ရွေးကောက်ပွဲ

နှင်းဆီပါတီ၏ Facebook စာမျက်နှာများက သတင်းမှားများဖြန့်ဝေခဲ့

ပန်းဘဲတန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီကိုယ်စားလှယ်လောင်း ကိုစည်သူမောင်သည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ပိတ်ခိုင်းပြီး အာရဗီဘာသာစကားကို ကျောင်းစာတွင် ပြဋ္ဌာန်းရန် တောင်းဆိုခဲ့သူဖြစ်ကြောင်း သတင်းမှားကို နှင်းဆီပါတီ၏ Facebook စာမျက်နှာများက ဖြန့်ဝေခဲ့သည်။ 

အင်တာနက်လူမှုကွန်ရက်တွင် ပျံ့နှံ့မှုအားကောင်းခဲ့သည့် အဆိုပါသတင်းမှားတွင် ကိုစည်သူမောင်သည် “ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက အာရဗီဘာသာစကားကို ကျောင်းသင်ခန်းစာတွေထဲမှာ ထည့်သွင်းပြဋ္ဌာန်းခွင့်ရရှိရေးတောင်းဆိုခဲ့သူဖြစ်ပြီး တကယ်လို့ မပြဋ္ဌာန်းပေးဘူးဆိုရင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကိုပါ ပိတ်ပေးဖို့ တောင်းဆိုခဲ့သူပါ” ဟု ပန်းဘဲတန်းမြို့နယ် နှင်းဆီပါတီ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ 

အစ္စလာမ်ကိုးကွယ်သူများ၏ ကိုရမ်ကျမ်းစာကို အာရဗီဘာသာစကားဖြင့် ရေးသားထားပြီး၊ ကိုစည်သူမောင်မှာ NLD ပါတီမှဝင်ပြိုင်မည့် အစ္စလာမ်ဘာသာဝင်ကိုယ်စားလှယ်လောင်းနှစ်ဦးအနက် တစ်ဦးဖြစ်သည်။ 

သို့ရာတွင် Myanmar Now ၏ အချက်အလက်စစ်ဆေးမှုများအရ ကိုစည်သူမောင်သည် သတင်းမှားတွင် ပါသကဲ့သို့ အာရဗီစာကို စာသင်ခန်းများထဲတွင် သင်ရန် ပြောဆိုခဲ့ဖူးကြောင်း မတွေ့ရှိရပေ။ 

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်ပြီး NLD ပါတီဝင် ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်ကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းက “ကျွန်တော် ဒီဘက (ဘုန်းတော်ကြီးသင်ပညာရေး‌) ကျောင်းနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ဒီအာရဗီစာကို အဲ့ဒီစနစ်မှာ သင်ဖို့ပဲဖြစ်ဖြစ် ပြောခဲ့တာ လုံးဝမရှိဘူး။ ဒါက မရိုးသားမှုတစ်ခုပဲ။ ကျွန်တော်က အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်နေတဲ့အပေါ် သာသာရေးအရ ထိုးနှက်မှုတစ်ခုလို့ပဲ မြင်တယ်” ဟု ပြောသည်။ 

Myanmar Now ၏ အချက်အလက်စစ်ဆေးမှုများအရ အဆိုပါသတင်းမှား (သတင်းတု) သည် စက်တင်ဘာ ၂၅ တွင် စတင်ပျံ့နှံ့ခဲ့ပြီး Mu Mu Myint ဆိုသည့် Facebook အကောင့်က အစောဆုံးဖြန့်ဝေခဲ့သည်။ ထို့နောက် UDP ပန်းဘဲတန်းမြို့နယ် Facebook စာမျက်နှာက စက်တင်ဘာ ၂၆ တွင် ထပ်မံကူးယူဖော်ပြခဲ့သည်။ 

အဆိုပါ သတင်းမှားကို ဖြန့်ဝေခဲ့သည့် UDP ပန်းဘဲတန်းမြို့နယ်ဆိုသည့် Facebook စာမျက်နှာသည် နှင်းဆီပါတီအကြောင်း Facebook တွင်ငွေပေးကာ ကြော်ငြာပေးနေသည့် စာမျက်နှာတစ်ခုဖြစ်သည်။ 

