ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၀၀၀ ကျော်တွင် တည်ရှိပြီး၊ ၃၁၆.၆၆ စတုရန်းမိုင် ကျယ်ဝန်းသော ကိုးကန့်ဒေသ၏ တရုတ်-မြန်မာ နယ်စပ်မြို့ကလေး “လောက်ကိုင်” အမည်ကို ကမ္ဘာကြီးက မဆိုထားနှင့် ဒေသတွင်းနိုင်ငံများပင် မကြာသေးမီအချိန်ထိ ကြားဖူးကြလိမ့်မည် မဟုတ်ပါ။
သို့သော် ထိုမြို့ငယ်လေး၏ လတ်တလောအဖြစ်အပျက်များက ပေကျင်း၊ ဟနွိုင်း၊ ဘန်ကောက်နှင့် ကွာလာလမ်ပူကဲ့သို့ ဒေသတွင်းမြို့တော်များရှိ အစိုးရအသီးသီးကို အတော်ကလေး လှုပ်ခတ်သွားစေပါသည်။
အကြောင်းမှာ ထိုမြို့တွင် မည်သည့်အချိန်က ရောက်ရှိနေမှန်းမသိရသော ရာထောင်ချီသည့် တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ မလေးနှင့် လာအိုနိုင်ငံသားများသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများ (Telecoms Fraud Gangs) ၏ သားကောင်များအဖြစ် ပိတ်လှောင်ခြင်းခံနေရသည့် သတင်းများ ထွက်ပေါ်လာခြင်းကြောင့် ဖြစ်သည်။
ကမ္ဘာကြီးသည် ရုရှား-ယူကရိန်းနှင့် အစ္စရေး-ဟားမက်စ် စစ်ပွဲများကဲ့သို့ အရေးအခင်းကြီးများကိုသာ အာရုံစိုက်နေစဉ် တရုတ်-မြန်မာနယ်စပ်မြို့လေး လောက်ကိုင်က “ကျားဖျန့်” ဟု လူသိများသော အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ အန္တရာယ်သည် ဒေသတွင်းပြဿနာကြီးတစ်ခုအဖြစ် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
အသိမ်းပိုက်ခံ ပါလက်စတိုင်း၏ ဂါဇာကမ်းမြောင်ဒေသမှ ဟားမက်စ်တို့၏ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံလိုက်ရသော ထိုင်းနိုင်ငံသားများ လွတ်မြောက်ရေး အာရုံစိုက်အလုပ်များနေသော ထိုင်းအစိုးရသည် လောက်ကိုင်တွင် ပိတ်မိနေသော ရာနှင့်ချီသော ၎င်းတို့နိုင်ငံသားများကို အရေးပေါ်ကယ်ဆယ်ရေးက တစ်ပူပေါ် နှစ်ပူဆင့် ရင်ဆိုင်နေရသည်။
ထိုင်းအစိုးရသည် ထိုအရေးဖြေရှင်းရန် ပြည်တွင်းလုံခြုံရေး ထိပ်တန်းအရာရှိတစ်ဦးဖြစ်သော ဒု-ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate Hakparn ကို အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများနှင့် အရေးပေါ်ဆွေးနွေးရန် နိုဝင်ဘာလ ၆ ရက်နေ့က မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။
အလားတူ ဗီယက်နမ်အစိုးရသည် ရန်ကုန်အခြေစိုက် ဗီယက်နမ်သံရုံးမှတစ်ဆင့်လည်းကောင်း၊ တရုတ်အစိုးရနှင့်လည်းကောင်း လောင်ကိုင်တွင် ပိတ်မိနေသော ရာနှင့်ချီသော ဗီယက်နမ်နိုင်ငံသားများကို လုံခြုံဘေးကင်းစွာ ကယ်ဆယ်နိုင်ရေး ကြိုးပမ်းနေပြီး၊ မြန်မာနိုင်ငံတွင် ရောက်ရှိနေသော ဗီယက်နမ်နိုင်ငံသားများအတွက် အရေးပေါ် ဖုန်းလိုင်း (Hot Line) များဖွင့်လှစ်ပြီး၊ လုံခြုံရေးဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်လျက်ရှိသည်။
