သတင်း

ခမ်းပတ်မြို့နှင့် အိန္ဒိယနယ်စပ်မှစခန်းများ ပြန်ရရန် စစ်ကောင်စီထိုးစစ်ဆင်နေ

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ခမ်းပတ်မြို့နှင့် မြို့အနီးရှိ စစ်စခန်းများကို ပြန်ရရန် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေရာ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတပ်များ၊ ဒေသကာကွယ်ရေးတပ်များ၊ လူမျိုးစုတပ်များ ပါဝင်သည့် ပူးပေါင်းတပ်များက နိုဝင်ဘာ ၇ ရက်နေ့က သိမ်းပိုက်ခဲ့သည့် ထိုမြို့ကို အင်အား ၂၀၀ ခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်းက ဒီဇင်ဘာလဆန်းပိုင်းက စတင်ထိုးစစ်ဆင်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးအချက်အချာကျသည့် ထိုမြို့သည် တမူးမြို့နယ်၏ မြို့နယ်ခွဲဖြစ်ပြီး ကလေး-တမူး ကားလမ်းပေါ်တွင် တည်ရှိသည်။ မြို့ကို သိမ်းပိုက်ပြီးနောက် NUG က အရပ်ဘက်အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နိုင်ရန် ပြင်ဆင်လျက်ရှိသည်ဟု သိရသည်။

သိမ်းပိုက်ရရှိခဲ့သော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) ခမ်းပတ်စခန်းကို နိုဝင်ဘာ ၇ က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ- MOD)

ခမ်းပတ်ပြန်ရရန် စစ်တပ်က ကြိုးစားနေကြောင်း စစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဒီဇင်ဘာ ၁၄ ရက်နေ့က သတင်းဌာနများထံ ပေးပို့သည့် အသံသွင်းဖြေကြားမှုတွင် ထည့်သွင်းပြောဆိုခဲ့သည်။

တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားသည့် တမူးမြို့အထက်ပိုင်းရှိ သနန်အကျဉ်းစခန်းနှင့် အောင်ဇေယျစခန်းတို့ကိုလည်း စစ်ကောင်စီလေတပ်က ဒီဇင်ဘာ ၁၃ ရက်နေ့ထိ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ခမ်းပတ်ကို ခုခံနေသည့်တပ်များထဲတွင် ပါဝင်သည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (အထက်ချင်းတွင်းဒေသ) CNO (UCR) ပြောရေးဆိုခွင့်ရှိသူ ကိုဆလိုင်းလျန်ပီးက ထိုဒေသကို ဆက်လက် ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်ဟု ပြောသည်။

“ကျွန်တော်တို့ဘက်ကနေလည်း တတ်နိုင်သလောက် ကာကွယ်နေတယ်။ တခြားဧရိယာအကုန်လုံးကတော့ ကာကွယ်ရေးတပ်တွေကပဲ ထိန်းချုပ်ထားတယ်” ဟု သူက ပြောသည်။

တော်လှန်ရေးအင်အားစုက တမူးနှင့် ဟုမ္မလင်းမြို့နယ်စပ်ရှိ အောင်ဇေယျရွာစခန်းကိုလည်း ဒီဇင်ဘာ ၁၀ ရက်နေ့က သိမ်းပိုက်လိုက်သည်။

ဒီဇင်ဘာ ၁၃ ရက်နေ့မှစတင်ကာ စစ်ကောင်စီက ပြန်လည်စစ်ကြောင်းထိုးရန် ကြိုးပမ်းနေကြောင်း ဒေသတွင်း ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) KNA (Burma)ထံမှ သိရသည်။

“သူတို့ဘက်က လာပြီး ဝင်စီးဖို့ ကြိုးစားလာတာရှိတယ်။ အဲ့လိုမျိုးသတင်းရတော့ ဒီဘက်ကလည်း နေရာယူတာတို့တော့ ကြားတယ်” ဟု ကူကီးအမျိုးသားတပ်မတော် ပြန်ကြားရေးတာဝန်ရှိသူက ဒီဇင်ဘာ ၁၄ နေ့လယ်ပိုင်းက ပြောသည်။

