ရွေးကောက်ပွဲ

ဟင်္သာတပဋိပက္ခတွင် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ၂၆ ဦးအမှုဖွင့်ခံရ 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် တာဂွကျေးရွာ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ မဲဆွယ်လှည့်လည်ယာဉ်တန်းနှင့် ဒေသခံများ ကိုယ်ထိလက်ရောက်ပဋိပက္ခဖြစ်ပွားမှုတွင် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ၂၆ ဦးကို ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၆ ခုဖြင့် အမှုဖွင့်ထားသည်။ 

လူအင်အားထောင်ချီပါသည့် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ၏ မဲဆွယ်ယာဉ်တန်းသည် အောက်တိုဘာ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် တာဂွကျေးရွာသို့ ဖြတ်သန်းသွားစဉ် ရွာအတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံသူ ဒေသခံအချို့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိခဲ့သူများအနက် ၂၉ နှစ်အရွယ် ကိုအောင်စည်သူအပါအဝင် ၁၁ ဦးက ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ဦးဌေးလွင်နှင့် ၂၅ ဦးကို အမှတ် (၂) နယ်မြေရဲစခန်း၌ အောက်တိုဘာ ၁၁ ရက်တွင် အမှုဖွင့်ထားသည်ဟု စခန်းမှူး ရဲအုပ်နေဇင်က ပြောသည်။

ဒဏ်ရာရရှိသူ ဒေသခံများအနက် ခြေထောက်အရိုးအက်ကွဲသူတစ်ဦး၊ ကျောကုန်းနှင့် လက်မောင်းစုတ်ပြဲသွားသူအချို့ အပါအဝင် ဦးခေါင်းနှင့် နားထင် ပေါက်ပြဲသွားသူ အများစုပါဝင်သည်ဟုလည်း ဦးဆောင်အမှုဖွင့်တိုင်ကြားသူ ကိုအောင်စည်သူက Myanmar Now ကို ပြောသည်။ 

ထို့အပြင် ကျေးရွာတွင် စိုက်ထူထားသည့် NLD ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်၊ လမ်းတွင် ရပ်ထားသည့် ဆိုင်ကယ်တစ်စီး၊ ကားတစ်စီးနှင့် အိမ်သွပ်မိုးအချို့လည်း ပျက်စီးခဲ့ကြောင်း ၎င်းက ဆိုသည်။ 

စွဲဆိုထားသည့် ပုဒ်မများမှာ နာကျင်စေမှုအတွက် ရာဇသတ်ကြီးပုဒ်မ ၃၂၃၊ ၃၃၇၊ ညစ်ညမ်းသော ပြုလုပ်မှုများအတွက် ပုဒ်မ ၂၉၄၊ ခြောက်လှန့်မှုအတွက် ပုဒ်မ ၅၀၆၊ ဖျက်ဆီးမှုအတွက် ပုဒ်မ ၄၂၇ တို့အပြင် အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြစ်ပြီး အာမခံပေးနိုင်သော ပုဒ်မများဖြစ်သည်။

အခင်းဖြစ်ပွားနေချိန်တွင် အမှတ် (၂) နယ်မြေရဲစခန်းမှ ရဲဝန်ထမ်းလေးဦးခန့် ရှိနေခဲ့သော်လည်း လူအုပ်စုများသည့်အတွက် ထိန်းသိမ်းရန် အကန့်အသတ်ရှိခဲ့သည်ဟု စခန်းမှူး ရဲအုပ်နေဇင်က ပြောသည်။

“ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင် အင်အားတွေနဲ့ ထိန်းနိုင်ခဲ့လို့ပဲ​ ရှေ့ဆက်ပဋိပက္ခတွေ မဖြစ်ပွားဘဲနဲ့ အခုလိုမျိုး အနည်းငယ်ဒဏ်ရာရရှိပြီးတော့ပဲ ဖြစ်သွားတာပေါ့။ ကျွန်တော်တို့သာ မထိန်းပေးဘဲနဲ့ ဒီအတိုင်းပဲ​ လွှတ်ထားမယ်ဆိုရင် မလိုလားအပ်တာတွေ ထပ်မံပြီး ဖြစ်သွားနိုင်တယ်လေ” ဟု ၎င်းက ပြောသည်။ 

ပြည်ခိုင်ဖြိုးမဲဆွယ်ယာဉ်တန်းပါ ဝန်းရံသူများသည် တာဂွကျေးရွာသို့ ဖြတ်သန်းသွားစဉ် ရွာအတွင်းရှိ NLD ဝန်းရံသူများကို ပုဆိုးလှန်ပြခြင်း၊ ပုတ်ခတ်ဆဲဆိုခြင်း၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းတို့ ပြုလုပ်ခဲ့ပြီး ရွာသားများက ပြန်လည်ခုံခံခဲ့ရာမှ ခိုက်ရန်ဖြစ်ပွားခဲ့သည်ဟု ဦးဆောင်အမှုဖွင့်ထားသူ ကိုအောင်စည်သူက ပြောသည်။ 

