မေးမြန်းခန်း

တရုတ်ဘီလျံနာသူဌေးဂျက်မားပင် သူ့တပည့်ဟု ပြောခဲ့သည့် နှင်းဆီပါတီဥက္ကဋ္ဌ

နှင်းဆီပါတီခေါ် UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်အရေးယူထားပြီဖြစ်သည်။ ထို့ပြင် ဦးကျော်မြင့်၏ နောက်ကြောင်းရာဇဝင်နှင့် ပတ်သက်၍လည်း ရဲလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုထားသည်။

ထောင်ပြေးဦးကျော်မြင့်၏ နှင်းဆီပါတီက ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်မရရှိခဲ့ပေ။ ၂၀၂၀ ရွေးကောက်ပွဲတွင် နှင်းဆီပါတီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ပြိုင်မည်ဖြစ်ပြီး မဲဆန္ဒနယ် ဒုတိယအများဆုံးဝင်ပြိုင်မည့် ပါတီလည်းဖြစ်သည်။ 

ဦးကျော်မြင့်သည် ‘ဝ’ တပ်ဖွဲ့နှင့် ပတ်သက်ဆက်နွှယ်နေသည်ဟု ယူဆခံရသည့် မြန်မာကျုံယွမ်ကုမ္ပဏီကို ဦးဆောင်လုပ်ကိုင်နေစဉ် ၁၉၉၈ ခုနှစ်တွင် ဖမ်းဆီးအရေးယူခြင်းခံခဲ့ရသည်။ ထောင်ဒဏ်ကိုးနှစ် ချမှတ်ခံခဲ့ရသော်လည်း ထောင်ကျပြီးတစ်နှစ်အကြာတွင် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ 

ထို့နောက်တွင် ကနေဒါနိုင်ငံတွင် ခိုလှုံနေထိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် UDP ပါတီကို ထူထောင်ကာ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့ခြင်းဖြစ်သည်။ 

ထောင်ပြေးဘဝဖြင့် နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက် နိုင်ငံရေးပါတီဥက္ကဋ္ဌအဖြစ် ပေါ်ထွက်လာသည့် ဦးကျော်မြင့်ထံတွင် ကိုယ်ရေးအရာရှိအဖြစ် ၂နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သူ တပ်မတော်မှ အငြိမ်းစားဗိုလ်မှူး ဦးဇော်ဝင်းထက်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်များအနက်မှ ကောက်နုတ်ဖော်ပြထားပါသည်။

မေး – ဦးကျော်မြင့်ဆီမှာ အလုပ်လုပ်ဖို့ ဘယ်လိုချိတ်ဆက်ခဲ့တာပါလဲ။ ဘယ်အချိန်မှာစပြီး အလုပ်ဝင်ခဲ့တာပါလဲ။ 

ဖြေ – တပ်ကအငြိမ်းစားယူပြီး ၂၀၁၆ ခုနှစ်လောက်က နိုင်ငံခြားလုံခြုံရေးကုမ္ပဏီကြီးတစ်ခုမှာ လစာငါးသိန်းနဲ့ လုံခြုံရေးအရာရှိ တာဝန်ထမ်းဆောင်နေတုန်း မြန်မာ့အလင်းသတင်းစာမှာပါတဲ့ မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက အလုပ်ခေါ်စာ ကြော်ငြာကို တွေ့ပါတယ်။ အဲ့မှာပါတာကတော့ စစ်ဘက်၊ ရဲဘက်မှ ကိုယ်ရေးအရာရှိ တာဝန်ထမ်းဆောင်သူတစ်ဦးအလိုရှိတယ်။ လစာ ၆ သိန်းနဲ့ ၁၀ သိန်းအထိပေးမယ်ဆိုတာနဲ့ အဲ့နေ့ဘဲ အလုပ်လျှောက်လွှာတင်ဖြစ်ပါတယ်။ လျှောက်လွှာတင်ပြီး နောက်တစ်နေ့ပဲ ဦးကျော်မြင့်ကိုယ်တိုင် အင်တာဗျူးတယ်။ သူကိုယ်တိုင်သဘောကျတာနဲ့ လစာ သုံးသိန်း၊ ဘောနပ်စ် (အပိုဆုကြေး) သုံးသိန်း ပေါင်းခြောက်သိန်းပေးမယ်။ နောက်ပိုင်း လစာနဲ့ ဘောနပ်စ် တိုးပေးမယ်။ နေစရာနဲ့အလုပ်အတွက် ကားပေးမယ်။ အလုပ်ချိန်ပြင်ပမှာ သူခေါ်ရင် ၄၅ မိနစ်အတွင်း လာနိုင်ဖို့ဘဲ လိုတယ်။ သဘောတူရင် မနက်ဖြန် အလုပ်ဆင်းနိုင်တယ်ပြောလို့ အဲ့နေ့ပဲ အလုပ်စဆင်းဖြစ်တာပါ။ 