ထို့အပြင် နှင်းဆီပါတီ၏ အခြားစာမျက်နှာများဖြစ်သည့် UDP ဗိုလ်တထောင်မြို့နယ်၊ UDP သာကေတမြို့နယ်၊ UDP ပုဇွန်တောင်မြို့နယ်၊ UDP ကျောက်တံတားမြို့နယ်၊ UDP ဒေါပုံမြို့နယ်၊ UDP ထန်းတပင်မြို့နယ်၊ UDP ရန်ကင်းမြို့နယ်၊ UDP မင်္ဂလာတောင်ညွန့်မြို့နယ်၊ UDP မရမ်းကုန်းမြို့နယ်၊ UDP ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စသည့် Facebook စာမျက်နှာများကလည်း အဆိုပါသတင်းမှားကို ပြန်လည်မျှဝေခဲ့သည်။ 

NLD ပါတီဝင် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ကိုစည်သူမောင်ကို တိုက်ခိုက်ထားသည့် သတင်းမှားကို ဖြန့်ဝေခဲ့သည့် နှင်းဆီပါတီ၏ Facebook စာမျက်နှာများ။ (ဓာတ်ပုံ – သော်ဇင်မျိုး/ Myanmar Now) 

ထိုကဲ့သို့ နှင်းဆီပါတီ၏ Facebook စာမျက်နှာများက သတင်းမှားဖြန့်ဝေခဲ့မှုနှင့် ပတ်သက်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။ လက်ရှိအချိန်တွင် ယင်းစာမျက်နှာများတွင် အဆိုပါသတင်းတုကို မတွေ့ရှိရတော့ပေ။ 

ထို့အပြင်  ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ သဲကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စောယုမာ၏ Saw Yu Mar ဆိုသည့် Facebook အကောင့်သည်လည်း အဆိုပါသတင်းမှားကို ပြန်လည်မျှဝေခဲ့ကြောင်းတွေ့ရသည်။

အဆိုပါ Saw Yu Mar  Facebook အကောင့်တွင် ဘာသာရေးအရ တိုက်ခိုက်ထားသည့် အခြားသော သတင်းတု သတင်းမှားများကိုလည်း မျှဝေထားကြောင်း တွေ့ရသည်။ ယင်းကဲ့သို့ သတင်းတု သတင်းမှားများ ဖြန့်ဝေမှုနှင့်ပတ်သက်၍ ဒေါ်စောယုမာထံ ဆက်သွယ်မေးမြန်းရာတွင် သူ့အနေဖြင့် မသိရှိကြောင်း ပြောသည်။ 

“ကျွန်မအကောင့်က ကျွန်မတစ်ယောက်တည်း သုံးတာမဟုတ်ဘူး။ နှစ်ယောက်သုံးတာ။ အဲ့ဒါ မကြည့်မိလိုက်မိဘူး။ အဲဒါမျိုးတွေတင်ဖို့ အားကိုမအားဘူး။ အလုပ်ရှုပ်နေတာဆိုတော့လေ။ ဒီလိုမျိုးတင်ထားတယ်ဆိုရင် ဖျက်ခိုင်းပစ်လိုက်မယ်လေ” ဟု ဒေါ်စောယုမာက ပြောသည်။ 

မြန်မာနိုင်ငံတွင် လူသုံးအများဆုံးဖြစ်သည့် Facebook လူမှုကွန်ရက်တွင် ထိုသို့ သတင်းတု၊ သတင်းမှားများ ဖြန့်ဝေကာ တိုက်ခိုက်နေခြင်းသည် ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်နေခြင်းဖြစ်သည်ဟု ကိုစည်သူမောင်က ပြောသည်။

“ရွေးကောက်ပွဲမှာက ဘာသာရေးလူမျိုးရေးကို အကြောင်းပြပြီးတော့ မဲဆွယ်ခွင့်မရှိဘူးဗျ။ အခုလိုလုပ်နေတာတွေက ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်နေတာဖြစ်တယ်။ တကယ်တော့ ဘာသာဝင်ဆိုတဲ့ဟာနဲ့ ရွေးကောက်ပွဲမှာ မကြည့်သင့်ပါဘူး။ တိုင်းပြည်ကို ဘယ်လိုမျိုးဆောင်ရွက်ပေးမယ့်သူဖြစ်တယ်၊ ကြိုးစားမယ့်သူဖြစ်တယ် ဆိုတာကိုပဲ ကြည့်သင့်တယ်” ဟု ၎င်းက ပြောသည်။ 

Show More

Related Articles

Back to top button