
နေပြည်တော်ရှိ လွှတ်တော်အမတ်များနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းအများအပြားအဖို့ သောကြာနေ့ညဆိုသည်မှာ ခရီးထွက်သည့်ည ဖြစ်သည်။ ပျင်းရိဖွယ်ကောင်းသည့် နေပြည်တော်မှ ထွက်ပြီး တိုင်းနှင့် ပြည်နယ်အသီးသီးရှိ မိမိတို့မြို့ထံ ပြန်သူပြန်ကြ။ ဝေးလံသောအရပ်များမှ လာရောက်သူများပင် အိမ်သို့ မပြန်နိုင်သော်လည်း ရန်ကုန်၊ မန္တလေးအစရှိသည့် မြို့တစ်မြို့သို့ သွားပြီး တနင်္လာမနက် အလုပ်ချိန်မီရန် တနင်္ဂနွေညဘက် နေပြည်တော်သို့ ပြန်လာကြသည်။
၂ဝ၁၇ သြဂုတ်လ ၁၁ ရက် သောကြာညနေ လွှတ်တော်အမတ်တစ်ဦး၏ နေပြည်တော်-ရန်ကုန် အမြန်လမ်းခရီးစဉ်တစ်ခုတွင် အစိုးရ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့က အရေးယူခဲ့သည့် ပထမဆုံး“ငါးကြီးကြီး” သို့မဟုတ် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် အငြိမ်းစားဗိုလ်မှူး ဒေါက်တာသန်းထွဋ်ကို ကျပ်သိန်းထောင်ချီ ခြစားမှုစွပ်စွဲချက်ဖြင့် တရားစွဲနိုင်ရန် အကြောင်းဖန်ခဲ့သည်။
ထိုလွှတ်တော်အမတ်မှာ အမျိုးသားလွှတ်တော် ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် ၁၁ မှ ပအိုဝ်းတိုင်းရင်းသား၊ တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာခွန်ဝင်းသောင်း ဖြစ်သည်။
“ဒါမျိုးတွေ ဌာနဆိုင်ရာတွေမှာ ရှိနေသေးတယ်။ ဒီထက်ဆိုးတာတွေလည်း အများကြီးပဲ ရှိနေတယ်။ ပြောချင်တာက နာလန်မထူပါဘူးဆိုမှ ခိုးတုန်းပဲ” ဟု
မိုးမောက်မြို့နယ်တွင် နေထိုင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုသည့် ၆၂ နှစ်အရွယ် လွှတ်တော်အမတ်က ဆိုသည်။
FDA တစ်ရုံး၊ ညွှန်ချုပ်အတွက် အိမ်တစ်လုံး
လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အဂတိလိုက်စားမှုများကို ပြည်သူများကြား ကျားကုတ်ကျားခဲ လေ့လာပြီး လွှတ်တော်တွင် အဆိုတင်သွင်းတတ်သူပီပီ ထိုညက အဝေးပြေးကားထဲတွင် ဘေးချင်းယှဉ်လိုက်ပါလာသော ကိုင်ရိုဆောက်လုပ်ရေးကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးဖြစ်သူနှင့် စကားပြောပြီး ပြည်သူတို့၏ အခြေအနေများကို စနည်းနာရာမှ FDA ဌာနအတွင်း ခြစားသည့် ကိစ္စရပ်များ ကြားသိခဲ့ရသည်။
ကိုင်ရိုကုမ္ပဏီဝန်ထမ်းမှာ ရန်ကုန်တွင် နေထိုင်သူတစ်ဦးဖြစ်သည်။ ၄င်းက ကုမ္ပဏီသည် FDA ဌာနအတွက် နေပြည်တော်နှင့် အခြားမြို့များတွင် ရုံး ၁၈ လုံး ဆောက်လုပ်ပေးခဲ့ကြောင်း၊ နိုင်ငံတော်က အဆောက်အအုံတစ်လုံးအတွက် သိန်း ၁၈,ဝဝဝ နှုန်း ဌာနသို့ ချထားပေးသော်လည်း ရုံးတစ်ရုံးဆောက်တိုင်း FDA ညွှန်ချုပ်အတွက် သိန်း ၃,ဝဝဝ မှ ၄,ဝဝဝ တန် နေအိမ်တစ်လုံးဆောက်လုပ်ပေးရကြောင်း ဒေါက်တာခွန်ဝင်းသောင်းကို ပြောကြားခဲ့သည်။
