သတင်း

SNLD ဒုဥက္ကဋ္ဌပြောစကားကို ပုံဖျက်ထားသည့်သတင်းတု Facebook တွင်ပျံ့နှံ့

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို အားပေးရန်ပြောဆိုသည့် သတင်းအတုကို Facebook အသုံးပြုသူအချို့က အင်တာနက်လူမှုကွန်ရက်တွင် ပြန်လည်ဖြန့်လျက်ရှိသည်။

NLD အာဏာမရမီ လွန်ခဲ့သော ၅ နှစ်ခန့်က ဦးစိုင်းညွန့်လွင် ပြောဆိုခဲ့သည့်အကြောင်းအရာတစ်ခုကို ယခုနှစ်ဩဂုတ်တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ် ငြိမ်းချမ်းရေးညီလာခံ၌ ၎င်းမိန့်ခွန်းပြောဆိုနေသည့်ဓာတ်ပုံဖြင့် ယှဉ်တွဲကာ ဖြန့်ဝေနေကြခြင်းဖြစ်သည်။

ဦးစိုင်းညွန့်လွင် ပြောဆိုခဲ့သည့် အကြောင်းအရာမှာ “တစ်ခုက NLD အစိုးရဖြစ်မယ်ဆိုတော့ ကျွန်တော်တို့က အတိုက်အခံလုပ်ဖို့ ခက်မယ်လေ။ အရင်ပြည်ခိုင်ဖြိုးအစိုးရဆိုရင်တော့ အတိုက်အခံလုပ်ရတာ ပြဿနာမရှိဘူး။ နောက်ပြီးတော့ ပြည်နယ်ကိစ္စထားလိုက်ဦး ပြည်ထောင်စုမှာက ဒီအချိန်မှာ ဘာပဲဖြစ်ဖြစ် NLD ကို အားပေးသင့်တယ်လို့ ထင်တယ်။ သူအခက်အခဲဖြစ်အောင် ကျွန်တော်တို့ ဝိုင်းပြီး မလုပ်သင့်ဘူးလို့ ထင်တယ်” ဟူ၍ ဖြစ်သည်။

Myanmar Now ၏ အချက်အလက်စစ်ဆေးမှုအရ အဆိုပါပြောစကားကို ဦးစိုင်းညွန့်လွင်က ၂၀၁၆ ဇန်နဝါရီတွင် DVB သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းပြောစကားပါသည့် အင်တာဗျူးကို DVB သတင်းဌာနက “ရှမ်းအလှည့် မဟုတ်တော့ဘူး။ ရှမ်းအလှည့် ကျော်သွားပြီ” စိုင်းညွန့်လွင် (ကျားခေါင်းပါတီ)” ဆိုသည့် ခေါင်းစဉ်ဖြင့်၂၀၁၆ ဇန်နဝါရီ ၂၂ တွင် ထုတ်လွှင့်ခဲ့သည်။

အဆိုပါပြောစကား၏ နောက်ခံအကြောင်းအရာသည် လွန်ခဲ့သော ၅ နှစ်က NLD အစိုးရမဖွဲ့မီကာလနှင့်သာ သက်ဆိုင်ပြီး ယခုအချိန်ကဲ့သို့ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ဖြန့်ဝေနေခြင်းသည် ထင်ယောင်ထင်မှားဖြစ်အောင် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု အောက်တိုဘာ ၄ တွင် ဦးစိုင်းညွန့်လွင်က ၎င်း၏ Facebook အကောင့်မှတစ်ဆင့် ပြန်လည်ရှင်းလင်းရေးသားခဲ့သည်။

ငြိမ်းချမ်းရေးညီလာခံတုန်းက အခု (ပို့စ်) မှာ ဖော်ပြထားတဲ့ စကားမျိုးကို ကျနော်မပြောခဲ့ပါဘူး။ အခုတော့ မဲဆွယ်ကာလမှာပဲ ပြောလိုက်သလိုလိုလုပ်ပြီး လူတွေရဲ့ ထောက်ခံချက်ရအောင်လုပ်တဲ့ ဆောင်ရွက်ချက်အတုတစ်ခုပါ” ဟု ၎င်းက ရေးသားထားသည်။

