ရွေးကောက်ပွဲ

မြိုင်မြို့နယ်တွင် လူအုပ်စုဖွဲ့ဖျက်ဆီးမှု ပါဝင်သူများကို ပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်ထား  

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ကန်နီကျေးရွာ၌ ဖြစ်ပွားခဲ့သည် လူအုပ်စုဖွဲ့ အကြမ်းဖက်ဖျက်ဆီးမှုတွင် ပါဝင်သူ ၃၂ ဦးကို ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြိုင်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးမှူးက ပြောသည်။ 

လူအုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားခဲ့ရာတွင် ရဲတပ်ဖွဲ့ယာဉ်နှင့် လမ်းမီးများ ဖျက်ဆီးခံရသဖြင့် ၁၉၄၇ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ ပုဒ်မ ၆ (၁) ဖြင့် လင်းကတောနယ်မြေ ရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က Myanmar Now ကို ပြောသည်။ 

အမှုဖွင့်ခံထားရသူ ၃၂ ဦးအနက် ၁၉ ဦးကို ဖမ်းဆီးထားပြီး ကျန်သူများကို ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်နေပြီး မြိုင်မြို့နယ်ရဲစခန်း၌ နေရာအခက်အခဲရှိသဖြင့် ပခုက္ကူထောင်တွင် ချုပ်နှောင်ထားသည်ဟု ဦးသန့်ဇင်ခိုင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ မြိုင်မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမြင့်နိုင်၏ ကန်နီကျေးရွာရှိနေအိမ်တွင် အောက်တိုဘာ ၃ ရက်ညနေပိုင်းက အသံချဲ့စက်ဖြင့် ပါတီအောင်နိုင်ရေးသီချင်း ဖွင့်ထားသည်ကို တစ်ရွာတည်းနေ ဦးနေဝင်းဆိုသူက ပိတ်ခိုင်းရာမှ ခိုက်ရန်ဖြစ်ပွားပြီး လူအုပ်စုလိုက် အကြမ်းဖက်ဖျက်ဆီးသည်အထိ ဖြစ်ပွားခဲ့သည်။ 

“ပြောရင်းဆိုရင်း ကျွန်တော့်ကို လည်ပင်းကို ဓားနဲ့ ခုတ်လိုက်တာ။ ဓားက မပြတ်တဲ့အတွက် ပြတ်ရှဒဏ်ရာ ရသွားတာပေါ့။ ကျွန်တော်က ကျွန်တော့်ဝိုင်းထဲ လာစော်ကားတာဆိုတော့ ပြန်ခုခံတာပေါ့။ ခုခံနေရင်းမှ သူ့ (ဦးနေဝင်းရဲ့) အစ်ကိုတော်တဲ့သူက ကြည့်သွားပြီးတော့ ၁၅ မိနစ်လောက်လည်းကြာရော အုပ်စုဖွဲ့တက်လာတယ်” ဟု ဦးမြင့်နိုင်က အောက်တိုဘာ ၄ တွင် Myanmar Now ကို ပြောသည်။ 

လူအုပ်စုလိုက်ဖျက်ဆီးမှုကြောင့် ဆလွန်းကားတစ်စီး၊ ကုန်တင်ကားတစ်စီး၊ ဆိုင်ကယ် ၁၂ စီး၊ ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ  အသံချဲ့စက် (Sound box) များနှင့် ဆက်စပ်ပစ္စည်းများ၊ အိမ်နှင့် ခြံဝင်းတံခါးများ ပျက်စီးခဲ့သည်ဟု ဦးမြင့်နိုင်က ဆိုသည်။ 

ယင်းဖြစ်ရပ်အတွက် ဦးနေဝင်းကို လက်နက်ဖြင့် ခြိမ်းခြောက်မှု၊ ပိုက်နက်ကျူးလွန်မှုဖြင့် မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားကြောင်း ၎င်းက ပြောသည်။ 

ပျက်စီးသွားသည့် ပစ္စည်းအချို့ (ဓာတ်ပုံ- ပေးပို့)

ကနဦး နှစ်ဖက်အပြန်အလှန်ခိုက်ရန်ဖြစ်ပွားမှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဦးနေဝင်းကို ဆေးရုံပို့ရန် ဆောင်ရွက်နေချိန်တွင် လူအုပ်စုတွင်ပါဝင်သူ ပိုမိုများပြားလာကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က ဆိုသည်။

လူအုပ်က ပိတ်ဆို့ထားစဉ် နေအိမ်အတွင်း ပုန်းနေသည့် ဦးမြင့်နိုင်နှင့် မိသားစုဝင်များကို ခေါ်ထုတ်ရာတွင် မြို့နယ်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးကားကို လူ ၁၅၀ ခန့်ရှိသည့် လူအုပ်စုက ခဲများဖြင့် ပစ်ပေါက်ထုနှက်သဖြင့် ကားကိုယ်ထည်ပိန်ခြင်း၊ မီးခွက်နှင့် လေကာမှန်များ ကွဲအက်ပျက်စီးခဲ့ကြောင်းလည်း ၎င်းက ပြောသည်။ 

ကနဦးတွင် ခိုက်ရန်ဖြစ်ပွားမှုကို ထိန်းသိမ်းရန် ရဲတပ်ဖွဲ့ဝင် ၅ ဦးစေလွှတ်ခဲ့သော်လည်း အခြေအနေပိုဆိုးရွားလာသဖြင့် ရဲတပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ခဲ့ရပြီး ရဲအရာရှိ ၈ ဦး၊ ရဲတပ်ဖွဲ့ဝင် ၄၂ ဦးဖြင့် ထိန်းသိမ်းခဲ့ရကြောင်း ဦးသန့်ဇင်ခိုင်က ဆိုသည်။ 

