သည့်နေရာမှ စစ်ကောင်စီတပ်သားများ ပစ်ခတ်သည်ကိုလည်း ဖော်ပြခြင်းမရှိပေ။

ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ကုသပေးနေပြီး သေဆုံးသူများကို သင်္ဂြိုဟ်ပေးခဲ့သည်ဟု MNDAA က ဆိုသည်။

ဒီဇင်ဘာ ၂၃ ရက်ကလည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လောက်ကိုင်မြို့နှင့် သိန္နီဒေသမှ ဒေသခံ ၃ ဦးသေဆုံးခဲ့သည်ဟု MNDAA က ဒီဇင်ဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့သေးသည်။

၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးကန့်ဒေသတွင်းမှ အရပ်သား ၅၅ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့သည်ဟု MNDAA ၏ စာရင်းများအရ သိရသည်။

လတ်တလောတွင် လောက်ကိုင်မြို့၏ တိုက်ပွဲများနှင့် အရပ်သားထိခိုက်သေဆုံးမှုများအတွက် အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် MNDAA အဖွဲ့မှ ပြောခွင့်ရသူ လီကျားဝင်းကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ဒီဇင်ဘာ ၂၄ ရက်က လောက်ကိုင်မြို့မြောက်ဘက်ရှိ ထင်ပါကျိုင်းကျေးရွာအုပ်စုအတွင်းရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ ပူးပေါင်းတပ်ထိုင်ထားသည့် ထင်ပါကျိုင်းစခန်း၊ စွမ်းဖုန့်ထာစခန်း၊ ကွမ်ယင်တောင်စခန်းတို့ကို MNDAA က သိမ်းပိုက်ထားသည်။

ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်များက တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ တရုတ်နိုင်ငံတွင်‌ ဆွေးနွေးခဲ့ပြီးနောက် သီတင်းတစ်ပတ်ခန့်ကြာအောင် တိုက်ပွဲများ ငြိမ်သက်ခဲ့သည်။

သို့သော် ဒီဇင်ဘာ ၁၈ ရက် ရန်လုံကျိုင်းနယ်စပ်ဂိတ်ကို ကိုးကန့်အဖွဲ့က သေနတ်မဖောက်ရဘဲ သိမ်းပိုက်လိုက်နိုင်ပြီးနောက် နာရီပိုင်းအတွင်းမှာပင် လောက်ကိုင်မြို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၂၂, ၂၃ ရက်နေ့များက မြောက်ပိုင်းသုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ထပ်မံဆွေးနွေးခဲ့သော်လည်း သဘောတူညီမှုမရဘဲ ဆွေးနွေးပွဲပျက်ပြယ်ခဲ့သည် ဆိုသည့် သတင်းများထွက်ပေါ်ခဲ့သော်လည်း MNDAA  က တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။

၁၀၂၇ စစ်ဆင်ရေးအစပြုသည့် အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ကာ ကိုးကန့်ဒေသတွင်းရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၂၂၀ ကျော်ကို MNDAA ဦးဆောင်သည့် မဟာမိတ်တပ်များက သိမ်းပိုက်ထားပြီး ကုန်းကြမ်း၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုန်းကိုး၊ ပန်ဆိုင်း(ကြူကုတ်) စသည့် မြို့များကိုလည်း အလုံးစုံ သိမ်းပိုက် ထိန်းချုပ်ထားသည်။

Show More

Related Articles

Back to top button