အဆိုပါသတင်းတုကို Aung Kyaw Khaing အမည်ဖြင့် Facebook အကောင့်က စက်တင်ဘာ ၁၈ တွင် “အမေ့သား သမီးများသီးသန့်” ဆိုသည့် Facebook Group တွင် အစောဆုံးဖြန့်ဝေခဲ့ပြီး ပြန်လည်မျှဝေသူ ၉၀၀ ကျော်ရှိခဲ့သည်။

ယင်းအကောင့်ကပင် “အမေစုကို ချစ်ကြသူများသာ (သီးသန့်)” ဆိုသည့် Facebook Group တွင် ထပ်မံဖြန့်ဝေခဲ့ပြီး ပြန်လည်မျှဝေသူ ၅,၀၀၀ ကျော်အထိ ရှိခဲ့သည်။

ထို့နောက် အဆိုပါအကြောင်းအရာကို လူမှုကွန်ရက်အသုံးပြုသူ အများအပြားက သောင်းနှင့်ချီ ပြန်လည်ဖြန့်ဝေခဲ့ကြပြီး လက်ရှိအချိန်အထိ ပျံ့နှံ့နေဆဲဖြစ်သည်။

မည်သူက ဖန်တီးလုပ်ဆောင်ခဲ့ကြောင်း မသိသော်လည်း အာဏာရ NLD ပါတီအတွက် ထောက်ခံမှုရအောင် SNLD ခေါင်းဆောင်တစ်ဦးကို အသုံးချလိုက်သည့်အတွက် သက်ရောက်မှုကြီးပြီး “ဆိုးဝါးလှ” သည်ဟု ဦးစိုင်းညွန့်လွင်က ၎င်း၏ Facebook ပို့စ်တွင် ထည့်သွင်းရေးသားထားသည်။

“SNLD ခေါင်းဆောင်တစ်ယောက်ကို အသုံးချပြီး NLD အတွက် ထောက်ခံမှုရအောင် (အတုလုပ်ပြီး) ဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်။ ကိုယ့်ကြိုက်တဲ့ပါတီကို ထောက်ခံအောင် ပြောတာလဲပြောပေါ့။ ဒါပေမဲ့ လူထုကိုတော့ မလိမ်စေချင်ပါဘူး။ လိမ်တာသိသွားခဲ့ရင် ဆိုးကျိုးခံစားရပါလိမ့်မယ်။ မဲဆွယ်မှု ကျဆုံးပါလိမ့်မယ်။ လူလိမ်လို့ အပြောခံရလိမ့်မယ်” ဟု ၎င်းက ရေးသားခဲ့သည်။

NLD အဖွဲ့ဝင်များက သတင်းတု၊ သတင်းမှားများကို ထုတ်လွှင့်ခြင်းသည် NLD ၏ ပုံရိပ်နှင့်ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အတွက် သတင်းမှားကို သေချာစိစစ်ပြီးမှသာ တင်စေလိုကြောင်း NLD ၏ ဗဟိုအောင်နိုင်ရေးကော်မတီဝင် ဒေါက်တာမျိုးညွန့်က တိုက်တွန်းသည်။

“မမှန်သတင်းတစ်ခုကို ထုတ်လွှင့်လိုက်တိုင်းမှာ မိမိသာမဟုတ်ဘဲ ကျွန်တော်တို့အဖွဲ့ချုပ်ကိုလည်း ဂုဏ်သတင်းထိခိုက်စေတဲ့အတွက် ဒီလိုတင်တဲ့အခါမှာ သတိနဲ့ ချင့်ချိန်ပြီး တင်ကြဖို့ ကျွန်တော်တို့ အဖွဲ့ဝင်တွေကို မှာချင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

SNLD သည် ရှမ်းပြည်နယ်တွင် လူထုထောက်ခံမှု အများအပြားရရှိထားသည့် တိုင်းရင်းသားပါတီကြီးတစ်ခုဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မဲဆန္ဒနယ် စတုတ္ထအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီလည်း ဖြစ်သည်။

SNLD သည် ယခုလာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း မဲဆန္ဒနယ် ၁၀၉ ခု အပါအဝင် တစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ်ပေါင်း ၁၃၁ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Related Articles

Back to top button