ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ လူမျိုးနှင့် ကိုးကွယ်မှုဆိုင်ရာအချက်အလက်များ ထည့်သွင်းဖော်ပြထားသည့်အတွက် mVoter မိုဘိုင်းအက်ပလီကေးရှင်းအပေါ် ဝေဖန်မှုများရှိနေသည်။
မဲဆန္ဒရှင်ပညာပေးနှင့် ကိုယ်စားလှယ်လောင်းဆိုင်ရာအချက်အလက်များ လေ့လာနိုင်သည့် mVoter2020 ကို ဆွီဒင်အခြေစိုက် နိုင်ငံတကာဒီမိုကရေစီနှင့် ရွေးကောက်ပွဲအကူအညီပေးရေးအဖွဲ့ (IDEA) ၏ ရှေ့သို့မြန်မာ (STEP Democracy) စီမံချက်အရ စက်တင်ဘာ ၂၉ တွင် စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းနှင့် မိဘများ၏ လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာကို အလေးပေးဖော်ပြထားသော mVoter မိုဘိုင်းအက်ပလီကေးရှင်းမှတဆင့် လူမျိုးရေးခွဲခြားမှု၊ ဘာသာရေးအခြေခံ အမျိုးသားရေးဝါဒကို သွေးထိုးလှုံ့ဆော်လာမည့် အန္တရာယ်များ ဖြစ်ပေါ်စေနိုင်ကြောင်း Justice for Myanmar က ဝေဖန်ထောက်ပြခဲ့သည်။
“ရွေးကောက်ပွဲကာလအတွင်း လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ အမျိုးသားရေးဝါဒကိုလှုံ့ဆော်မယ့် အန္တရာယ်ရှိစေပါတယ်။ ကိုယ်စားလှယ်လောင်းတွေရဲ့ လူမျိုး၊ ဘာသာ အချက်အလက်တွေကို ထုတ်ပြန်တာဟာ မြန်မာနိုင်ငံမှာဖြစ်စေ၊ အလှူရှင်နိုင်ငံတွေမှာ ဖြစ်စေ၊ မဲဆန္ဒရှင်တွေအတွက် လက်ခံနိုင်စရာ မရှိပါဘူး” ဟု Justice for Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
mVoter အက်ပလီကေးရှင်းသည် မဲဆန္ဒရှင်များကို လူမျိုးနှင့်ဘာသာကို အခြေခံစဉ်းစားလာအောင် ရည်ရွယ်လုပ်ဆောင်ထားသည်မှာ သိသာထင်ရှားနေပြီး ကိုယ်စားလှယ်လောင်းများ၏ လုပ်ရည်ကိုင်ရည်နှင့် နိုင်ငံရေးလမ်းကြောင်းအပေါ် အခြေခံစဉ်းစားဖို့သာ ဦးတည်သင့်သည်ဟု Justice for Myanmar ၏ ထုတ်ပြန်ချက်က ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် နော်စူစန်နာလှလှစိုးကလည်း “ကိုယ်စားလှယ်လောင်းဆိုင်ရာ အချက်အလက်မဆိုထားနဲ့။ မှတ်ပုံတင်မှာတောင် လူမျိုးတွေ ဘာသာတွေထည့်တာကို ကျွန်မကတောက်လျှောက် ပြောလာခဲ့တာလေ။ လွှတ်တော်မှာလည်း ပြောတယ်။ လွှတ်တော်ပြင်ပမှာလည်း ပြောတယ်လေ” ဟု ပြောသည်။
ကိုးကွယ်သည့်ဘာသာနှင့် လူမျိုးဆိုင်ရာဖော်ပြချက်များ ရှိနေခြင်းကြောင့် တလွဲသုံးချင်သူများက အသုံးချနိုင်သည်ဟုလည်း နော်စူစန်နာလှလှစိုးက ပြောသည်။
ဥရောပသမဂ္ဂက ငွေကြေးပံ့ပိုးထားသည့် STEP Democracy အစီအစဉ်အောက်တွင် အိုင်ဒီယာမြန်မာ (International IDEA) အဖွဲ့က အာရှဖောင်ဒေးရှင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တို့နှင့် ပူးပေါင်းကာ mVoter2020 မိုဘိုင်းအက်ပလီကေးရှင်းကို ဖန်တီးရေးသားခဲ့ခြင်း ဖြစ်သည်။