လောက်ကိုင်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် တရုတ်အစိုးရ အလိုရှိနေသည့် ရာဇဝတ်ဂိုဏ်းဝင်များနှင့် ထိုဂိုဏ်းများ၏ သားကောင်အဖြစ် ထောင်နှင့်ချီသော တရုတ်နိုင်ငံသားများက အများစုပိတ်မိနေခြင်း ဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများတွင် အခြေစိုက်ကာ တရုတ်နိုင်ငံသားများကို အဓိကပစ်မှတ်ထား လိမ်လည်နေသော ထိုအွန်လိုင်းငွေလိမ်ဂိုဏ်းများကြောင့် နှစ်စဉ် တရုတ်ယွမ်ငွေ ဘီလျံနှင့်ချီ ဆုံးရှုံးနေရပြီး၊ ထိုဂိုဏ်းများ၏ အန္တရာယ်က တရုတ်လူ့အဖွဲ့အစည်းအတွင်း “အမျိုးသားရေးပြဿနာ” ဖြစ်နေပြီး၊ တရုတ်အစိုးရ၏ “အမျိုးသားလုံခြုံရေးပြဿနာ” လည်း ဖြစ်နေသည်။
ထိုအခြေအနေတွင် သက်ဆိုင်ရာအစိုးရများအတွက် ပို၍ရှုပ်ထွေးသွားစေသည်က မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးပြဿနာ ဖြစ်သည်။ နိုင်ငံမြောက်ပိုင်းရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့ဟု လူသိများသော ကိုးကန့် (MNDAA)၊ တအာင်း (TNLA) နှင့် ရက္ခိုင်တပ်တော် (AA) တို့က စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး “၁၀၂၇ စစ်ဆင်ရေး” ကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကိုးကန့်ဒေသမှ စတင်လိုက်သည်။
ထိုစစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် ယခုအခါ လောက်ကိုင်မြို့ကို အဘက်ဘက်က ဝိုင်းပတ်ပိတ်ဆို့ထားပြီး မကြာမီ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မည်ဖြစ်၍ လောက်ကိုင်သည် စစ်မြေပြင်ဖြစ်လာတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်သည်။
လောင်ကိုင်သည် မည်သို့သော အရပ်ဒေသဖြစ်၍ အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ စားကျက်မြေအဖြစ် ရောက်ရှိသွားခဲ့သည်ကို သိရှိနားလည်နိုင်ရန်မှာ ထိုဒေသ၏ နောက်ခံသမိုင်းကို သိရှိရန် လိုအပ်လာပါသည်။
မြန်မာနိုင်ငံ၏ အရှေ့မြောက်ဒေသ တောင်တန်းလျှိုမြောင်ပေါများပြီး ဝေးလံခေါင်သီသော နယ်စပ်မြို့လေး လောက်ကိုင်သည် ကိုးကန့်တိုင်းရင်းသားများ၏ဌာန ကိုးကန့်ဒေသတွင် တည်ရှိပါသည်။ တစ်ချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) စိုးမိုးရာဒေသဖြစ်ခဲ့ပြီး၊ ကိုးကန့်တို့သည် တရုတ်ဘာသာစကားပြော တရုတ်လူမျိုးများဖြစ်ပြီး၊ ဒေသလူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော် ရှိပါသည်။ ထို့ကြောင့် ၎င်းတို့ကို “ကိုးကန့်တရုတ်” ဟူ၍လည်း လူသိများ သုံးနှုန်းခေါ်ဝေါ်ကြပါသည်။
မြန်မာ့အရေး နှံ့စပ်ကျွမ်းကျင်သော ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတီး(လ်) လင့်တနာ၏ ကိုးကန့်သမိုင်းစာမျက်နှာများကို ပြန်လှန်ခြင်း ဆောင်းပါးတွင် ကိုးကန့်ဒေသ မြန်မာပိုင်နက်နယ်မြေဖြစ်လာပုံမှာ ၁၈၉၇ ခုနှစ် မြန်မာနိုင်ငံကို ကိုလိုနီပြုထားသော ဗြိတိသျှအစိုးရနှင့် ဘေဂျင်းမြို့ရှိ တရုတ်ဧကရာဇ်တို့အကြား ဘေဂျင်းသဘောတူညီချက် (Beijing Convention) အရ ဖြစ်လာခဲ့သည်ဟု ဖော်ပြထားသည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်ကတည်းက မြန်မာစစ်တပ်၏ အဓိကရန်သူတော်ဖြစ်ခဲ့သော BCP သည် ထိုဒေသတွင် ကိုးကန့်လူမျိုးများကို အခြေခံအင်အားအဖြစ် ဖွဲ့စည်း စိုးမိုးထားရာမှ၊ ၁၉၈၉ ခုနှစ် မတ်လတွင် ဖုန်ကျားရှင် ဦးဆောင်သော ကိုးကန့်များက ဗမာအများစုဦးဆောင်သော ကွန်မြူနစ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ခဲ့ပြီး၊ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ရာမှ ထိုဒေသကို “အထူးဒေသ (၁)” အဖြစ် သတ်မှတ်ခေါ်ဝေါ်ခဲ့သည်။ အုပ်ချုပ်ရေးယူနစ်အားဖြင့် လောက်ကိုင် “ခရိုင်” ဟု သတ်မှတ်ခဲ့သည်။
၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် အာဏာရရှိလာသော သမ္မတဦးသိန်းစိန်အစိုးရသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (င) တွင် ပြဋ္ဌာန်းထားသော “ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို စုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ” အဖြစ် သတ်မှတ်သည့် ပြဋ္ဌာန်းချက်ကို စတင်အသက်သွင်း အကောင်အထည်ဖော်ခဲ့သည်။
ယနေ့ကာလအထိ ကိုးကန့်ဒေသတွင် တရုတ်ဘာသာစကားကို အဓိကပြောဆိုဆက်သွယ်ခြင်း၊ တရုတ်ယွမ်ငွေ သုံးစွဲခြင်း၊ တရုတ်နိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်ကို အဓိကထား သုံးစွဲခြင်း၊ တရုတ်နိုင်ငံနှင့် လွယ်ကူစွာ ကူးလူးသွားလာနိုင်ခြင်း၊ လောက်ကိုင်မြို့၏ အဓိကစီးပွားရေးမှာ ဟိုတယ်နှင့် ကာစီနိုလောင်းကစားလုပ်ငန်းများ ထွန်းကားခြင်း စသည့် အချက်များက အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ရန် ရေခံမြေခံကောင်းများ ဖြစ်လာခဲ့သည်။
အွန်လိုင်းငွေလိမ်ဂိုဏ်းများကြောင့် ပျက်စီးကိန်းဆိုက်နေသော ကာစီနိုမြို့တော်
ကာစီနိုလောင်းကစားလုပ်ငန်းကို တရားဝင်လုပ်ငန်းအဖြစ် နိုင်ငံအတော်များများတွင် ဥပဒေပြဋ္ဌာန်းခွင့်ပြုထားပြီး၊ တရုတ်နိုင်ငံပိုင် မကာအိုမြို့သည် ကာစီနိုမြို့တော်အဖြစ် ကမ္ဘာတွင် ထင်ရှားသည်။ ကာစီနိုလောင်းကစားကို စည်းမျဉ်းဥပဒေဖြင့် တရားဝင်ခွင့်ပြုထားသဖြင့် ကမ္ဘာ့အရပ်ရပ်က ဝါသနာရှင်များ မကာအိုသို့ ဝင်ထွက် လောင်းကစားမှုပြုနေပြီး ပြဿနာတစ်စုံတစ်ရာ မရှိပါ။
မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၃ ဖြင့် “လောင်းကစားဥပဒေ” ပြဋ္ဌာန်းခဲ့ပြီး၊ ထိုဥပဒေတွင် အစိုးရခွင့်ပြုချက်ဖြင့် ကာစီနိုလောင်းကစားလုပ်ငန်းကို နိုင်ငံခြားသားများသာ ရင်းနှီးမြှုပ်နှံခြင်း၊ လုပ်ကိုင်ခွင့်ရှိခြင်းနှင့် ကစားခွင့်ရှိသည့် လောင်းကစားအမျိုးအစားအဖြစ် ပြဋ္ဌာန်းခဲ့သည်။
စင်စစ် အစိုးရအဆက်ဆက်၏ တိုက်ရိုက်အုပ်ချုပ်ရေးသက်ရောက်မှု မရှိသော တရုတ်-မြန်မာနှင့် ထိုင်း-မြန်မာ နယ်စပ်ဒေသများတွင် ကာစီနိုလောင်းကစားလုပ်ငန်း ထွန်းကားနေသည်မှာ ထိုဥပဒေ မပြဋ္ဌာန်းမီ နှစ်အတန်ကြာကတည်းက ဖြစ်ပြီး၊ ဥပဒေအရ တရားဝင်လုပ်ငန်းဖြစ်ရေးအတွက် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။
ကာစီနိုလောင်းကစားလုပ်ငန်းကို ဟိုတယ်လုပ်ငန်းနှင့် တွဲဖက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်လေ့ရှိရာ ၄.၂၃ စတုရန်းမိုင်သာ ကျယ်ဝန်းသော ရပ်ကွက် ၃ ခုဖြင့် ဖွဲ့စည်းထားသည့် လောက်ကိုင်မြို့ကွက်ဧရိယာအတွင်း ဟိုတယ်ပေါင်း ၁၅၃ ခု ရှိနေပါသည်။ လောက်ကိုင်မြို့က ကာစီနိုလောင်းကစားရုံများတွင် အဓိက လာရောက်လောင်းကစားကြသူများမှာ တစ်ဖက်နယ်စပ်မှ တရုတ်နိုင်ငံသား အများစုဖြစ်သည်။