မေး – ဦးကျော်မြင့်ရဲ့ ကိုယ်ရေးအရာရှိအနေနဲ့ အလုပ်တာဝန်နဲ့ ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေကို ပြောပြပေးစေလိုပါတယ်။ 

ဖြေ – ကိုယ်ရေးအရာရှိဆိုတော့ ကိုယ်ရေးကိုယ်တာကိစ္စတွေ အဓိက လုပ်ပေးရတာပေါ့။ အများနဲ့ လူမြင်သူမြင် လုပ်ရတဲ့လုပ်ငန်းတွေတော့ ပြောပြပါမယ်။ ဦးကျော်မြင့်က မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ ဥက္ကဋ္ဌအပြင် ညီညွတ်သောဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တယ်ဆိုတာကို အလုပ်ဝင်တဲ့ရက်ကျမှ သိရပါတယ်။ ပါတီကိစ္စလုပ်စရာ မလိုဘူးလို့ အဲ့နေ့ပဲ ခေါ်ပြောတဲ့အတွက် တစ်နှစ်ကျော်လောက်အထိ ပါတီနဲ့ကင်းကင်းရှင်းရှင်းနေရလို့ လုပ်ရကိုင်ရတာ အဆင်ပြေပါတယ်။ တာဝန်ကျေပွန်တဲ့အတွက် အဲ့ဒီနှစ်ပဲ ဘောနပ်စ်တစ်သိန်းတိုးလို့ လစာနဲ့ ဘောနပ်စ် ၇ သိန်းရပါ တယ်။ 

၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ပါတီကိစ္စတွေ ခိုင်းလာတဲ့အတွက် အခက်အခဲပြဿနာလေးတွေရှိပါတယ်။ ပြည်နယ်၊ တိုင်း၊ ခရိုင်မြို့နယ် စည်းရုံးရေးရုံးတွေ ဖွင့်ဖို့အတွက် မြန်မာပြည်အနှံ့ ခရီးထွက်ရတယ်။ ဘာကိစ္စနဲ့ပဲ ခရီးထွက်ထွက် ယာဉ်တန်းပုံစံမျိုး မီးထိုးပြီး သွားရတယ်။ ကားခေါင်းခန်းမှာ အရင်အစိုးရလက်ထက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တံဆိပ်ပါတဲ့ စာရွက်ကပ်ပြီး အမြန်လမ်းဂိတ်ကလွဲလို့ ကျန်ဂိတ်တွေကို ဂိတ်ကြေးမပေး၊ ယာဉ်မရပ် ဘဲဖြတ်တော့ ပြဿနာတက်ရင် ရှင်းပေးရတာလည်းရှိပါတယ်။ 

ပြည်နယ်၊တိုင်းကပါတီခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှုကို စုံစမ်းပြီးတင်ပြခိုင်းတာ၊ သူတို့ပြဿနာ ဖြစ်နေတာကို မသိရင် ကိုယ်ရေးအရာရှိဖြစ်တဲ့ကျွန်တော့်ကို သတိပေး မှတ်တမ်းရေးတာ၊ ဘောနပ်စ်ဖြတ်တာတို့ လုပ်ရတာပေါ့။ 