ဒေါက်တာခွန်ဝင်းသောင်းသည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတစ်ခုတွင် ဘဏ္ဍာရေး၊ ဘတ်ဂျက်ကိစ္စရပ်များ ဆွေးနွေးဖူးသည်။ ထိုဆွေးနွေးမှုတွင် ပြည်သူ့ဆေးရုံများ အဆောက်အအုံအရည်အသွေး ညံ့ဖျင်းမှုအကြောင်းလည်း ပါရှိသည်။
ထို့ကြောင့် ခရီးသွားဖော်က ကျန်းမာရေးဝန်ကြီးဌာနအတွက် အဆောက်အအုံများဆောက်လုပ်သည်ကို သိရှိသွားသောအခါ သူက “အခုအစိုးရလက်ထက်မှာ ပညာရေး၊ ကျန်းမားရေးကိစ္စရပ်တွေမှာ ဘတ်ဂျက်ငွေတွေ ပိုချပေးနေတော့ ပြည်သူတွေ အမှန်တကယ်အကျိုးရှိမှာပေါ့” ဟု မေးခွန်းထုတ်လိုက်သည်။ ထိုမေးခွန်းကြောင့် ခရီးသွားဖော်က “ဆရာထင်သလား” ဟု အစချီပြီး သူ့ကုမ္ပဏီက FDA ညွှန်ချုပ်အတွက် ဆောက်လုပ်ခဲ့ရသည့် ကိစ္စရပ်များကို ဖွင့်ချပြောပြခဲ့ခြင်းဖြစ်သည်။
၄င်းဖွင့်ချသည့်အချက်များထဲတွင် ကိုင်ရိုကုမ္ပဏီက FDA ညွှန်ချုပ်အတွက် ရန်ကုန်တွင် တိုက်တစ်လုံး၊ နေပြည်တော် ရွာသစ်ရှိ ၄င်းပိုင်သော မြေကိုးဧကပေါ်တွင် သိန်း ၅,ဝဝဝ တန် အဆောက်အအုံတစ်လုံး၊ နေပြည်တော် ရွှေကြာပင်ရပ်ကွက်တွင်လည်း သိန်း ၃,ဝဝဝ တန် အိမ်တစ်လုံး ဆောက်လုပ်ပေးခဲ့ကြောင်း ပါရှိသည်။
နေပြည်တော်မှ ရန်ကုန်သို့ မန္တလာမင်းဘတ်စကားဖြင့် ည ၉ နာရီခွဲအချိန်တွင် ထွက်ခွာလာခဲ့ကြရာ ည ၁၁ နာရီခွဲခန့်တွင် အမြန်လမ်း ၁၁၅ မိုင် ရပ်နားစခန်းသို့ ရောက်ရှိသည့်အခါ ဒေါက်တာခွန်ဝင်းသောင်းက သူသည် လွှတ်တော်အမတ်တစ်ဦးဖြစ်ကြောင်း၊ အဆောက်အအုံအရည်အသွေး အားနည်းမှုနှင့် ပတ်သက်ပြီး သူဆွေးနွေးဖူးသည့် လွှတ်တော်ရုပ်သံမှတ်တမ်းကို ဖုန်းတွင် ဖွင့်ပြလိုက်သည်။
အကျိုးဆက်အားဖြင့် ကုမ္ပဏီဝန်ထမ်းက အသေးစိတ်အချက်များကို သူ့ကို ထပ်မံပြောပြသည်။ ရွာသစ်ရှိ မြေကိုးဧကပေါ်တွင် နေအိမ်တစ်လုံးအပြင် ရေကူးကန်၊ အုတ်တံတိုင်း၊ ခြံစည်းရိုးတို့ကို ကုမ္ပဏီက ဆောက်ပေးခဲ့ရပြီး၊ ထိုအိမ်နှင့် ရွှေကြာပင်ရပ်ကွက်ရှိ ညွှန်ချုပ်ပိုင်အိမ်များတွင် သိန်း ၇ဝ မှ ၈ဝ တန် ဧည့်ခန်းဆိုဖာခုံများ၊ မီးဖိုဆောင်သုံး အိုးခွက်ပန်းကန်များ၊ မျက်နှာပြင် လက်မ ၆ဝ ကျော် ရုပ်မြင်သံကြားစက်များ၊ အရက်ဘားကောင်တာများ ထည့်သွင်းပေးခဲ့ရကြောင်း ကုမ္ပဏီဝန်ထမ်းက ရှင်းပြခဲ့သည်။
FDA ရုံးများကို အရည်အသွေးလျှော့ပြီး ဆောက်လုပ်ရာမှ ပိုထွက်လာသည့် စရိတ်ဖြင့် သိန်းထောင်ချီ တန်ကြေးရှိသော နေအိမ်များ ဖန်တီးပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဒုဝန်ကြီးလောင်းလျာဟုဆို
အဝေးပြေးကားတွင် စကားလက်ဆုံကျပြီး လေးလခန့်အကြာ ယခုနှစ် ဇန်နဝါရီလတွင် ဒေါက်တာခွန်ဝင်းသောင်းနှင့် ကုမ္ပဏီဝန်ထမ်းတို့ နေပြည်တော်တွင် တွေ့ဆုံကြပြီး အရည်အသွေး လျှော့ဆောက်ထားသည်ဆိုသည့် FDA အဆောက်အအုံတို့ကို တိတ်တဆိတ် လိုက်လံကြည့်ရှုခဲ့ကြသည်။
