သတင်း

လက်နက်ကြီးအပြင် ယတြာသုံးသော်လည်း နမ့်ခမ်းမြို့ကို စစ်ကောင်စီလက်လွှတ်ခဲ့ရ

နမ့်ခမ်းရှိ လက်ကျန်စစ်သား ၂၀၀ လက်နက်ချသဖြင့် ထိုဒေသကို TNLA ရသွားသည်၊ တိုက်ပွဲတွင် ၎င်းတို့လည်း အကျအဆုံး များသည်ဟု TNLA က ထူးထူးခြားခြား ကြေညာသည်။

မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အနီးရှိ စခန်းကုန်းမှ စစ်ကောင်စီတပ် တပ်ဖွဲ့ဝင် ၂၀၀ ဝန်းကျင်က ယမန်နေ့ (ဒီဇင်ဘာ ၁၈) ညပိုင်းတွင် လက်နက်ချခဲ့သောကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထိုမြို့ကို အပြီးသတ်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

နမ့်ခမ်းမြို့အနီးရှိ တောင်ကုန်းတစ်နေရာတွင် တည်ထားသောစစ်ကောင်စီ စခန်းသစ် တပ်စခန်းမှ ဗိုလ်မှူးမြင့်ကျော် ဦးဆောင်သည့် စစ်သည်များက ည ၈ နာရီခန့်တွင် လက်နက်ချခဲ့ကြသည်။

လက်နက်ချသူများတွင် ဒဏ်ရာရသူများလည်း ပါဝင်သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

လက်နက်ချသူများကို ယနေ့ နံနက်၂ နာရီခန့်တွင် ကား ၁၃ စီးဖြင့် တင်ဆောင်သွားသည်ဟုလည်း သိရသည်။

မူဆယ်ဘက်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်နိုင်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ လက်နက်ချသူများနှင့် ပတ်သက်ပြီး TNLA ကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ထိုစစ်စခန်းအတွင်း ခုခံရင်း သေဆုံးသွားသူများကို ပြီးခဲ့သည့်ရက်များအတွင်း ဖြစ်သလို မြှုပ်နှံထားသဖြင့် မြေပေါ်တွင် တစ်ပိုင်းတစ်စပေါ်နေသော ရုပ်အလောင်း ၁၀ လောင်းခန့်ကို Myanmar Now သတင်းထောက်က တွေ့ရှိခဲ့သည်။

အလားတူ TNLA ကွန်မန်ဒိုတပ်ဖွဲ့ဝင် ၂ ဦး၏ အလောင်းကိုလည်း စခန်းဝင်ပေါက်အနီးတွင် တွေ့ရှိခဲ့ရပြီး TNLA တပ်က မီးရှို့သင်္ဂြိုဟ်ကာ အမိန့်ပြန်ပေးနေသည်ကိုလည်း တွေ့မြင်ရသည်။

ဒီဇင်ဘာ ၁၂ ရက်က နမ့်ခမ်းမြို့အနီးရှိ စခန်းသစ်စစ်တပ်ကုန်းအနီး တိုက်ပွဲပြင်းထန်နေစဉ်။ (ဓာတ်ပုံ -မြတ်ပန်း/Myanmar Now)

နမ့်ဖတ်ကာရွာသို့ သွားသည့် လမ်းမပေါ်တွင် ရှိပြီး နမ့်ခမ်းမြို့အဝင်အထွက်ကို စစ်ဆေးတတ်သော၊ ဂျပန်ခေတ်ကတည်းက ဆောက်ထားသော ထိုစခန်းသည် အဝေးကင်းများကို တောင်နှစ်တောင်တွင် ထားကာ အလယ်တွင် ပင်မစခန်းများ၊ ဘန်ကာများ၊ ဆက်သွယ်ရေးတူးမြောင်းများဖြင့် အခိုင်အမာ ပြင်ဆင်ထားသည့်စခန်း ဖြစ်သည်။