နောက်ပြဿနာတစ်ခုကတော့ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရုံးတွေဖွင့်ဖို့ သွားတဲ့အခါမှာ လူစုလူဝေးနဲ့ စည်းရုံးရေးစကားတွေ ပြောတာပေါ့။ အဲ့ဒီတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ စရဖ၊ SB ၊ ရဲ စသဖြင့် ဌာနဆိုင်ရာတွေက စုံစမ်းမေးမြန်းတာတွေရှိရင် တာဝန်ယူပြီးဖြေရှင်းပေးရတာပေါ့။ စည်းရုံးရေးခရီးစဉ်မှာ လုပ်တဲ့ညစာစားပွဲမှာ ဦးကျော်မြင့်အပြင် ပါတီဝင်ဖြစ်တဲ့ ရွာကလူတွေကို အရက်၊ ဘီယာ၊ ငှဲ့ခိုင်းပြီး ဧည့်ခံခိုင်းတာ စိတ်အညစ်ရဆုံးဘဲ။

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ခရီးသွားရာတွင် အသုံးပြုလေ့ရှိသည့် မော်တော်ယာဉ်။ 

မေး – ဦးကျော်မြင့်က ပါတီမှာ ဘယ်လိုမျိုး စီမံခန့်ခွဲပါသလဲ။ သူရဲ့စိတ်နေစိတ်ထားသဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ – ဦးကျော်မြင့်မှာ အသက် ၂၅ နှစ်နဲ့ ၃၀ ကြား အတွင်းရေးမှူး ၄ ယောက်ခန့်ထားပြီး သူတို့ထဲက တစ်ယောက်က ဦးကျော်မြင့်ပိုင်တဲ့ ပန်းလှိုင်အိမ်မှာ အလှည့်ကျ ညအိပ်ပြီး တစ်နေကုန် သူရဲ့ နေထိုင်စားသောက်ရေးအတွက် လုပ်ပေးရတယ်။ ကျန်တဲ့ သုံးယောက်ကို ပါတီကိစ္စနဲ့ အခြားကိစ္စတွေ ခိုင်းတာပေါ့။ ပါတီရုံးအဖွဲ့နဲ့ ပါတီရုံးလုပ်ငန်းစနစ်က မှန်မှန်ကန်ကန်မရှိတော့ ပါတီလုပ်ငန်းအားလုံးကို ဦးကျော်မြင့်နဲ့ အတွင်းရေးမှူးတွေပဲ အဓိကလုပ်တာများတာတွေ့ရတယ်။ 

ဦးကျော်မြင့်က ဗမာပြည်ကွန်မြူနစ်ပါတီ တပ်ပိုင်းဆိုင်ရာမှာ နေတာကြာတော့ လူတစ်ဖက်သားကို သိပ်မယုံဘူး။ စားတာသောက်တာ သွားတာလာတာကအစ သတိထားတယ်။ သိပ်အမှားမခံဘူး။ လျှို့လျှို့ဝှက်ဝှက်နေထိုင်တတ်တာ တွေ့ရတယ်။ ဦးကျော်မြင့်က ပါတီနဲ့ကုမ္ပဏီမှာ အချင်းချင်းညီညွတ်စည်းလုံးနေတာကို သိပ်မကြိုက်ချင်ဘူး။ ဒါကြောင့် ပါတီနဲ့ ကုမ္ပဏီအတွင်းမှာ အချင်းချင်း ပြဿနာ ခဏခဏတက်တာ တွေ့ရပါတယ်။ ဦးကျော်မြင့်က သူ့ကိုပဲ လေးစားအားကိုး ယုံကြည်နေရမယ်လို့ ခံယူထားပုံရပါတယ်။ 