နှစ်ကာလအတော်ကြာ ထွန်းကားလည်ပတ်နေပြီး နှစ်နိုင်ငံအစိုးရများလည်း သိရှိထားကာ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းမရှိဘဲ ကာစီနိုမြို့တော် လောက်ကိုင်သည် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ “ဒုစရိုက်မြို့တော်” အဖြစ် အချိန်တိုအတွင်း အသွင်ပြောင်းလဲသွားကာ ဒေသတွင်းအစိုးရများ အလေးထားလာရသည်အထိ အမည်ဆိုးဖြင့် ကျော်ကြားခဲ့ပြီ ဖြစ်သည်။
အွန်လိုင်းငွေလိမ်ဂိုဏ်းများကြောင့် မထင်မှတ်သော တရုတ်-မြန်မာဆက်ဆံရေး အလှည့်အပြောင်း
ယခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် တရုတ်နိုင်ငံ၌ ပထမဆုံးအကြိမ် ရုံတင်ပြသခဲ့ပြီး၊ ရက်ပိုင်းအတွင်း တရုတ်ပြည်သူများအကြား တုန်လှုပ်ဖွယ်ရေပန်းစားခဲ့သော မြန်မာနှင့် ကမ္ဘောဒီးယားမှ အွန်လိုင်းငွေလိမ်ဂိုဏ်းများအကြောင်း ရိုက်ကူးထားသည့် No More Bets ရုပ်ရှင်ဇာတ်ကားကြောင့် တရုတ်နိုင်ငံသားများ မြန်မာပြည်သို့ မသွားကြရန် လှုံ့ဆော်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိလာခဲ့သည်။
ထိုရုပ်ရှင်ကားသည် “မြန်မာနိုင်ငံပုံရိပ်ကို ညှိုးနွမ်းထိခိုက်စေခဲ့ကြောင်း” တရုတ်နိုင်ငံ နန်နင်းမြို့ရှိ စစ်ကောင်စီခန့် ကောင်စစ်ဝန်ချုပ် ကျော်စိုးသိန်းက ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံး၊ ညွှန်ကြားရေးမှူး Ms. Lian Yin ကို ပြောကြားခဲ့သည့်သတင်းကို စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမိတ်ဖက် “ပေါက်ဖော်” ဆက်ဆံရေးတွင် ကြားလေသွေးပင်မခံသော စစ်ကောင်စီ၏ တရုတ်အစိုးရကို ရှားရှားပါးပါးတုံ့ပြန်မှုအဖြစ် သတိပြုမိသည်။
ထိုသို့ပြောဆိုပြီး ရက်အနည်းငယ်အကြာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျိန်းခမ်းခရိုင် ကုန်စည်ပြပွဲကို ဖိတ်ကြားချက်အရ (ယခုအခါ ရာထူးမှ ဖယ်ရှားခံလိုက်ရပြီဖြစ်သော) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ မြင့်ဆွေ ဦးဆောင်သော လောက်ကိုင်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ သွားရောက်စဉ် အောက်တိုဘာလ ၁ ရက်နေ့တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်သည်ဟု ယူဆရသော ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးကို တရုတ်ရဲများက ဖမ်းဆီးခဲ့သည်။
အောက်တိုဘာလ ၂ ရက်နေ့တွင် “ဝ” လက်နက်ကိုင်အဖွဲ့ UWSA ဒု-စစ်ဦးစီးချုပ် ပေါက်ကျွင်းဖုန်း (ခ) အာချန်ကို ယူနန်ပြည်နယ် ကူမင်းရဲတပ်ဖွဲ့က တရုတ်နိုင်ငံအတွင်း ထပ်မံဖမ်းဆီးလိုက်ပြီး၊ UWSA ခေါင်းဆောင်နှစ်ဦးကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လောက်ကိုင်မြို့၏ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သော မြီရှောက်ချန်းနှင့် မိသားစုဝင် ၃ ဦးကို ဖမ်းဆီးရန် ထပ်မံ ဝရမ်းထုတ်ခြင်း၊ သတင်းပေးနိုင်သူများကို ဆုငွေပေးမည်ဟု ကြေညာခြင်းတို့ကို တရုတ်အစိုးရ ဆက်တိုက်ပြုလုပ်ခဲ့သည်။
