သတင်း

စစ်ကောင်စီ၏ အလုပ်သမားနှိပ်ကွပ်မှု ICJ တရားရုံးသို့ ရောက်သွားနိုင်

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်ထားသည့် အစီရင်ခံစာပါ တိုက်တွန်းချက်များကို စစ်ကောင်စီက အချိန် နှစ်လကျော်ကြာသည်အထိ တုံ့ပြန်ခြင်း မရှိသောကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲခံနိုင်ရခြေရှိနေသည်။

 ILO ၏ ပြဋ္ဌာန်းချက်များတွင် ပါဝင်သည့် လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခြင်း၊ စုဝေးခွင့်၊ အဓမ္မအလုပ်စေခိုင်းမှုတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီက စံချိန်တင်ချိုးဖောက်ခဲ့သည်ဟု ကော်မရှင်၏ စက်တင်ဘာ ၂၂ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး ညှဉ်းပန်းနှိပ်စက်မှုများ ထပ်မံ မပြုလုပ်ရန် တိုက်တွန်းထားသည်။

ထို့နောက် အောက်တိုဘာ ၄ တွင် အစီရင်ခံစာပါ တိုက်တွန်းချက်ကို လက်ခံမခံ စစ်ကောင်စီအနေဖြင့် ကြေညာရန် သို့မဟုတ် ဤကိစ္စကို  ICJ တရားရုံးသို့ လွှဲပြောင်းပေးရေး အဆိုပြုရန် အချိန် သုံးလ ပေးထားပြီး ယခုနှစ်ကုန် ဒီဇင်ဘာမကုန်ခင် အကြောင်းပြန်ရမည်ဟု ILO က ထုတ်ပြန်ခဲ့သည်။

ယခု အချိန်နှစ်လကျော်ကြာသည်အထိ တုံ့ပြန်ဆောင်ရွက်မှု မရှိသေးသဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်းနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ​ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။

“သက်သေအထောက်အထားခိုင်လုံစွာနဲ့ တွေ့နေပြီ၊ အကြမ်းဖက်စစ်တပ်ကို ဘယ်လိုအရေးယူနိုင်မလဲ ဆိုတာ ILO ယန္တယားထဲကနေ လုပ်ဆောင်နေပါတယ်” ဟု  ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။

ဒေါ်ဖြိုးစန္ဒာစိုးသည် ILO အုပ်ချုပ်ရေးအဖွဲ့၏ ဒုတိယအလုပ်သမားကိုယ်စားလှယ်အဖွဲ့ဝင် ၁၈ ဦးထဲတွင် ပါဝင်သူဖြစ်သည်။

ILO အုပ်ချုပ်ရေးအဖွဲ့က မြန်မာနိုင်ငံအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၂၀၂၂ ခုနှစ် မတ်လတွင် ဖွဲ့စည်းခဲ့ပြီး အလုပ်သမားရေးတက်ကြွလှုပ်ရှားသည့်အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂအဖွဲ့များ၊ အလုပ်ရှင်များ၊ သပိတ်အင်အားစုများက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစ၍ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းလှုပ်ရှားမှု အပါအဝင် အလုပ်သမားအခွင့်အရေးနှင့် ပတ်သက်သည့် စစ်တပ်၏ ချိုးဖောက်မှုများကို သက်သေထွက်ဆိုခဲ့သည်ဟု သိရသည်။

သို့သော် စစ်ကောင်စီသည် ILO ၏ မြန်မာစုံစမ်းစစ်ဆေးရေးကော်မရှင်ကို အသိအမှတ်မပြုကြောင်း ထုတ်ဖော်ပြောဆိုပြီး ပြည်ဝင်ခွင့်မပြုခဲ့ပေ။

၂၀၁၈ ဇူလိုင်တွင် တွေ့ရသော စစ်ဗိုလ်ချုပ်များ ။ (ဓာတ်ပုံ – EPA)

ထို့ကြောင့် နိုဝင်ဘာ ၈ က ပြုလုပ်ခဲ့သည့် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် ILO ၏ ဖွဲ့စည်းပုံ စည်းမျဉ်းနှင့်အညီ စစ်ကောင်စီကို အရေးယူနိုင်ရန် နောက်တစ်ကြိမ် ရှေ့နှစ် (၂၀၂၄) မတ်လ၌ ပြုလုပ်မည့်အစည်းအဝေးတွင် ဆွေးနွေးမည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။