သူတို့သွားခဲ့သောရုံးမှာ နေပြည်တော်စည်ပင်ရိပ်သာနှင့် မြို့မစျေးကြား အမျိုးသားပရဆေးဥယျာဉ်အကျော် မီးပွိုင့်မှ ယာဘက်လမ်းအတိုင်း ချိုးဝင်ပြီး မိနစ်အနည်းငယ် ကားမောင်းလျှင် တွေ့ရသော FDA ရုံး ဖြစ်သည်။
“သူပြောပြတာတော့ မိုးထားတဲ့သွပ်ပြားတွေက ဂိတ်မပြည့်ဘူး၊ ပါးနေတယ်။ အမိုးဒိုင်းတွေက အမှန်တကယ် ထည့်ရမယ့် အရေအတွက်ထက် လျှော့ထည့်ထားတယ်၊ အဆောက်အအုံက နောက်နှစ်နှစ်ဆို အမိုးတွေ ပေါက်ပြဲလိမ့်မယ်။ အဆောက်အအုံအမိုးပေါက်လာရင် အကြီးစားပြင်ဆင်ဖို့ အစိုးရဆီ စရိတ်တောင်းတင်မယ်” ဟု ဒေါက်တာခွန်ဝင်းသောင်းက ပြန်ပြောင်းပြောပြသည်။
ကုမ္ပဏီဝန်ထမ်း၏ ပြောဆိုချက်များကို အသံဖမ်းပြီး ဒေါက်တာခွန်ဝင်းသောင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ယခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် တိုင်ကြားလိုက်သည်။ မတိုင်ကြားမီ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ကို အကြောင်းကြားခဲ့သည်ဟု သူက ပြောသည်။ တိုင်ကြားစာကို ထိုစဉ်က နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ယခု သမ္မတဖြစ်လာပြီး ထိုအချိန်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူထားသူ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ မိတ္တူပေးပို့ခဲ့သည်။
ဒေါက်တာသန်းထွဋ်သည် ထိပ်တန်းရာထူးတစ်ခုအတွက် လျာထားခံရဖူးသူဖြစ်သည်ဟု သိရကြောင်း ဒေါက်တာခွန်ဝင်းသောင်းက ပြောသည်။
“တကယ်တော့ လူကြီးတွေက ဒေါက်တာသန်းထွဋ်ဟာ အလုပ်အကိုင် ထက်မြက်လို့ဆိုပြီး သူ့ကို ကျန်းမာရေးဝန်ကြီးဌာနမှာ ဒုဝန်ကြီးနေရာပေးဖို့ စဉ်းစားခဲ့တာတောင် ရှိပါတယ်” ဟု ဒေါက်တာခွန်ဝင်းသောင်းက ဆိုသည်။
ကော်မရှင်က ဒေါက်တာသန်းထွဋ်သည် ၄င်း၏ လုပ်ပိုင်ခွင့်ကို သုံးစွဲပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီအား ကျပ်သိန်း ၁၅ဝဝ ခန့်တန်သည့် အဆောက်အအုံများဆောက်လုပ်ရန် တောင်းခံရယူသဖြင့် ၂ဝ၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် တရားစွဲဆိုခဲ့သည်ဟု ဧပြီလတွင် သတင်းထုတ်ပြန်ခဲ့သည်။
တိုင်စာရပြီး ချက်ချင်းဖမ်းဆီးခြင်း မဟုတ်ဘဲ စုံစမ်းစစ်ဆေးရေးအဖွဲ့က အမှုအတွက် ရက်ပေါင်း ၃ဝ ကျော်အတွင်း နေပြည်တော်၊ ရန်ကုန်တို့တွင် ၁၈ ဦးကို စစ်ဆေးမေးမြန်းပြီး အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပေါ်ပေါက်သဖြင့်သာ အမှုဖွင့်ခြင်းဖြစ်သည်ဟုလည်း ကော်မရှင်က ဇွန် ၁၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