အဆိုပါ အရေးယူမှုများ ထွက်ပေါ်လာမှ မြန်မာပြည်သူအများစုသည် တရုတ်-မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းများပြဿနာကို အံ့ဩတကြီး သိရှိခဲ့ကြရသည်။
တရုတ်-မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းများပြဿနာအကြောင်း တရုတ်နိုင်ငံအခြေစိုက် Phoenix Media နှင့် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းတို့၏ အင်တာဗျူးကို စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများက အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဖော်ပြလာသည်။
ထိုအင်တာဗျူးတွင် သတင်းထောက်က အွန်လိုင်းငွေလိမ်ဂိုဏ်းများ မြန်မာနိုင်ငံအတွင်း ရောက်ရှိလာချိန်ကို မေးမြန်းရာ ဇော်မင်းထွန်းက “၂၀၂၀-၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမတိုင်မီ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဖြစ်ပွားခဲ့ပြီး၊ ၂၀၂၁-၂၀၂၂ ကူးချိန်မှာ မြန်မာနိုင်ငံကို ရောက်လာခဲ့တာ တွေ့ရပါတယ်” ဟု ဖြေဆိုခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကတည်းက စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် အပြည့်အဝရှိနေသော လောက်ကိုင်မြို့တွင် ထိုအချိန်က အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ခြင်းမရှိသေးဘဲ၊ အာဏာသိမ်းပြီးနောက်ပိုင်းမှ အခြေစိုက်လာကြောင်း ဇော်မင်းထွန်းပြောဆိုချက်အရ ထင်ရှားပေါ်လွင်သည်။
အာဏာသိမ်းချိန်ကတည်းက တရုတ်အစိုးရသည် စစ်ကောင်စီကို နိုင်ငံတကာတွင် အကာအကွယ်ပေးခဲ့သည်၊ ထို့ပြင် ၂၀၂၃ ခုနှစ်အတွင်း နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်ကြီးများထံ တရုတ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးအဆင့်မှသည် အဆင့်အမျိုးမျိုး လွန်းထိုးလာရောက်နေခြင်း၊ စစ်ကောင်စီအဖွဲ့ဝင်များ တရုတ်ပြည်သို့ ချောင်းပေါက်အောင် သွားရောက်နေခြင်းများကို အပေါ်ယံကြောလေ့လာပြီး တရုတ်-စစ်ကောင်စီ ဆက်ဆံရေး တိုးတက်နေပြီဟု အကဲခတ်စောင့်ကြည့်နေသူများ သုံးသပ်ခဲ့ကြသည်။
သို့သော် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားကို အကြီးအကျယ် ထိပါးနေသော တရုတ်-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းများပြဿနာကို ထိရောက်စွာနှိမ်နင်းရန် တရုတ်အစိုးရက မင်းအောင်လှိုင်ကို တိုးတိုးတိတ်တိတ် ဖိအားပေးနေခဲ့ခြင်းက နောက်ဆုံးတွင် မဖုံးဖိနိုင်လောက်အောင် ထင်ရှားပေါ်လွင်လာခဲ့သည်။
ထိုကာလ အောက်တိုဘာလ ၂၇ ရက်နေ့တွင် တရုတ်-မြန်မာဆက်ဆံရေး အခြေခံအုတ်မြစ်ကို ကိုင်လှုပ်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” က ချိန်သားကိုက် ပေါ်ပေါက်လာပြီး စစ်ဆင်ရေး၏ ရည်ရွယ်ချက်များထဲတွင် အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန်လည်း ပါဝင်ခဲ့သည်။
မြန်မာစစ်တပ်သမိုင်းတွင် မကြုံစဖူး အရှုံးနှင့် ရင်ဆိုင်နေရသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့သည်။ ထိုအစည်းအဝေးအတွင်း လောက်ကိုင်မြို့ရှိ ဟိုတယ်များတွင် “တရုတ်နိုင်ငံသား ၇,၃၉၅ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈၉ ဦး၊ ထိုင်းနိုင်ငံသား ၁၆၂ ဦး၊ မလေးရှားနိုင်ငံသား ၃၂ ဦးနှင့် လာအိုနိုင်ငံသား ၂ ဦး” တွေ့ရှိခဲ့ကြောင်း ပထမဆုံးအကြိမ် မင်းအောင်လှိုင် ထုတ်ဖော်ဝန်ခံခဲ့သည်။