မြန်မာနိုင်ငံကို ပြီးခဲ့သည့် စစ်အစိုးရလက်ထက် ၂၀၀၀ ပြည့်နှစ်ကလည်း ပိတ်ဆို့မှုများပြုလုပ်ခြင်း၊ နည်းပညာအရ ပူးပေါင်းဆောင်ရွက်မှုရပ်ဆိုင်းခြင်းတို့ဖြင့် အရေးယူခဲ့ဖူးသည်။

ယခုတစ်ကြိမ်တွင် နိုင်ငံကို အရေးယူပိတ်ဆို့ရန်ထက် စစ်ကောင်စီကိုသာ ဦးတည်အရေးယူနိုင်ရန် ကြိုးပမ်းနေသည်၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) အသိအမှတ်ပြုခံရရေးလည်း ဆောင်ရွက်နေသည်ဟု ဒေါ်ဖြိုးစန္ဒာစိုးက ဆက်ပြောသည်။

“NUG ရယ်၊ မိတ်ဖက်အလုပ်ရှင်အဖွဲ့အစည်းရယ်၊ အလုပ်သမားသမဂ္ဂတွေကိုတော့ နည်းပညာအကူညီ ပံ့ပိုးပေးဖို့၊ အစည်းအဝေးတွေ တက်ခွင့်ပေးဖို့၊ အသိအမှတ်ပြုဖို့နဲ့ စစ်ကောင်စီကိုသာ အရေးယူဖို့ဆိုတဲ့ နည်းလမ်းနဲ့ သွားနေတယ်၊ အရင်နဲ့ မတူဘူး” ဟု ဒေါ်ဖြိုးစန္ဒာစိုးက ရှင်းပြသည်။

ဒီဇင်ဘာ ၇ ရက်နေ့ သတင်းစာရှင်းပွဲတွင်လည်း စစ်တပ် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော အဓမ္မလုပ်အားစေခိုင်းခံရမှု ၁၇၈ ခုနှင့် ပတ်သက်ပြီး အတည်ပြုနိုင်ခဲ့သည်၊ ကလေးများအပါအဝင် ၃၂၁၆ ဦး အဓမ္မစေခိုင်းခံရသည်ဟု NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောထားသည်။

“ဒါ ကျွန်တော်တို့ဆီကို ရောက်လာတဲ့အမှုတွေထဲက ခိုင်လုံမှန်ကန်စွာအတည်ပြုနိုင်တဲ့ အင်တာဗျူးတွေ၊ တွေ့ဆုံမေးမြန်းမှုတွေလုပ်ထားတဲ့ ခိုင်လုံတဲ့ကိစ္စတွေပါ။ ဒီထက်ပိုများတဲ့ အဖြစ်အပျက်တွေ ရှိနိုင်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။

ထို့ပြင် လက်နက်ကိုင်ပဋိပက္ခဒေသများ၌ လူသားဒိုင်းအဖြစ်စေခိုင်းခံရမှု ၁၀၄ မှုကို အတည်ပြုနိုင်ခဲ့ပြီး အသက်မပြည့်သေးသူများအပါအဝင် ၁၈၈၂ ဦး စေခိုင်းခံရသည်ဟု ဆိုသည်။

“ဒီအမှုတွေကို ကမ္ဘာ့ရာဇဝတ်မှုတရားရုံး ICC ကို တင်ပို့ဖို့ NUG က လုပ်နေပါတယ်” ဟု ဦးအောင်မျိုးမင်းက ဆက်ပြောသည်။

အာဏာသိမ်းမှု ၃ နှစ်နီးပါးရှိလာချိန်တွင် မြန်မာနိုင်ငံစက်ရုံများအတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ယခုနှစ် ဇူလိုင်ထိ အမှု ၃၀၀ ကျော် ရှိသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့ − Business & Human Rights Resource Centre (BHRRC) က နိုဝင်ဘာ ၂၂ တွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button