မေး- ဦးကျော်မြင့်က မြန်မာကျုံယွမ်ကုမ္ပဏီလုပ်တုန်းကလည်း တပ်မတော်အရာရှိတွေပါတယ်။ ခု သူ့ရဲ့ဝန်ထမ်းတွေ ခန့်အပ်ရာမှာလည်း တပ်မတော်အရာရှိတွေပါတယ်။ ဘယ်လိုအချက်တွေကြောင့် တပ်မတော်အရာရှိတွေကို ခန့်အပ်တယ်လို့ ထင်ပါသလဲ။ 

ဖြေ – ၁၉၉၆ မတိုင်မီက ရန်ကုန်မှာ ဦးကျော်မြင့်ပိုင် ကုမ္ပဏီနဲ့အိမ်တွေကို နိုင်ငံပိုင်သိမ်းခံရတယ်လို့ ဦးကျော်မြင့်ပြောပြချက်အရ သိထားပါတယ်။ မြန်မာကျုံယွမ်ကုမ္ပဏီနဲ့ ဆက်စပ်မှု ရှိ၊မရှိတော့ အတိအကျမသိပါဘူး။ ဦးကျော်မြင့်က လက်နက်ကိုင်အဖွဲ့အစည်းမှာ လုပ်ခဲ့တာ သိထားတော့ စစ်တပ်ကအရာရှိ(ငြိမ်း)တွေနဲ့လုပ်ရတာ အဆင်ပြေတယ်ထင်လို့ ဖြစ်မှာပေါ့။ လုံခြုံရေးအရ ကြည့်ရင်လည်း သူ့အတွက် စိတ်ချရသလို ဌာနဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ စစ်တပ်က အရာရှိ(ငြိမ်း)တွေကို ခိုင်းရတာ အဆင်ပြေတယ်လို့ ပြောဖူးတယ်။ 

နောက်တစ်ချက်က ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက် ဖွဲ့စည်းခဲ့တဲ့ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးကော်မတီဆိုတာ ရှိတယ်။ နိုင်ငံတော်အဆင့်ဖွဲ့ထားတာလေ။ သူပြောတာတော့ အဲ့ကော်မတီမှာ ဒုဥက္ကဋ္ဌလား၊ အတွင်းရေးမှူးလား မသိဘူး။ ရာထူးအရမ်းကြီးတယ်။ ၁၉၉၇ မတိုင်မီက ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့အတူ လုပ်ဖူးတယ်လို့ ပြောတယ်။ ဒီတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ အခြားထိပ်ပိုင်းခေါင်းဆောင်တွေ သွားလာတာကြည့်ပြီး အားကျခဲ့တာလည်း ဖြစ်မှာပေါ့။ ဒါကြောင့် တပ်မတော်အရာရှိ(ငြိမ်း)တွေကို သူ့ဆီမှာ ခန့်တယ်။ ပြီးရင် VIP လို ယာဉ်တန်းနဲ့ သွားလာတာဖြစ်မယ်လို့ ထင်တယ်။ 

မေး – ဦးကျော်မြင့်က နှင်းဆီပါတီအတွက် ပါတီမူဝါဒတွေချမှတ်တဲ့အခါ၊ ဆုံးဖြတ်ချက်ချတဲ့အခါ ဘယ်လိုမျိုးလုပ်ဆောင်လေ့ရှိသလဲ။ 

ဖြေ – ဦးကျော်မြင့်ပါတီမှာ ပါတီ CEC တွေ၊ EC တွေနဲ့ ဖွဲ့စည်းထားပေမယ့် ပါတီတစ်ခုလုံးကို ဦးကျော်မြင့်ငွေနဲ့ လစဉ်သိန်းထောင်ချီ အကုန်အကျခံ လည်ပတ်နေတာပါ။ ဒါကြောင့် ပါတီမူဝါဒနဲ့ ဆုံးဖြတ်ချက်ကတော့ ဦးကျော်မြင့်ပဲ လုပ်တာပါ။ CEC, EC အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ထားတဲ့ မူဝါဒရဲ့ဆုံးဖြတ်ချက်ဆိုတာ မရှိသလောက်ရှားတယ်။ မူဝါဒနဲ့ ဆုံးဖြတ်ချက်တွေကို သူကိုယ်တိုင်ပဲ ချမှတ်တယ်။ ပြီးရင် ကိုယ်ရေးအတွင်းရေးမှူး ကလေးမလေးတွေက လက်မှတ်ထိုးပြီး ပါတီတွင်း ဖြန့်တာတွေ့ရတယ်။ 