အဆိုပါစခန်းရှိ စေတီကုန်းတွင် စစ်ကောင်စီတပ်၏ ယတြာချေထားသည့် အစီအမံများ တွေ့ရသဖြင့် TNLA ကလည်း ဘုန်းကြီးများပင့်ဖိတ်ကာ သေနတ်တွင် သင်္ကန်းချည်၍ ပစ်ဖောက်ခဲ့ကြောင်း ထိုစခန်းတွင် ရောက်နေသည့် Myanmar Now သတင်းထောက်က ပြောသည်။

နမ့်ခမ်းမြို့ထဲမှ ရဲစခန်း၊ စစ်ကောင်စီအုပ်ချုပ်ရေးရုံးအပါအဝင် ဌာနဆိုင်ရာရုံးများကို နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် TNLA တပ်များက သိမ်းယူခဲ့ပြီး နိုဝင်ဘာ ၇ ရက်နေ့တွင် မြို့ပေါ်ကို ထိန်းချုပ်နိုင်ခဲ့သည်၊ မြို့အရှေ့ဘက် တစ်မိုင်ခန့် အကွာတွင် အင်အား ၂၅၀ ဝန်းကျင်ရှိ စခန်းသစ် အမည်ရှိ အခြေစိုက်တပ်စခန်းတစ်ခုသာ ကျန်ရှိခဲ့သည်။

အမြောက်တပ်နှင့် ရဟတ်ယာဉ်ကွင်းလည်း ရှိသော ထိုစခန်းကုန်းကို နိုဝင်ဘာ ၁၇ ကတည်းက TNLA က ထိုးစစ်ဆင်တိုက်ခိုက်နေရာ တပ်ပြန်ဆုတ်ခဲ့ရသည်များလည်းရှိကာ ရက် ၃၀ ကျော် တိုက်ယူခဲ့ရခြင်းဖြစ်သည်။ ထိုအတောအတွင်း နှစ်ဖက်အကျအဆုံးများသလို ထိုးစစ်ဆင်ရသော TNLA ဘက်မှလည်း သေဆုံးမှုများရှိကာ ဒဏ်ရာရသူ ရာဂဏန်းရှိကြောင်း မြေပြင်ရင်းမြစ်ထံမှ သိရသည်။

-TNLA လက်အောက် ကျသွားသော စခန်းသစ် တပ်စခန်းကို ဒီဇင်ဘာ ၁၉ နံနက်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-မြတ်ပန်း/Myanmar Now)

နမ့်ခမ်းမြို့ စခန်းသစ်စခန်းကို သိမ်းပိုက်ရန် ကြိုးစားစဉ် တပ်ဖွဲ့ဝင် ၄၉ ဦး သေဆုံး၊ ၁၄၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ယနေ့ ညနေတွင် ထုတ်ပြန်သည်။

သေဆုံး၊ ထိခိုက်မှုများနှင့် ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့များက သတင်းထုတ်ပြန်လေ့မရှိပေ။ TNLA က ၎င်းတို့ ထိခိုက်မှု များပြားပုံကို ပထမဆုံးအကြိမ် ထုတ်ပြန်ခြင်း ဖြစ်သည်။

စစ်ကူများလည်း ဖြည့်တင်းထား၍ ထိုစခန်းတွင် စကခ-၇ နှင့် လက်အောက်ခံတပ်ဖြစ်သည့် ခလရ-၂၆၁၊ ခမရ-၄၂၃၊ ၄၂၆၊ ၄၂၅၊ ၁၄၃ နှင့် ဒကစတို့မှ တပ်ဖွဲ့ဝင်များဖြင့် ခုခံနေသည်ဟု TNLA ဘက်က ဆိုသည်။

အာဏာသိမ်းတပ်က ထိုစခန်း မကျစေရေးအတွက် လေကြောင်းမှလည်း အကြိမ်အရေအတွက် ရာဂဏန်းအထိ အပြင်းအထန် ခုခံစဉ် နမ့်ခမ်းနှင့် အနီးဝန်းကျင်သို့ ပစ်ခတ်တိုက်ခိုက်ရာ ဒေသခံများ ထိခိုက်၊ သေဆုံးသလို နေအိမ်များလည်း ပျက်စီးခဲ့သည်။