mVoter 2020 အက်ပလီကေးရှင်းသည် ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲများအတွက် အာရှဖောင်ဒေးရှင်းက ဖန်တီးခဲ့သည့် mVoter အက်ပလီကေးရှင်းကို အဆင့်မြှင့်တင်ထားခြင်းဖြစ်ပြီး UEC အတည်ပြုချက်ဖြင့် အများပြည်သူသို့ မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်ဟု အိုင်ဒီယာမြန်မာအဖွဲ့က ဆိုသည်။
အက်ပလီကေးရှင်းတွင် ပါရှိသည့် ဘာသာ၊ လူမျိုး အပါအဝင် အချက်အလက်အားလုံးသည် ရွေးကောက်ပွဲဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုယ်စားလှယ်လောင်းများကိုယ်တိုင် တင်သွင်းထားခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့၏ မြန်မာပြည်ဌာနေကိုယ်စားလှယ် Marcus Brand က အောက်တိုဘာ ၂ တွင် Myanmar Now ကို ပြောကြားသည်။
“ဒီအချက်အလက်နှစ်မျိုးလုံး (ဘာသာနှင့်လူမျိုး) ကို mVoter2020 မှာ ထည့်သွင်းဖော်ပြဖို့ ဆုံးဖြတ်ခဲ့တာက UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) ပါ” ဟု ၎င်းက ပြောသည်။
အဆိုပါ mVoter မိုဘိုင်းအက်ပလီကေးရှင်းတွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ (DHRP) ပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ ဒို့စ်မူဟာမက် (ခ) ဦးအေးဝင်း၏ အချက်အလက်များအား ဖော်ပြရာတွင် ၎င်းနှင့် ၎င်း၏ မိဘများ၏ လူမျိုးနေရာတွင် ရိုဟင်ဂျာအစား ‘ဘင်္ဂလီ-ဗမာ’ ဟု သုံးနှုန်းဖော်ပြထားသည်။
မှတ်ပုံတင်လျှောက်ထားစဉ်ကပင် မိမိတင်ပြသည့် လူမျိုးအမည်ဖော်ပြချက်အပေါ် အစိုးရက လက်မခံခဲ့သည့် အနေအထားတွင် mVoter ၌ ထိုသို့ဖော်ပြထားခြင်းအပေါ် အထူးအထွေ မှတ်ချက်မပေးလိုကြောင်း မကြာသေးမီက ကိုယ်စားလှယ်လောင်းအဖြစ်မှ ထပ်မံပယ်ချခံရသူ ဒို့စ်မူဟာမက် (ခ) ဦးအေးဝင်းက ပြောသည်။
ကမာရွတ်မြို့နယ်တွင် ပြည်သူ့ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုနေယံဦးကမူ mVoter ၏ ဖော်ပြချက်က သင့်တော်မှုရှိမရှိကို အဖြေမပေးနိုင်သော်လည်း “ပြောနိုင်တာတစ်ခုက ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ ဘာသာရေးကို အကြောင်းပြပြီးသော်လည်းကောင်း၊ လူမျိုးကို အကြောင်းပြပြီးတော့သော်လည်းကောင်း နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် ခွဲခြားဆက်ဆံတာတွေ ရှိနေတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတော်အလံကို ပရိုဖိုင်းတင်ထားသည့် “The Conservative” အမည်ရှိ Facebook စာမျက်နှာတစ်ခုက ကိုနေယံဦးနှင့်ပတ်သက်သော mVoter မှ ဖော်ပြချက်ချက်ကို ရိုက်ယူကာ လူမျိုးရေးဆန်သည့် တိုက်ခိုက်ရေးသားထားသော ပို့စ်တစ်ခုကို တင်ခဲ့သည်။