မေး – ဦးဇော်ဝင်းထက်အနေနဲ့ တာဝန်မကျေပွန်ဘဲ စည်းကမ်းအကြိမ်ကြိမ်ချိုးဖောက်လို့ ရာထူးက ထုတ်ပယ်ခဲ့တာလို့ ဦးကျော်မြင့်ရဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့တယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။ 

ဖြေ – ကျွန်တော့်မှာ အထောက်အထားအပြည့်အစုံရှိပါတယ်။ လူတစ်ယောက်ကို ဒုက္ခပေးချင်ရင် မဟုတ်မမှန်တဲ့ သတင်းတွေနဲ့ ဝါဒဖြန့်ပြီး အလုပ်ကထုတ်တာပါ။ ပါတီအတွင်းလည်း ဒီတိုင်းပါပဲ။ အဖြစ်မှန်က ဒီလိုပါ။ ၂၀၁၉ ဇန်နဝါရီလကစပြီး ဦးကျော်မြင့်အမိန့်အရ မနက် ၇ နာရီကနေ ည ၉ နာရီအထိ အလုပ်ဆင်းရတယ်ဗျာ။ အဲဒါ အလုပ်သမားဥပဒေကို ချိုးဖောက်တာဆိုပေမဲ့ ကျွန်တော် မပြောပါဘူး။ 

၂၀၁၉ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ နောက်တစ်နေ့ကစပြီး မနက် ၇ နာရီကနေ နောက်နေ့ ၇ နာရီ အထိ ညအိပ်အလုပ်ဆင်းဖို့ပြောတယ်။ ကျွန်တော်က အလုပ်သမားဥပဒေအတိုင်း လုပ်ဖို့ပြောတာကို ဦးကျော်မြင့်က စိတ်ဆိုးပြီး အလုပ်ကထုတ်တာဖြစ်ပါတယ်။ မင်းကြိုက်တဲ့နေရာမှာတိုင် ငါ့မှာ ငွေလည်းရှိတယ်၊ လူလည်းရှိတယ်၊ ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုတာ ပြောတယ်။ အဲဒီကိစ္စ မြို့နယ်အလုပ်သမားရုံးမှာ ဖြေရှင်းထားတဲ့ စာရွက်စာတမ်းတွေ ရှိပါတယ်။ 

ကျွန်တော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးတဲ့အတွက် တစ်ချိန်ကျရင် ဦးကျော်မြင့်ကို တရားစွဲမှာပါ။ တရားစွဲလို့ ရမရကတော့ ကျွန်တော့်ရှေ့နေနဲ့ တိုင်ပင်ရဦးမယ်။ ဘာကြောင့်လည်းဆိုတော့ ဒီအမိန့်စာကို ဦးကျော်မြင့် လက်မှတ်ထိုးတာ မဟုတ်ဘူး။

ညီညွတ်သောဒီမိုကရက်တစ်ပါတီက ပြည်နယ်၊တိုင်း ခရိုင်အလိုက် ခေါင်းဆောင်တော်တော်များများက တောသူတောင်သားတွေများပြီး ရိုးသားကြပါတယ်။ ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဦးကျော်မြင့်ရဲ့ စည်းရုံးမှုကို ယုံကြည်အထင်ကြီးနေတာ။ အမှန်တော့ ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်က ငွေအားကိုးနဲ့ ထင်ရာစိုင်းပြီး တည်ဆဲဥပဒေတွေ ချိုးဖောက်တာအများကြီးပဲ။ 