TNLA စာရင်းများအရ နမ့်ခမ်းမြို့နယ်တွင် ကလေး ၃ ဦးအပါအဝင် ၁၃ ဦး သေဆုံးပြီး ၄၃ ဦး ဒဏ်ရာရသည်၊ ဘာသာရေးအဆောက်အအုံ၊ ဘုရားကျောင်းကန်များ၊ ဆေးရုံနှင့် လူနေအိမ် ၇၀ ခန့် ပျက်စီးသည်၊ လူနေအိမ် ၂၄ လုံး မီးလောင်ခဲ့သည်ဟု သိရသည်။

ယမန်နေ့ညမှ ယနေ့ နံနက်အထိ လက်နက်ခဲယမ်းအများအပြားကို TNLA က သိမ်းဆည်းခဲ့ပြီး အရေအတွက်အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပေ။

-TNLA လက်အောက် ကျသွားသော စခန်းသစ် တပ်စခန်းကို ဒီဇင်ဘာ ၁၉ နံနက်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-မြတ်ပန်း/Myanmar Now)

လက်ရှိအချိန်အထိ နမ့်ခမ်းမြို့အတွင်း TNLA ထိန်းချုပ်ထားပြီး မြို့အဝင်အထွက်ခွင့်ပြုထားကြောင်း၊ အုပ်ချုပ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြေပြင်တပ်ဖွဲ့ဝင်တချို့ထံမှ သိရသည်။

နမ့်ခမ်းမြို့နံနက်ဈေးမှာ တိုက်ပွဲမဖြစ်သည့် အချိန်တွင် ဖွင့်သည်ဟု မြို့ခံတချို့ထံမှ သိရသည်။

နမ့်ခမ်းမြို့ခံအများစုက နေအိမ်များ၌သာ ရှိနေကြကြောင်း၊  မြို့မှာ လျှပ်စစ်ဓာတ်အား၊ ဖုန်းလိုင်း၊ အင်တာနက် ပြတ်တောက်နေရာ မီးစက်ရှိသူတို့က ရေတင်နိုင်၊ ဓာတ်အားအသုံးပြုနိုင်ကြောင်း သိရသည်။

တရုတ်ဘက်မှ လာသော စက်သုံးဆီ အသုံးပြုနိုင်ပြီး ဆီဆိုင်တချို့ နံနက်ပိုင်းတွင် ဖွင့်လှစ်ကြောင်း၊ မြို့ပေါ်တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅၀၀၀ အထက်ရှိကာ ရွာဘက်တွင် ဈေးပိုများကြောင်း မြို့ခံများက ဆိုသည်။

မကြာသေးခင်က တအာင်း (ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း TNLA က ကြေညာပြီးနောက် နမ့်ဆန်၏ မြောက်ဘက် မိုင် ၃၀ ကျော် အကွာမှ မန်တုံမြို့တွင်လည်း လက်ကျန်စစ်တပ်စခန်းကို TNLA က ထိုးစစ်ဆင်နေသည်။

နမ့်ခမ်းမြို့အတွင်း တအာင်းအလံ လွှင့်ထူနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-Mai Amm La Ngean)

ဗျုဟာကျသည့် နမ့်ခမ်းမြို့

ရွှေလီမြစ်တောင်ဘက်ခြမ်း၊ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိကကျသည့် မူဆယ်မြို့ အနောက်ဘက် မိုင် ၂၀ ခန့်အကွာတွင် တည်ရှိပြီး တရုတ်နိုင်ငံ နောင်ဆောင်မြို့နှင့် ကပ်လျက်ဖြစ်သည်။

မူဆယ်မှ အထက်ဘက်သို့ ဆက်သွားပါက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားသော မြန်မာ-တရုတ် နယ်စပ်မြို့များဖြစ်သော ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုးမြို့များနှင့် တစ်ဆက်တည်းဖြစ်သည်။