သို့သော် ထိုနိုင်ငံခြားသားများ လောက်ကိုင်တွင် မည်သည့်အချိန်ကာလက ရောက်ရှိနေကြသည်၊ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်မှုရှိမရှိ စသည့် အသေးစိတ်အချက်အလက်များကို မင်းအောင်လှိုင် ပြောဆိုခဲ့ခြင်းမရှိပါ။
၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ လောက်ကိုင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးက ထုတ်ပြန်ထားသော ဒေသဆိုင်ရာအချက်အလက်မှတ်တမ်းတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ လူဦးရေ (၁၃၀,၀၁၁) ဦး နေထိုင်ကြောင်း တိုင်းရင်းသားလူမျိုးအလိုက် အောက်ပါဇယားတွင် ဖော်ပြထားသည်။
သို့သော် ထိုဇယားတွင် ဖော်ပြထားသော လူမျိုးစုနေရာတွင် ဒေသတွင်း လူဦးရေအများစုဖြစ်သော ၈၁.၆၉ ရာခိုင်နှုန်းကို “အခြား” ဟု ဖော်ပြထားပြီး၊ “ကိုးကန့်” ဟုသော်လည်းကောင်း၊ “ကိုးကန့်တရုတ်” ဟုသော်လည်းကောင်း ဖော်ပြခြင်းမရှိသည်ကို စိတ်ဝင်စားဖွယ်ကောင်းစွာ လေ့လာတွေ့ရှိရသည်။
ပို၍စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ ထိုဒေသတစ်ခုလုံးတွင် နိုင်ငံခြားသားနေထိုင်မှု ရှိမရှိ ဇယားကွက်ကို အချက်အလက် လုံးဝ ဖြည့်စွက်မထားခြင်းပင်။ ယင်းသည် ကာ/လုံအစည်းအဝေး၌ မင်းအောင်လှိုင်က လောက်ကိုင်တွင် နိုင်ငံခြားသား စုစုပေါင်း (၇,၇၈၀) တွေ့ရှိပါသည်ဟု ပြောဆိုထားချက်နှင့် ဖီလာဆန့်ကျင်လျက်ရှိသည်။
အဆိုပါ လောက်ကိုင် ထွေ/အုပ်၏ မှတ်တမ်းက နယ်စပ်မြို့၏ လူဝင်လူထွက်နှင့် လူဦးရေ ပကတိသွင်ပြင်လက္ခဏာကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားသကဲ့သို့ ရှိနေသည်။ ထိုအချက်မှ ကောက်ချက်ဆွဲနိုင်သည်မှာ လောက်ကိုင်မြို့ရှိ စစ်ကောင်စီ၏ အဆင်ဆင့်သော နယ်စပ်ဒေသလုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများ၏ ပါဝင်ပတ်သက်မှုမရှိဘဲ ၂၀၂၁ ခုနှစ်နောက်ပိုင်း အွန်လိုင်းငွေလိမ်ဂိုဏ်းများ အချိန်တိုအတွင်း လွတ်လပ်စွာ အခြေချပြန့်ပွားရန် မဖြစ်နိုင်ပါ။
အွန်လိုင်းငွေလိမ်ဂိုဏ်းများ မြစ်ဖျားခံရာ တရုတ်ပြည်
အွန်လိုင်းငွေလိမ်မှုများ (Online Scams) ဂိုဏ်းဖွဲ့ကျူးလွန်သည့် ရာဇဝတ်မှုများ မြစ်ဖျားခံရာအရပ်ကို လေ့လာရာ စိတ်ဝင်စားဖွယ်အချက်အလက်တချို့ကို တွေ့ရသည်။ အွန်လိုင်းငွေလိမ်မှုသည် ကာလအတန်ကြာကတည်းက ကမ္ဘာ့နိုင်ငံအနှံ့ ပေါ်ပေါက်နေသော ရာဇဝတ်မှုအမျိုးအစားဖြစ်ပြီး၊ အထူးသဖြင့် ထိုရာဇဝတ်မှုကို အလွယ်တကူကျူးလွန်ရန် အားပေးသော ရေခံမြေခံမှာ အွန်လိုင်းငွေပေးချေမှုစနစ် (Digital Payment System) ထွန်းကားသော ပတ်ဝန်းကျင်ဖြစ်သည်။
ထိုမှတစ်ဆင့် တရုတ်-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် အခြေစိုက်သော အွန်လိုင်းငွေလိမ်ဂိုဏ်းများပြဿနာသည် လွန်ခဲ့သော နှစ်များအတွင်း တရုတ်နိုင်ငံအတွင်း ကူးစက်ရောဂါသဖွယ် ပျံ့နှံ့ခဲ့သော တရုတ်အစိုးရ ခေါင်းခဲခဲ့ရသည့် ပြဿနာကြီးဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