ခမ်းပတ်နှင့် အောင်ဇေယျစခန်းတို့သည် အိန္ဒိယနှင့် နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါကြောင်း တမူးခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ထောက်ပြသည်။

“နယ်စပ်ကုန်သွယ်လမ်းကြောင်းက မဟာဗျူဟာကျတဲ့ ခမ်းပတ်မြို့ကို ပြန်ပြီးတော့ လိုချင်တယ်။ အောင်ဇေယျဆိုရင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းသစ်ဖွင့်ဖို့ ယခင်က ရည်ရွယ်ခဲ့တဲ့ နေရာကို သွားတဲ့ လမ်းမပေါ်မှာရှိတဲ့အတွက်ကြောင့် သူတို့က ဒီနေရာကို လက်မလွှတ်ချင်ဘူး။ အဲ့ဒါကြောင့်မလို့ တမူးကို ပြန်ပြီးတော့ စစ်ကြောင်းထိုးတာတွေ၊ လေကြောင်းက အဆက်မပြတ် တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ယူဆရတယ်” ဟု ၎င်းက ပြောသည်။

ခမ်းပတ်မြို့နှင့် အောင်ဇေယျစခန်းတို့ကို ပြန်လည်သိမ်းပိုက်ထားပြီးဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် စာမျက်နှာများတွင် ပြောဆိုနေသော်လည်း မှန်ကန်မှုမရှိကြောင်း တမူးခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး တောတောင်ထူထပ်ရာ တမူးမြို့နယ်သည် ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးထားသော်လည်း တမူးမြို့ပေါ်နှင့် မြို့အနီးတဝိုက်ကျေးရွာများတွင် ပျူစောထီးများအားကောင်းရာ ကျေးရွာများလည်း ရှိနေဆဲဖြစ်သည်။

ကာကွယ်ရေးအဖွဲ့များထံမှ သိရသည့် အချက်အလက်များအရ တမူးမြို့တောင်ဘက် ပန်းသာရွာတွင် ပျူစောထီးများ အခိုင်အမာတပ်စွဲထားပြီး၊ မြို့မြောက်ဘက်တွင်လည်း မြို့သစ်၊ ကွန်းတောင်း အပါအဝင် ၄ နေရာတွင် တပ်စွဲထားသည်ဟု ဆိုသည်။

ဒီဇင်ဘာလဆန်းကစပြီး တစ်ကျော့ပြန် ပြင်းထန်နေသည့် စစ်ရေးအခြေအနေကြောင့် ခမ်းပတ်မြို့၊ သနန်ရွာနှင့် အောင်ဇေယျရွာတို့မှ ဒေသခံများမှာ ဘေးလွတ်ရာကျေးရွာများသို့ တိမ်းရှောင်နေရပြီး အချို့မှာ နယ်စပ်ကျော်ပြီး အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ဘက်သို့ ထွက်ပြေးခိုလှုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းမြောက်ဒေသတွင် မြောက်ပိုင်းမဟာမိတ်တို့က ၁၀၂၇ စစ်ဆင်ရေးဖြင့် မြို့ ၅ မြို့နှင့် စစ်စခန်း ၂၀၀ နီးပါး သိမ်းလိုက်ကြသလို မြန်မာနိုင်ငံနောက်ပိုင်းမှ တော်လှန်ရေးတပ်များသည်လည်း စစ်ကိုင်းတိုင်းမှ ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေး၊ မော်လူးနှင့် ချင်းပြည်နယ်မှ ရိခေါဒါရ်၊ လိုင်လင်းပီနှင့် ရေဇွာတို့ကို ထိန်းချုပ်ထားသည်။

ရှမ်းမြောက်မှ ချင်းရွှေဟော်၊ ချင်းပြည်နယ်မှ ရိခေါဒါရ်တို့သည် တရုတ်၊ အိန္ဒိယတို့နှင့် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် မြို့များဖြစ်သည်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့် စစ်ကောင်စီသည် လက်လွှတ်ခဲ့ရသည့် မည်သည့်မြို့ကိုမျှ ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

Show More

Related Articles

Back to top button