ရွေးကောက်ပွဲ

မဲဆွယ်စည်းရုံးရေးဆင်းသည့် တအာင်းအမျိုးသားပါတီကို RCSS/SSA ခြိမ်းခြောက် 

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်တွင် မဲဆွယ်စည်းရုံးရေးဆင်းနေသည့် တအာင်းအမျိုးသားပါတီ (TNP) ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) က ဖိအားပေးခြိမ်းခြောက်နေကြောင်း TNP ပါတီတာဝန်ရှိသူက ယနေ့ (စက်တင်ဘာ ၂၉) တွင် ပြောသည်။

မိုင်းကိုင်မြို့နယ် ပန်တုကေကျေးရွာအုပ်စုရှိ ကျေးရွာသုံးရွာမှ အုပ်ချုပ်ရေးမှူးများထံ မဲဆွယ်စည်းရုံးခွင့်ပေးပါက ဒဏ်ကြေးငွေကျပ် ၁၀ သိန်းပေးဆောင်ရမည်ဟု RCSS/SSA က စက်တင်ဘာ ၂၆ တွင် စာပေးပို့ခဲ့ကြောင်း TNP ပါတီ ဗဟိုအတွင်းရေးမှူး တားကျော်အောင်က ပြောသည်။

အဆိုပါကျေးရွာများတွင် မဲဆွယ်စည်းရုံးရေးဆင်းမည့်အကြောင်း စက်တင်ဘာ ၂၀ ရက်ကတည်းက RCSS/SSA နယ်မြေခံတာဝန်ရှိသူများထံ စာပို့အကြောင်းကြားထားပြီးဖြစ်ကြောင်း မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် TNP ပါတီကိုယ်စားကိုယ်စားလှယ်လောင်း မိုင်းအောင်ခမ်းက ပြောသည်။

“အခုလောလောဆယ်‌တော့ မြို့နဲ့နီးတဲ့ ကျေးရွာတွေလောက်ပဲ သွားလို့ရသေးတယ်။ အလှမ်းဝေးတဲ့ရွာတွေဆို မသွားရဲသေးဘူး” ဟုလည်း ၎င်းက ပြောသည်။ 

မိုင်းကိုင်မြို့နယ်သည် တအာင်းနယ်မြေမဟုတ်သည့်အတွက် မဲဆွယ်စည်းရုံးခြင်းမပြုလုပ်ရန် RCSS/SSA က ပြီးခဲ့သည့်ဩဂုတ်လအတွင်း TNP ပါတီဝင်များကိုခေါ်ယူပြီး ဖိအားပေးခြိမ်းခြောက်ခဲ့ကြောင်းလည်း မိုင်းအောင်ခမ်းက ပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစာရေးများကို RCSS အဖွဲ့မှ စိုင်းထွန်းထွန်းဆိုသူက ဩဂုတ်လ ၂၉ ရက်တွင် အစည်းအဝေးခေါ်ယူကာ ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။ 

တအာင်းအမျိုးသားပါတီအနေဖြင့် မိုင်းကိုင်မြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန်နှင့် ဝင်ရောက်ယှဉ်ပြိုင်ပါက ပလောင်တိုင်းရင်းသားများ ဒုက္ခရောက်မည်ဟု စိုင်းထွန်းထွန်းက အဆိုပါအစည်းအဝေးတွင် ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု မိုင်းအောင်ခမ်းက ပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်း စိုက်ထူထားသည့် TNP  ပါတီ၏ မဲဆွယ်ဆိုင်းဘုတ်များအနက် အနည်းဆုံး ၄ ခုသည်လည်း ယခုလအတွင်း ဖျက်ဆီးခံခဲ့ရသည်ဟုလည်း ၎င်းက ပြောသည်။ 

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစိုင်းအုပ်ခေးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။ 

RCSS/SSA ထိန်းချုပ်နယ်မြေများတွင် ပါဝင်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသအချို့တွင် မဲဆွယ်စည်းရုံးမည်ဆိုပါက ကြိုတင်အကြောင်းကြားရမည်ဖြစ်ကြောင်း RCSS/SSA က စက်တင်ဘာ ၁ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

မဲဆွယ်စည်းရုံးရေးနှောင့်ယှက်ခံရခြင်း၊ ခြိမ်းခြောက်ခြင်းများအတွက် လွိုင်လင်ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် ရှမ်းပြည်နယ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ထံ စာဖြင့်တိုင်ကြားထားသည်ဟု TNP ပါတီ ဗဟိုအတွင်းရေးမှူး တားကျော်အောင်က ပြောသည်။

TNP ပါတီ၏ တိုင်ကြားစာနှင့် ပတ်သက်၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်တင်ပြထားသည်ဟု လွိုင်လင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသိန်းနိုင်က ပြောသည်။

တအာင်းအမျိုးသားပါတီ၏ တိုင်ကြားစာအတွက် RCSS/SSA ထံ ထပ်ဆင့်ပေးပို့ထားသော်လည်း အကြောင်းပြန်ကြားလာခြင်း မရှိသေးကြောင်း ပြည်နယ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အတွင်းရေးမှူး ခွန်ထွန်းတင်က ပြောသည်။ 

“ကျွန်တော်တို့ JMC-S အစည်းအ‌ဝေးတွေကလည်း ရပ်နားထားတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးလို့ မရသေးဘူးဗျ။ သူတို့အကြောင်းပြန်လာတာကိုပဲ စောင့်ရမှာပေါ” ၎င်းက ပြောသည်။

မိုင်းကိုင်မြို့နယ်တွင် နိုင်ငံရေးပါတီ ၆ ခု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တအာင်းအမျိုးသားပါတီက မိုင်းကိုင်မြို နယ်အတွင်းရှိ မဲဆန္ဒနယ် ၄ ခုလုံးတွင် ဝင်ပြိုင်မည်ဖြစ်သည်။

Show More

Related Articles

Back to top button