တရုတ်နိုင်ငံသည် အစဉ်အလာအရ ငွေစက္ကူအခြေပြုလူ့အဖွဲ့အစည်း (Cash-based Society) မှ ခေတ်မီနည်းပညာအခြေပြု ငွေစက္ကူမဲ့လူ့အဖွဲ့အစည်း (Cash-less Society) အဖြစ် အလျင်အမြန်ကူးပြောင်းနေသော ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုဖြစ်သည်။ ထိုအခါ နည်းပညာများ၏ အမှောင်ခြမ်းတွင် ဖြစ်ပေါ်လာသော အွန်လိုင်းငွေလိမ်မှု ရာဇဝတ်မှုများ တရုတ်နိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်မှာ ဆယ်စုနှစ်တစ်ခုမကပင် ရှိနေပြီ ဖြစ်သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် China fights a financial fraud explosion ခေါင်းစဉ်ဖြင့် Financial Times သတင်းစာကြီး၏ ဆောင်းပါးတွင် ဖော်ပြထားသော အောက်ပါ ကိန်းဂဏန်းများအရ ကိုဗစ်ကပ်ရောဂါ မဖြစ်ပွားမီ တစ်နှစ်အလို ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော အွန်လိုင်းငွေလိမ်မှုများမှာ တရုတ်အစိုးရ၏ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှတ်တမ်းအရ တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရသော အမှုပေါင်း ၁.၄ သန်းအထိ ရှိခဲ့သည်။
တရုတ်နည်းပညာကုမ္ပဏီများသည် ငွေကြေးလုပ်ငန်းကဏ္ဍတိုးတက်ရေးတွင် အလွန်အာရုံစိုက် လုပ်ဆောင်ကြပြီး၊ ၂၀၂၀ ပြည့်နှစ်တွင် ငွေကြေးဆိုင်ရာ အဓိကအွန်လိုင်းဝန်ဆောင်မှုများထဲမှ တစ်ခုဖြစ်သော Ant ပလက်ဖောင်းမှတစ်ဆင့် အငြိမ်းစားလစာ စုဆောင်းငွေ (Retirement Saving) ဆိုင်ရာ ဝန်ဆောင်မှုတစ်ခုကို စတင်ခဲ့သည်။ အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် ၎င်းတို့၏ပစ်မှတ် သားကောင်အများအပြားကို အဆိုပါ Ant အွန်လိုင်းပလက်ဖောင်းတွင် တစ်နေရာတည်း အလွယ်တကူ ရှာဖွေနိုင်ခဲ့ပြီး၊ ယင်းသည် လူကိုယ်တိုင်တွေ့ဆုံ သွေးဆောင်ခြင်းထက် များစွာလွယ်ကူသွားသဖြင့် တရုတ်လူ့အဖွဲ့အစည်းတစ်ခုလုံးကို သက်ရောက်သော “အမျိုးသားရေးပြဿနာ” (National Problem) ဖြစ်လာသည်ဟု အဆိုပါ FT ဆောင်းပါးက သုံးသပ်ဖော်ပြထားသည်။
ထိုအခါ တရုတ်အစိုးရသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တိုင်းပြည်အတွင်း အကြီးအကျယ်နှိမ်နင်းပါတော့သည်။ သို့သော် ထိုပြဿနာကို အလွယ်တကူဖြေရှင်း၍ မရခဲ့ပေ။ အကြောင်းမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းဝင်များသည် တရုတ်နိုင်ငံထဲတွင် ရပ်တည်ရန် ခက်ခဲလာသည့်အခါ နိုင်ငံပြင်ပသို့ ထွက်ခွာကြပြီး၊ တရုတ်အစိုးရ လက်လှမ်းမမီသော အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် နည်းပညာသုံးပြီး တရုတ်ပြည်တွင်းရှိ ၎င်းတို့၏ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ကြသည်ဟု FT ဆောင်းပါးက ဖော်ထုတ်တင်ပြထားသည်။
ဤနည်းဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ မြစ်ဖျားခံရာအရပ်သည် တရုတ်နိုင်ငံဖြစ်ပြီး၊ ထိုဂိုဏ်းများသည် မဲခေါင်ဒေသနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများသို့ ပျံ့နှံ့ရောက်ရှိလာခြင်း ဖြစ်သည်။