“ကျွန်တော်တို့ပါတီလည်း လှည့်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး ပြဿနာဖြစ်သွားတယ်ဆိုတာမျိုး မရှိဘူး။ သူတို့ပါတီက မင်းမဲ့စရိုက်ဆန်ဆန် တစ်မြို့လုံးကို ပတ်ပြီး သရော်သွားတဲ့ အနေအထားဖြစ်တယ်။ တရားဥပဒေစိုးမိုးမှုကိုလည်း လှောင်ပြောင်သလို ဖြစ်သွားတယ်။​ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူသွားတာတွေကိုတော့ ကျွန်တော်တို့ဘက်က လက်မခံနိုင်ပါဘူး” ဟု ကိုအောင်စည်သူက ပြောသည်။

တာဂွကျေးရွာသို့ မရောက်မီ ဟင်္သာတမြို့အတွင်း လှည့်လည်အင်အားပြစဉ် NLD အလံများတပ်ဆင်၍ ရေခဲချောင်းရောင်းသည့် ဆိုင်ကယ်တစ်စီးနှင့်လည်း ပွတ်တိုက်မှုဖြစ်ပွားပြီး ခိုက်ရန်ဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆိုသည်။

ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုး ပြန်ကြားရေးတာဝန်ခံ ဦးဌေးဝင်းကမူ ဒေသခံ NLD ဝန်းရံသူအချို့က မဲဆွယ်ယာဉ်တန်းကို တားဆီးစိန်ခေါ်ခဲ့ရာမှ ခိုက်ရန်ဖြစ်ပွားမှုစတင်ခဲ့ပြီး ပြည်ခိုင်ဖြိုးဘက်မှ ဒဏ်ရာရရှိသူ ၁၁ ဦးခန့် ရှိကာ နစ်နာမှုအတွက် ပြန်လည်အမှုဖွင့်ရန် စီစဉ်နေသည်ဟု Myanmar Now ကို ပြောသည်။ 

ကိုဗစ်နိုင်တင်း ကပ်ရောဂါဖြစ်ပွားနေချိန်တွင် လူအင်အားအများအပြားဖြင့် မဲဆွယ်လှည့်လည်ခြင်းမပြုရန် ပါတီက တားမြစ်ထားသော်လည်း NLD က ဟင်္သာတမြို့တွင်း ဦးစွာလှည့်လည်ခဲ့ခြင်းများ ရှိခဲ့သဖြင့် ပြည်ခိုင်ဖြိုးဝန်းရံသူများကို ထိန်းသိမ်းရန် ခက်ခဲသွားသည်ဟု ဦးဌေးဝင်းက ဆိုသည်။

လူအင်အားဖြင့် မဲဆွယ်လှည့်လည်ခြင်းများကို ဥပဒေအရ တိတိကျကျ အရေးမယူနိုင်သည်မှာ အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တို့၏ အားနည်းချက်ဖြစ်သည်ဟု ၎င်းက ပြောသည်။

“နှစ်ဖက်ပါတီတွေ အဲဒီလို လှည့်တာအားလုံးသည် ဥပဒေကို ချိုးဖောက်ပြီးတော့မှ လုပ်နေကြတာပဲ” ဟု ဦးဌေးဝင်းက ပြောသည်။ 

ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းမောင်ကမူ အဆိုပါ ပြည်ခိုင်ဖြိုးမဲဆွယ်လှည့်လည်မှုကို ခွင့်ပြုခဲ့သည်မှာ မှန်ကန်သော်လည်း ခွင့်ပြုသည့် လူဦးရေထက် ကျော်လွန်နေကြောင်း၊ ခွင့်ပြုထားသည့် နေရာနှင့် ကျေးရွာများတွင်လည်း တာဂွကျေးရွာ မပါဝင်ကြောင်း ဆိုသည်။

အခင်းဖြစ်ပွားခဲ့သည့်အတွက် ပြည်ခိုင်ဖြိုးနှင့် NLD ပါတီနှစ်ခုလုံးဘက်မှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်လောင်းများကို ခေါ်ယူတွေ့ဆုံပြီး မဲဆွယ်လှည့်လည်မှုများကို ဥပဒေနှင့်အညီသာ လုပ်ဆောင်ရန်၊ အမှုဖွင့်ထားသည်များကိုလည်း ပိတ်သိမ်းပေးရန် ယနေ့ (အောက်တိုဘာ ၁၂) တွင် ညှိနှိုင်းထားသည်ဟု ဦးဝင်းမောင်က ပြောသည်။ 

“နောက်တစ်ခါ စည်းရုံးရေးသွားရင် လူအုပ်စုနဲ့ မသွားပါနဲ့။ အုပ်စုနဲ့ သွားရင်လည်း အဲဒီလူတွေကို ထိန်းနိုင်တဲ့ ပါတီက မြို့နယ်အဆင့်က ပုဂ္ဂိုလ်တွေ ခေါ်သွားပါ။ မြို့နယ်အဆင့်က ပုဂ္ဂိုလ်တွေနဲ့ လုပ်ပါ။ အဲဒီလိုတွေအထိအောင် ကျွန်တော်တို့က ပြောတယ်။ ဒါပေမဲ့ အပြောသာ ရှိတာဗျ ….. သူတို့ (ပါတီတွေ) လည်း ပြည်သူ (ဝန်းရံသူ) ကို မနိုင်ဘူး” ဟု ၎င်းက ပြောသည်။ 

Show More

Related Articles

Back to top button