တိုင်ကြားချက်တွင် ကိုင်ရိုကုမ္ပဏီဆောက်လုပ်ခွင့်ရသော ရန်ကုန်နှလုံးအထူးကုဆေးရုံအကြောင်း ပါရှိသော်လည်း ကော်မရှင်က ထိုကိစ္စရပ်နှင့် ပတ်သက်၍ အထောက်အထားမတွေ့ရဟုဆိုကာ တရားစွဲသည့်အခါ ထိုအချက်ကို မထည့်ခဲ့ပေ။
ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးသန်းဇော်ဝင်းက နေပြည်တော် ရွာသစ်နှင့် ရွှေကြာပင်ရပ်ကွက်ရှိ ဒေါက်တာသန်းထွဋ်ပိုင် မြေကွက်များပေါ်တွင် ဆောက်လုပ်ထားသော အဆောက်အအုံများနှင့် ပတ်သက်သည်တို့ကိုသာ တရားစွဲချက်တွင် ထည့်ထားကြောင်း၊ အမှုတွင် ကိုင်ရိုဝန်ထမ်းတချို့ကို တရားလိုသက်သေများအဖြစ် ခေါ်ယူခဲ့ကြောင်း၊ ကုမ္ပဏီကို အရေးယူထားခြင်း မရှိကြောင်း ပြောကြားသည်။
“စစ်ဆေးတွေ့ရှိချက်အရ ကော်မရှင်ရဲ့ အဆုံးအဖြတ်နဲ့ ကျွန်တော်တို့က စွဲတာပေါ့။ ကျန်တဲ့ ဟာတွေမှာက တိုင်ကြားခြင်း မရှိဘူး၊ ပြီးတော့ ကျွန်တော်တို့မှာလည်း အထောက်အထားမရှိဘူး” ဟု သူက ဆိုသည်။

စွပ်စွဲခံရသူ၏ ငြင်းဆိုမှု
ညွှန်ကြားမှူးချုပ် ဒေါက်တာသန်းထွဋ်သည် အဂတိတိုက်ဖျက်ရေးကော်မရှင်က အရေးယူခဲ့သမျှတွင် ရာထူးအမြင့်ဆုံးအရာရှိ ဖြစ်ခဲ့သည်။ သူ့နောက်တွင်မှ ဟာသသရုပ်ဆောင် အောင်ရဲထွေးအမှုတွင် အဂတိလိုက်စားသည်ဟူသော စွပ်စွဲချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး စက်တင်ဘာလတွင် အရေးယူခံရသည်။
ဒီဇင်ဘာ ၁၄ ရက်နေ့က မန္တလေးတိုင်းတရားလွှတ်တော်တွင် ကော်မရှင်က ဒေါက်တာသန်းထွဋ်အား တရားစွဲဆိုထားသော အမှုရုံးချိန်းတွင် ဒေါက်တာခွန်ဝင်းသောင်းက တရားလိုသက်သေအဖြစ် ထွက်ဆိုခဲ့သည်။
“FDA ဌာနအတွက် သိန်း ၁၈,ဝဝဝ တန် အဆောက်အအုံတစ်ခုကို တင်ဒါရတဲ့ကုမ္ပဏီက ဆောက်ရင် အရည်အသွေးကို လျှော့ပြီး ညွှန်ချုပ်ကို သိန်းထောင်ချီတန် တိုက်တစ်လုံး၊ အိမ်တစ်လုံး ဆောက်ပေးရတယ်ဆိုတာ ထွက်ဆိုခဲ့ပါတယ်” ဟု ဒေါက်တာခွန်ဝင်းသောင်းက ပြောသည်။
ထိုနေ့တွင် မန္တလေးအိုးဘိုထောင်မှ တရားရုံးသို့ လက်ထိတ်ဖြင့် ရောက်ရှိလာသော ဒေါက်တာသန်းထွဋ်ကမူ ၄င်းသည် မတော်မတရား စွပ်စွဲခံရထားခြင်းဖြစ်ကြောင်း၊ စွပ်စွဲမှုကို ပြန်လည်ဖြေရှင်းမည်ဖြစ်ကြောင်း တရားခွင်အထွက်တွင် ပြောကြားသည်။ ယခင်ကလည်း အလားတူ ပြောဆိုခဲ့ပြီးဖြစ်သည်။
အမှုကို ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ဆက်လက်ကြားနာရန် တရားသူကြီးက ချိန်းဆိုလိုက်သည်။
တိုင်စာရပြီးနောက်ပိုင်း စုံစမ်းစစ်ဆေးသည့်အခါ တိုင်ကြားချက်ပါ အချက်အလက်များမှန်ကန်ကြောင်း အဂတိတိုက်ဖျက်ရေးကော်မရှင်က သမ္မတသစ်ဖြစ်လာသည့် ဦးဝင်းမြင့်ကို တင်ပြရာ သမ္မတက အမြန်ဆုံးအမှုဖွင့်ရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။