အွန်လိုင်းငွေလိမ်ဂိုဏ်းများထက် ဆိုးရွားသော စစ်အာဏာရှင်စနစ် ဖယ်ရှားရေး တရုတ်ကူညီသင့်
ဝရမ်းထုတ်ထားသော ကိုးကန့်သူဌေး မြီရှောက်ချန်းနှင့် မိသားစုဝင် ၃ ဦးကို ဖမ်းဆီးပေးနိုင်ပါက ဆုငွေပေးမည်ဟု တရုတ်အစိုးရက နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကြေညာခဲ့သည်။ ဤဆောင်းပါးကို ရေးသားနေစဉ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် လောက်ကိုင်မြို့ရှိ ၎င်းတို့၏နေအိမ်တွင် စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးစဉ် မြီရှောက်ချန်း (၆၉ နှစ်) သည် ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် အဆုံးစီရင်သွားခဲ့သည်ဟု ဆိုသည်။ ၎င်း၏သားဖြစ်သူ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် မြီကော်ဖျင် (၄၂ နှစ်) နှင့် မြေးဖြစ်သူ မြီကျိန်ကျိန် (၂၄ နှစ်) ကို အရှင်ဖမ်းဆီးရမိပြီး၊ တရုတ်အစိုးရထံ အပ်နှံခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။
မြီရှောက်ချန်းမိသားစုသည် လောက်ကိုင်မြို့၏ အချမ်းသာဆုံး ကိုးကန့်မိသားစု ၄ စုထဲမှ တစ်စုဖြစ်သည်။ နောက်ထပ်မိသားစုတစ်စုဖြစ်သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမြင့်ဆုံးဘွဲ့တံဆိပ် ချီးမြှင့်ထားသူ ဖူလီလိုက်ကုမ္ပဏီအုပ်စု (Fully Light Group of Companies) ပိုင်ရှင် ကိုးကန့်သူဌေး မောင်မောင်မှာ တရုတ်နိုင်ငံ ကျိန်းခမ်းခရိုင် ကုန်စည်ပြပွဲသို့ သွားရောက်စဉ် အောက်တိုဘာလ ၁ ရက်နေ့ကတည်းက တရုတ်ရဲများ၏ ဖမ်းဆီးခြင်းခံထားရသည်။
တရုတ်အစိုးရ၏ ပြင်းထန်သောဖိအားကြောင့် မင်းအောင်လှိုင်သည် တရုတ်-မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ယခုနှစ်အကုန်တွင် အပြီးနှိမ်နင်းပေးမည်ဟု တရုတ်အစိုးရကို ကတိပေးထားကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက Phoenix သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။
စင်စစ် အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် တရုတ်-မြန်မာနယ်စပ်တွင်သာမက ရန်ကုန်ကဲ့သို့ စီးပွားရေးမြို့တော်မှာပင် ပျံ့နှံ့နေကြောင်း မကြာသေးခင်က သတင်းမီဒီယာများက ဖော်ထုတ်ရေးသား သတိပေးခဲ့သည်။ ထိုသို့ သတိပေးပြီးနောက်တွင် စစ်ကောင်စီက အောက်တိုဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၌ တရုတ်နိုင်ငံသားများ ဦးဆောင်သော အွန်လိုင်းငွေလိမ်ဂိုဏ်းဝင် လူပေါင်း ၉၅ ဦးကို ဖမ်းဆီးရမိကြောင်း ၎င်းတို့၏ ဝါဒဖြန့်သတင်းစာများမှတစ်ဆင့် ဖော်ပြခဲ့သည်။
မြန်မာပြည်သူများသည် အွန်လိုင်းငွေလိမ်ဂိုဏ်းထက် အဆများစွာ ဆိုးရွားရက်စက်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး တော်လှန်တိုက်ပွဲဝင်လျက်ရှိသည်။ ထိုအွန်လိုင်းငွေလိမ်ဂိုဏ်းများ မြန်မာနိုင်ငံတွင် လျင်မြန်စွာ ခြေကုပ်ယူ ကြီးထွားလာစေသော အကြောင်းတရားဖြစ်သည့် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရန် တရုတ်အစိုးရ ကူညီသင့်ပါသည်။