မြိုင်မြို့နယ် ကန်နီကျေးရွာသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အမာခံနယ်မြေဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD မဲဆွယ်စည်းရုံးရေးယာဉ်တန်းကို ကျေးရွာအတွင်းသို့ အဝင်မခံဘဲ လူစုလူဝေးဖြင့် တားဆီးပိတ်ပင်ဖူးကြောင်း မြိုင်မြို့နယ် အမှတ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေးက ဆိုသည်။

“စည်းရုံးရေးတောင်မှ လာခွင့်မပေးဘူးဆိုတဲ့ အုပ်စုတစ်စုကလည်း ဒီရွာမှာ ရှိခဲ့ကြတယ်။ ကျွန်တော်တို့တောင်မှ ဝင်ခွင့်မရတဲ့ ရွာကိုး။ စည်းရုံးရေးကားတောင် အလှည့်မခံခဲ့တဲ့ရွာက ဘာဖွင့်ဖွင့် ဆူတယ်လို့ ထင်ချင်လည်း ထင်မှာပေါ့။ အခံပေါ်မှာလည်း ဆိုင်မယ်ထင်ပါတယ်” ဟု ဦးဝင်းဌေးက ပြောသည်။

NLD ပါတီအောင်နိုင်ရေးသီချင်းကို နားမခံသာအောင် အသံကျယ်လောင်စွာဖွင့်ခြင်းကြောင့် ခိုက်ရန် စတင်ဖြစ်ပွားခဲ့ခြင်းသည်ဆိုသော ဝေဖန်ချက်များနှင့်ပတ်သက်၍ ဦးဝင်းဌေးက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ 

ပျက်စီးသွားသည့် ပစ္စည်းအချို့ (ဓာတ်ပုံ- ပေးပို့)

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကန်နီကျေးရွာ၌ NLD ပါတီက မဲရှုံးနိမ့်ခဲ့သော်လည်း ၂၀၁၅ အလွန်တွင် ပါတီအပေါ် အမြင်သဘောထားပြောင်းလဲလာသည့် အင်အားစုများရှိလာကြောင်း၊ စည်းရုံးရေးလုပ်ငန်းများလည်း ကောင်းမွန်လာမှုကြောင့် ဦးမြင့်နိုင်အပေါ် အမြင်မကြည်သူများ ရှိနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် ဦးနေဝင်းက ဦးမြင့်နိုင်ကို လှံဖြင့်ထိုးဖူးကြောင်း၊ ယခင်က NLD မဲဆွယ်စည်းရုံးရေးခရီးစဉ်များကို တားဆီးသူအများစုသည်လည်း ယခုဖြစ်စဉ်တွင် ပါဝင်နေကြောင်း ဦးမြင့်နိုင်က ပြောသည်။ 

ဦးနေဝင်းသည် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်သည်ဟု ပြောဆိုမှုများရှိသော်လည်း ၎င်းသည် ပါတီဝင်မဟုတ် ကြောင်း မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်က Myanmar Now ကို ပြောသည်။

“အခုက အဲ့ဒီပြဿနာကို စိစစ်နေတာလေ။ ရဲက သူတာဝန်ရှိတဲ့အတိုင်း စိစစ်နေတယ်။ ဖြစ်စဉ်အမှန်က ဘာလဲ။ သူတို့စစ်နေတယ်လေ။ ဖြစ်နေတယ်ဆိုတာမှ အဖြေမပေါ်သေးဘူး။ အခု ကိုနေဝင်းက ကျွန်တော်တို့ပါတီဝင်ပါလို့ တန်းပြီး ပြောနေတယ်။ လူတစ်ယောက်ဟာ ဒီပါတီဝင်ပါလို့ တန်းပြောလို့ရသလား။ ဒါတွေဟာ တရားလက်လွတ် ပြောလွန်းအားကြီးတယ်” ဟု ဦးဆန်းညွန့်အောင်က ပြောသည်။ 

NLD လွှတ်တော်ကိုယ်စားလှယ်အချို့၏ ပြောဆိုချက်များသည် အဓိကပါတီကြီးနှစ်ခုကို ရန်တိုက်ပေးနေသကဲ့သို့ ဖြစ်နေပြီး ပဋိပက္ခတွေဖြစ်အောင် ဖိတ်ခေါ်သလိုဖြစ်နေသည်ဟုလည်း ၎င်းက ဆိုသည်။ 

လက်ရှိတွင် ဦးမြင့်နိုင်နှင့် မိသားစုကို ကန်နီကျေးရွာတွင် မနေထိုင်ရန် ညွှန်ကြားထားပြီး အခင်းဖြစ်ပွားခဲ့သည့် နေအိမ်ကိုလည်း ရဲတပ်ဖွဲ့က လုံခြုံရေးယူထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က ဆိုသည်။

ပုဒ်မ ၆ (၁) သည် ပြည်သူပိုင်ပစ္စည်းကို ခိုးခြင်း၊ အလွဲသုံးစားလုပ်ခြင်း၊ ကိုယ်ကျိုးသုံးခြင်းနှင့် အကျိုးပျက်စီးအောင် ဆောင်ရွက်ခြင်းတို့အတွက် အရေးယူနိုင်သည့် ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ၇ နှစ်နှင့် ငွေဒဏ်များ ချမှတ်နိုင်သည်။ 

Show More

Related Articles

Back to top button