ဥပမာဗျာ  နေပြည်တော် ကျည်တောင်ကန်ရုံးချုပ်လုပ်တဲ့ခြံထဲမှာ Gas (သဘာဝဓာတ်ငွေ့ပိုက်လိုင်း) ပိုက်လိုင်းရှိတယ်။ အဆောက်အအုံမဆောက်ဖို့၊ လူမနေဖို့ သက်ဆိုင်ရာက တားမြစ်ပေမယ့် သူက ဂရုမစိုက်ဘူး။ ခြံစည်းရိုးခတ်ပြီး ခိုးလုပ်တယ်။ မူဆယ်အသွားအပြန် ခရီးသွားရင် စစ်ဆေးရေးဂိတ်တွေကို အစစ်အဆေးမခံဘဲ ဖြတ်တာရှိတယ်။

နောက်ရှိသေးတယ်။ မှော်ဘီဂျပန်ဘုရားနားမှာ ဧက ၉၀ ကျော်တဲ့ ခြံကြီးကို သိန်းငါးသောင်းကျော်လောက်နဲ့ ဝယ်ပြီး လယ်ယာမြေတွေပေါ်မှာ အဆောက်အအုံ၊ ရေကန်၊ ဂေါက်ကွင်းလမ်းတွေကို မြေယာဥပဒေနဲ့ ဆန့်ကျင်ပြီး ဆောက်တယ်ဗျာ။ ပြီးတော့ ဝယ်တဲ့အခါမှာလည်း အခွန်တွေမသွင်းလို့ သိထားတယ်။ ဒါတွေကိုကြည့်ရင် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဦးကျော်မြင့်က ဘယ်လောက်ထိ တရားဥပဒေကို လိုက်နာတယ်ဆိုတာ စစ်ဆေးကြည့်ရင် တွေ့ရမှာပါ။ 

အခုရန်ကုန်ရုံးခွဲလုပ်တဲ့ မာလာမြိုင် ၇ လမ်း၊ ၁၆ ရပ်ကွက်၊ လှိုင်မြို့နယ် ဗဟိုလမ်းမှာရှိတဲ့ IC  ဟိုတယ်နဲ့ သူနေတဲ့ ပန်းလှိုင်အိမ်ကို သူ့ရဲ့အတွင်းရေးမှူးနာမည်တွေနဲ့ လုပ်ထားတာက ဘာကြောင့်လည်းတော့ မသိဘူး။ ကျွန်တော် အလုပ်ကထွက်ပြီးနောက်ပိုင်း ပြောင်းရင်းပြောင်းမှာပေါ့ဗျာ။ ဦးကျော်မြင့် ဘယ်လိုလူမျိုးလည်းဆိုတာ အချိန်ကာလတစ်ခုရောက်ရင် သိရမှာပါ။ 

ဦးကျော်မြင့်ပိုင်ဆိုင်သည့် မှော်ဘီမြို့နယ်ရှိ ဧက ၉၀ အကျယ်ရှိ ခြံကြီးအတွင်း မြေယာအလှဆင်လုပ်ငန်းများဆောင်ရွက်နေစဉ်။ 

မေး – ဦးကျော်မြင့်ဥက္ကဋ္ဌလုပ်နေတဲ့ UDP ပါတီ ရွေးကောက်ပွဲဝင်ပြိုင်ခြင်းဟာ စီးပွားရေးထူထောင်ဖို့ လုပ်တယ်ဆိုတဲ့ ယူဆချက်တွေနဲ့ ပတ်သက်လို့ရော ဘယ်လိုထင်ပါသလဲ။ 

