
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်းမြို့ကို သိမ်းပိုက်ပြီးနောက် မြို့အနီးရှိ စစ်တပ်၏ လက်ကျန်စခန်းကုန်းကို သွားရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူကြောင့် ပြန်ဆုတ်ခဲ့ရသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထံမှ သိရသည်။
နမ့်ခမ်းမြို့အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ စစ်ကောင်စီ၏ စခန်းသစ်တပ်စခန်းတွင် အင်အား ၁၀၀ ခန့်ရှိကာ နိုဝင်ဘာ ၁၇ ရက်နေ့ နံနက်အစောပိုင်းတွင် TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုစခန်း၏ လုံခြုံရေးစခန်းကုန်းတစ်ခုကို သိမ်းယူနိုင်ခဲ့သော်လည်း နောက်နေ့တွင် စစ်ကောင်စီဘက်မှ တိုက်ခိုက်မှုများကြောင့် ပြန်ဆုတ်ခဲ့ရသည်ဟု TNLA မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့တွင် Myanmar Now ကို ပြောသည်။
အခိုင်အမာတည်ဆောက်ထားသည့် ထိုစစ်တပ်စခန်းတွင် အမြောက်တပ်နှင့် ရဟတ်ယာဉ်ကွင်းလည်း ရှိပြီး TNLA က ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် အကြိမ် ၅၀ ခန့် ပစ်ကူပေးသည့်နည်းတူ လေကြောင်းဖြင့်လည်း တိုက်ခိုက်သည်ဟု သိရသည်။
စစ်ကောင်စီ၏ လုံခြုံရေးစခန်းတစ်ခုကို သိမ်းပိုက်စဉ် လက်နက်အကြီးအသေး ၁၃ လက် သိမ်းပိုက်နိုင်ခဲ့ကာ ရန်သူ့အလောင်းတချို့ ရရှိသည်ဟု TNLA က ထုတ်ပြန်ထားသော်လည်း အသေးစိတ်ဖော်ပြခြင်း မရှိပေ။
နမ့်ခမ်းမြို့ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ နေအိမ်နှစ်လုံး ပျက်စီးသည်ဟု အသက် ၇၀ အရွယ် နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကျတာကတော့ အောင်ချမ်းသာတို့ မေတ္တာတို့မှာ (ရပ်ကွက်များ) ကျတယ်။ တိုက်ပွဲနေရာမှာ မကျဘဲ ရပ်ကွက်ထဲမှာ ကျတာ ။ အိမ်နှစ်လုံးလောက်တော့ ထိတယ်”
စခန်းသစ်တပ်စခန်းမှ ထွက်ပြေးသည့် စစ်သား ၄ ဦးကို TNLA က ဖမ်းဆီးရမိထားသည်ဟု ဒေသခံတချို့က ပြောသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။
စစ်ကောင်စီအဆိပ်ငွေ့ဗုံးသုံးဟု TNLA ပြော
စစ်တပ်လက်ကျန်စခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံးဟု ယူဆရသည့် ဗုံးနှစ်လုံးထက်မနည်း ပစ်ထည့်ခဲ့သည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“အဆိပ်ငွေ့ဗုံး ဖြစ်တယ်ဆိုတာကို အတည်ပြုလို့ရပါတယ်။ ဘယ်လိုအမျိုးအစားလည်းဆိုတာကိုတော့ မသိရှိရသေးပါဘူး”
ထိုသို့ တိုက်ခိုက်ခံရသဖြင့် ထုံထိုင်းမူးဝေခြင်း၊ အသက်ရှုကျပ်ခြင်း၊ သတိလစ်ခြင်းတို့ ခံစားရသည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် TNLA တပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။
“အဲ့ဒီဗုံးက ရှူးဆိုတဲ့ အသံနဲ့ အငွေ့တွေ ထွက်တာ။ ရှူမိပြီးတော့ ကျွန်တော် သတိလစ်သွားတယ်။ ရှေ့တန်းကနေ ဆေးရုံရောက်တဲ့အထိ ဘယ်သူက ကျွန်တော့်ကို သယ်လာတာတောင် မသိခဲ့ဘူး။ အရမ်းလှုပ်ရှားရင် ခေါင်းမူးနေတုန်းပဲ”
ခန္ဓာကိုယ် ထိရှဒဏ်ရာတစ်စုံတစ်ရာ မရှိဘဲ အောက်ဆီဂျင်ထိုးကျခြင်း၊ စိုးရိမ်စိတ်များနေခြင်း၊ ကိုယ်ခံအားကျသည့် လက္ခဏာများ တွေ့ရှိရကြောင်း၊ တပ်ဖွဲ့ဝင် ၉ ဦးတွင် အလားတူလက္ခဏာများ တွေ့ရကြောင်း TNLA ကျန်းမာရေးဌာနမှ ဆရာဝန်တစ်ဦးက ပြောသည်။
“အဆိပ်ကြောင့်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ဆီမှာ ဓာတ်ခွဲခန်းမရှိတော့ အတည်မပြုနိုင်ပေမဲ့ အငွေ့တွေ ရှူမိတဲ့ လူနာတွေဟာ ပုံစံတွေ တူနေပါတယ်။ အသက်ရှူလမ်းကြောင်း အဆုတ်ကို ထိခိုက်နိုင်တဲ့ အဆိပ်ငွေ့တွေ ဖြစ်နိုင်ပါတယ်”
လက်ရှိတွင် တပ်ဖွဲ့ဝင်များအားလုံး ပြန်လည်သက်သာနေပြီဟုလည်း ၎င်းက ပြောသည်။
စစ်ကောင်စီသည် စစ်ရာဇဝတ်မှုကျူးလွန်ပြီး နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုဗေဒလက်နက် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း TNLA က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားကာ ယခုလ ၄ ရက်နေ့က လားရှိုးမြို့နယ်ရှိ မိုးကျက် စစ်တပ်စခန်းကို တိုက်ခိုက်စဉ်ကလည်း အလားတူ ကြုံတွေ့ရကြောင်း ဖော်ပြသည်။
အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်သည်ဆိုခြင်းမှာ စွပ်စွဲပြောဆိုခြင်းသာဖြစ်ကြောင်း၊ နမ့်ခမ်းမြို့အနီးမှ ထိုစခန်းကုန်းတိုက်ပွဲတွင် TNLA ဘက်မှ အကျအဆုံးများကာ ဆုတ်ခွာသွားကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုသည်။
စစ်တပ်စခန်းကုန်းကို TNLA က ပိတ်ဆို့ထားသော်လည်း ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း နမ့်ခမ်းမြို့ပေါ်တွင် ဈေးဆိုင်ခန်းအများစု ပိတ်ထားကာ လူသွားလူလာနည်းပါးသည်ဟု မြို့ခံများထံမှ သိရသည်။
နမ့်ခမ်းမြို့နှင့် ထိုမြို့နယ်အတွင်းရှိ နေရာအများစုကို နိုဝင်ဘာ ၇ ရက်နေ့ကတည်းက TNLA က ထိန်းချုပ်ထားကာ စစ်ကောင်စီ၏ လက်ကျန်စစ်စခန်းကို တိုက်ခိုက်နေသည်မှာ ရက်သတ္တပတ်နှစ်ပတ်ခန့် ရှိပြီဖြစ်သည်။
အောက်တိုဘာ ၂၇ ရက်က စတင်သော “၁၀၂၇” စစ်ဆင်ရေးအတွင်း မြို့အချို့သာမက စစ်တပ်စခန်းအများအပြားကို ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့က သိမ်းပိုက်ထားသည်။