“တရုတ်+ဗမာ ကပြားတစ်ဦး ပြည်သူ့လွှတ်တော်ထဲရောက်ရှိလာခြင်း ရှိမရှိ ပြည်သူတွေက အဆုံးအဖြတ်ပေးရမှာ ဖြစ်ပါတယ်ခင်ဗျား” ဟု ထိုစာမျက်နှာက အောက်တိုဘာ ၃ တွင် ရေးသားခဲ့သည်။
၂၀၁၂ ကတည်းက စတင်ဖွင့်လှစ်ထားပြီး “Follower” ၁၃,၀၀၀ ကျော်ရှိ အဆိုပါ “The Conservative” Facebook စာမျက်နှာသည် လက်ရှိအာဏာရ NLD ပါတီ အပါအဝင် အခြားနိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်၍ ဘာသာရေး၊ လူမျိုးရေးပေါ် အခြေခံသော ပုတ်ခတ်ရေးသားမှုများ တင်လေ့ရှိသည်။
သို့ရာတွင် ယင်းစာမျက်နှာသည် ဒေါက်တာလှဌေး၊ ဦးဝဏ္ဏမောင်လွင် အစရှိသည့် ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်လောင်းများကိုမူ “ဒဂုံ(အရှေ့)ကို မြှင့်တင်ဖို့ ပညာတတ်၊ ပညာရှင်ကို မဲပေးစို့” ၊ “အမျိုးကောင်းသား ဝါရင့်သံတမန်ကြီးလာပြီ” စသည့် ရေးသားချက်များဖြင့် မဲဆွယ်စည်းရုံးပေးလျက်ရှိသည်။
ရွေးကောက်ပွဲများတွင် မဲဆွယ်သည့်အခါတွင်ဖြစ်စေ၊ ကိုယ်စားလှယ်လောင်းကြေညာချက်များ၊ လက်ကမ်းစာစောင်များတွင်ဖြစ်စေ မည်သည့်ပါတီမဆို လူမျိုး၊ ဘာသာများအား ထည့်သွင်းဖော်ပြခြင်းအပေါ် မနှစ်သက်ကြောင်း NLD ပါတီမှ ပန်းဘဲတန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်က ပြောသည်။
“နိုင်ငံတော်အစိုးရရဲ့ ယန္တရားတွေမှာပဲဖြစ်ဖြစ်၊ အလုပ်လျှောက်ကြတဲ့ နေရာတွေမှာပဲဖြစ်ဖြစ်၊ ဘာသာလူမျိုးဆိုတဲ့ ကိစ္စတွေက နောက်ပိုင်းမှာ ဒီမိုကရေစီတကယ်စံနှုန်းအပြည့်အဝနဲ့ သွားမယ်ဆိုလို့ရှိရင် ဒါကြီးက ဖြုတ်ကို ဖြုတ်ရမှာဗျ၊ အခု mVoter ကိစ္စမှာလည်း ကျွန်တော် ဒီလိုပဲ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲမဲဆွယ်ကာလတွင် အစ္စလာမ်ဘာသာဝင်ဖြစ်ခြင်းကို ဦးတည်လျက် အင်တာနက်လူမှုကွန်ရက်တွင် တိုက်ခိုက်မှုများ ခံနေရသည်ဟုလည်း ကိုစည်သူမောင်က ပြောသည်။
mVoter မိုဘိုင်းအက်ပလီကေးရှင်းတွင် ယခုကဲ့သို့သော ခွဲခြားမှုများပြုလုပ်ထားသည့် အချက်အလက်များ ပါဝင်လျက်ရှိသည်ကို ကြိုတင်မသိရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံရုံးမှ အကြံပေး Pierre Michel က ပြောကြားကြောင်း Reuters သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
အဆိုပါမိုဘိုင်းအက်ပလီကေးရှင်းနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။