ဖြေ – ‌စီးပွားရေးကိစ္စကြောင့် ပါတီထောင်တာတော့ မဖြစ်နိုင်ဘူး။ လောလောဆယ် မြန်မာနိုင်ငံမှာ ဦးကျော်မြင့်ပိုင် စီးပွားရေးလုပ်ငန်း ကြီးကြီးမားမားမှ မရှိတာ။ အခြားကိစ္စကြောင့် ပါတီထောင်တာလို့ ထင်ပါတယ်။ လက်ရှိအနေအထားအရ နာမည်ကြီးဘဏ်တွေမှာ ဘီလျံနဲ့ချီပြီး ငွေအပ်ထားတယ်။ ဘက်ကရလဲဆိုတာတော့ ကျွန်တော်မသိဘူး။ ကိုယ်ရေးကိုယ်တာအတွက် လစဉ်သိန်းရာကျော်၊ ပါတီအတွက် လစဉ်သုံးတာ ထောင်ဂဏန်းနားကပ်တယ်လို့ သိရတယ်။ 

လက်ရှိကုမ္ပဏီနဲ့ ပါတီကို သူတစ်ယောက်တည်းရဲ့ ငွေနဲ့လည်ပတ်နေတာ။ မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတည်ထောင်ပြီးတော့ ကုမ္ပဏီကနေ ပါတီကိုထောက်ပံ့တဲ့ပုံစံမျိုးနဲ့ လုပ်ထားတာ။ ထောက်ပံ့တာကလည်း လူကိုထောက်ပံ့တာမဟုတ်ဘူး။ ရုံးအတွက် စာရေးကိရိယာနဲ့ အထွေထွေသုံးဖို့ ထောက်ပံ့တာဆိုပြီး ပြောခိုင်းထားတယ်။ အဓိကတော့ ဥပဒေကြောင်းအရ ရင်ဆိုင်လာရပြီဆိုရင် ပါတီက ထောက်ပံ့တာမဟုတ်ဘူး။ ကုမ္ပဏီက လှူတာပေါ့။ ဒါပေမဲ့ မြန်မာကျော်ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်မြင့်ဆိုတော့ ဘာထူးလို့လဲဗျာ။ 

နယ်တွေမှာ သူစည်းရုံးတာ တစ်ခုတော့ရှိတယ်။ ပါတီအောင်မြင်ရင် ပါတီဝင်တွေအားလုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမယ်။ အောင်မြင်အောင်ကြိုးစားလို့ ပြောထားတယ်။ ဒါပေမဲ့ ပါတီအောင်မြင်ဖို့ဆိုတာလည်း ခက်ခဲပါတယ်ဗျာ။ ဦးကျော်မြင့်ကလည်း သူ့ရဲ့မူဝါဒနဲ့ ဆုံးဖြတ်ချက်တွေကို ဝေဖန်ရင် မကြိုက်ဘူး။ ဝေဖန်တာ၊ ကန့်ကွက်တာလုပ်ရင် အဲလူ အထုတ်ခံရပြီမှတ်ပါ။ အဓိက လူတော်၊ မတော်တာထက် သူ့စကားနားထောင်ပြီး သူခိုင်းတာလုပ်ရင် ရပါပြီ။ 

သူ့စကားနားထောင်တဲ့သူ သူယုံကြည်ရမယ့်သူဆိုရင် ရာထူးအကြီးကြီးပေးပြီး စည်းရုံးထားတာ။ ဥပမာတစ်ခုကြည့်ပေါ့။ ပါတီတစ်ခုလုံးကို အမိန့်နဲ့ညွှန်ကြားချက်တွေ လက်မှတ်ထိုးတဲ့ ရုံးအဖွဲ့မှူးဆိုရင် နိုင်ငံရေးအရပဲကြည့်ကြည့် အသက်ပဲကြည့်ကြည့် ငယ်သေးတော့ ပါတီက နိုင်ငံရေးသမားကြီးတွေနဲ့ ခဏခဏ ပြဿနာတက်ရတယ်။ ကျွန်တော့်ဆို ရဲမင်းကြီးပေးမယ် ကြိုးစားလို့ပြောတော့ ဖြစ်နိုင်လား မဖြစ်နိုင်လား စဉ်းစားကြည့်ပေါ့။ 