ကချင်ပြည်နယ် မန်ဝိန်းကြီးမြို့နှင့် ၅ မိုင်ခန့်ကွာဝေးပြီး ထိုမှတစ်ဆင့် ဗန်းမော်မြို့သို့ သွားနိုင်သလို မြို့အရှေ့တောင်ဘက် နမ့်ဖတ်ကာမှတစ်ဆင့် ကွတ်ခိုင်နှင့် သိန္နီမြို့တို့ကို ဖြတ်သန်းကာ လားရှိုး-မန္တလေး-မူဆယ်လမ်းများကို သွားလာ၍ ရသည်။ 

ကိုလိုနီခေတ်လက်ရာ ကျောက်တုံးများဖြင့် တည်ဆောက်ထားသော နမ့်ခမ်းဆေးရုံကြီး၊ စောမွန်လှဘုရားတို့သည် မြို့၏ အထင်ကရနေရာများ ဖြစ်သလို မြို့၏အနောက်မြောက်ဘက် ၁၇ မိုင်ခန့်အကွာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သော ရွှေလီ (၁) ရေအားလျှပ်စစ်စက်ရုံ တည်ရှိသည်။

မြို့အနောက်တောင်ဘက် ရွှေလီမြစ်အနီး တည်ရှိသော ထိုစက်ရုံသည် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးပို့နေသည်၊ ၂၀၀၂ အတွင်းက တည်ဆောက်ခဲ့သော ၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်သောစက်ရုံဖြစ်သည်ဟု လျှပ်စစ်ဝန်ကြီးဌာနအချက်အလက်များအရ သိရသည်။

ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ၄၀၀ မဂ္ဂါဝပ်ကို ပြည်တွင်း၌ အသုံးပြုပြီး၂၀၀ မဂ္ဂါဝပ်ကို တရုတ်နိုင်ငံ ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်၍ မြန်မာနိုင်ငံအတွင်းရှိ တကောင်းနီကယ်စက်ရုံနှင့် တရုတ်နိုင်ငံရှိ ဟန်နုန်းဓာတ်အားခွဲရုံတို့ကို ပေးပို့ ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။

ရွှေလီ (၁) ရေအားလျှပ်စစ်စက်ရုံ။ (ဓာတ်ပုံ-စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာန)

နမ့်ခမ်းမြို့အနောက်တောင်ဘက် ကောင်းကတ်ကျေးရွာအုပ်စု ဟိုနားရွာအနီး တရုတ်နိုင်ငံဘက်သို့ သွားသည့် ရေနံနှင့်သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်းထိန်းချုပ်စခန်းတစ်ခုရှိပြီး ထိုပိုက်လိုင်းမှာ မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ နိုင်ငံအလယ်ပိုင်း မကွေး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ကို ဖြတ်ကာ တရုတ်နိုင်ငံ ကူမင်းမြို့သို့ သွယ်တန်းထားခြင်းဖြစ်သည်။

ရှမ်း၊ ကချင်နှင့် တအာင်းလူမျိုးများလည်း နေထိုင်ကြသည့် ထိုမြို့တွင် တောင်ယာနှင့် လက်ဖက် စိုက်ပျိုးကြသည်။

၂၀၀၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁ သိန်းကျော် နေထိုင်သည့် နမ့်ခမ်းမြို့ကို ကာကွယ်ရန်အတွက်ဟု ဆိုကာ နမ့်ခမ်းပြည်သူ့စစ်များကို စက်တင်ဘာလကုန်ပိုင်းတွင် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည်။

သို့သော်လည်း စစ်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့များက TNLA ၏ ထိုးစစ်ကို မတားနိုင်ဘဲ မြို့ကို လက်လွှတ်ခဲ့ရသည်။

နိုဝင်ဘာ ၂ ရက်ကတည်းက နမ့်ခမ်းမြို့နှင့် ကချင်ပြည်နယ် မန်ဝိန်းကြီးမြို့ကို ဆက်သွယ်ထားသော ရွှေလီတံတားအနီးတပ်စခန်း စီးနင်းပြီး ထိုနေရာကို TNLA က ထိန်းချုပ်ထားသည်။

-TNLA လက်အောက် ကျသွားသော စခန်းသစ် တပ်စခန်းကို ဒီဇင်ဘာ ၁၉ နံနက်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-မြတ်ပန်း/Myanmar Now)

Show More

Related Articles

Back to top button