တရုတ်ပြည် ဘီလျံနာသူဌေးကြီး ဂျက်မားက သူတပည့်လုပ်ဖူးတယ်။ သူ့ဆီမှာ အကြွေးတောင် ရှိသေးတယ်။ အမေဇုန် (Amazon) သူဌေးကြီးဆိုတာလည်း သူ့လုပ်ဖော်ကိုင်ဖက်လို့ ပြောတယ်။ ဟိုတယ်စားသောက်ဆိုင်ရင်လည်း အကောင်းဆုံးပဲ လုပ်ပေးခိုင်းတယ်။ ဘာကြောင့် အဲလိုတွေပြောပြီး ဒီလိုတွေလုပ်နေလည်းဆိုတာ သူပဲသိမယ်ဗျ။

မေး – ဦးကျော်မြင့်ရဲ့ မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ဘာလုပ်ငန်းတွေလုပ်ကိုင်တယ်လို့ သိရှိခဲ့ရပါသလဲ။ 

ဖြေ – လူမြင်သူမြင် လူသိထင်ရှားလုပ်တဲ့လုပ်ငန်းဆိုလို့ IC ဟိုတယ်လေး ဖွင့်ထားတယ်။ ဟိုတယ်က အခန်း ၂၀ လောက်ရှိပါတယ်။ အရင်တုန်းကတော့ တစ်လကို ငါးခန်းတို့၊ ခြောက်ခန်းတို့တော့ ငှားရတယ်။ တစ်လဝင်ငွေ သိန်းအစိတ်၊ ၃၀ လောက်တော့ ဝင်ပါတယ်။ အဲ့ဒါလေးတစ်ခုပဲရှိတယ်။ 

မေး – ညီညွတ်သောဒီမိုကရက်တစ်ပါတီနဲ့ ပတ်သက်တဲ့အတွေ့အကြုံတွေလည်း သိချင်ပါတယ်။ 

ဖြေ – ပါတီမှာ ဦးကျော်မြင့် ချမှတ်ထားတဲ့ ထူးထူးခြားခြားမူဝါဒတွေ ရှိတယ်။ အဲမူဝါဒကို ချိုးဖောက်ရင် ပြဿနာတက်ပြီ။ ဥပမာ ဘယ်နေရာမှာ လယ်တွေသိမ်းထားတယ်ဆိုရင် တချို့ပါတီဝင်တွေက သွားဖြေရှင်းမယ်လို့ ပြောတယ်။ သွားမလုပ်နဲ့၊ ကိုယ့်ကိစ္စကိုယ်လုပ်၊ မင်းတို့အဲလိုလုပ်ရင် ပါတီက ထုတ်ခံရမယ်ပြောတာ။ တကယ်လည်း တချို့ဆိုသွားလုပ်လို့ ပြဿနာတက်တာရှိတယ်။ ဦးကျော်မြင့်က နိုင်ငံရေးတော့လုပ်မယ်။ ပြည်သူတွေတက်နေတဲ့ပြဿနာတွေကို အစိုးရနဲ့ အတိုက်အခံလုပ်ပြီး ရှင်းတာတော့ မကြိုက်ချင်ဘူး။ 

မေး – အခု ဦးကျော်မြင့်ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါလဲ။ 

ဖြေ – သူ့စေတနာ သူအကျိုးပေးတာလို့ ထင်ပါတယ်။ သူလုပ်ထားတဲ့ကိစ္စတွေက ကောင်းရင် ကောင်းတာခံစားရမှာပဲလေ။ အမှန်တရားဆိုတာ ဖုံးကွယ်လို့မှ မရတာ။ အချိန်ကာလတစ်ခုကျရင် အဖြေပေါ်မှာပေါ့။ ဒီလောက်ပဲပြောချင်ပါတယ်။

Show More

Related Articles

Back to top button