
ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လူစုလူဝေးဖြင့် မဲဆွယ်လှုပ်ရှားနေမှုများသည် ချမှတ်ထားသော ကိုဗစ်ကာလစည်းမျဉ်းစည်းကမ်းများနှင့်ညီမညီ အာဏာပိုင်များထံသို့ ယနေ့ စာပို့မေးမြန်းမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်သည်။
နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးရုံးချုပ်တွင် ယနေ့နံနက်က ပြုလုပ်သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအလံတင်အခမ်းအနားအပြီး၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။
“အာဏာရှိတဲ့သူကပဲ လုပ်ချင်ရာလုပ်ပြီး ကျန်တဲ့သူတွေ လုပ်လို့မရဘူးဆိုရင်တော့ အဓိပ္ပာယ်ကတော့ မရှိဘူးပေါ့နော်” ဟု ၎င်းက ဆိုသည်။
တရားဝင် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု စတင်သည့် စက်တင်ဘာ ၈ ရက်တွင် ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် အာဏာရပါတီ (NLD) က လူရာချီကာ လှုပ်ရှားခဲ့သည်ဟု ဦးသန်းဌေးက ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည်လည်း ပြည်သူ့လွှတ်တော်နေရာအတွက် ဇေယျာသီရိမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အဆိုပါ အခြေအနေများသည် ထုတ်ပြန်ထားသည့် ကိုဗစ်ကာလ မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိမရှိ၊ ထိုသို့လုပ်ဆောင်နေမှုများကို မည်သူက ထိန်းကျောင်းဆောင်ရွက်နေသည်ကို မေးမြန်းရန်စီစဉ်ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်များသည် ရွေးကောက်ပွဲတရားမျှတမှုအတွက် အခက်အခဲတွေ့နိုင်သည်ဟုလည်း ၎င်းက ပြောသည်။
မည်သည့်ဌာနများသို့ တိုင်ကြားမည်ကို Myanmar Nowက မေးမြန်းသည့်အခါ “အာဏာပိုင်ပေါ့ဗျာ။ ဒီလောက်ဆို လုံလောက်မယ်ထင်ပါတယ်” ဟု ဦးသန်းဌေးက ပြန်လည်ဖြေကြားသည်။
ဇေယျာသီရိမြို့နယ်အတွင်း ယမန်နေ့က မဲဆွယ်မှုများပြုလုပ်ခဲ့သည့် NLD ပါတီ ပြည်သူ့လွှတ်တော်အမတ်လောင်း ဒေါက်တာမိုးဆွေကမူ ၎င်း၏ မဲဆွယ်စည်းရုံးမှုများအားလုံးမှာ ရွေးကောက်ပွဲကော်မရှင် ခွင့်ပြုချက်ဖြင့်သာ သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီလုပ်ဆောင်ခဲ့ကြောင်း Myanmar Now ကို ပြောသည်။
“ဝန်းရံသူတွေကတော့ ကျွန်တော်တို့လည်း မသိဘူး။ အင်္ကျီတွေကလည်း ဆိုင်တွေမှာဝယ်လို့ရတယ်။ ကျွန်တော်တို့လူ ဟုတ်ချင်မှဟုတ်မယ်။ ဒီအပြင် အဖျက်အနှောင့်အယှက်တွေလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ ဝန်းရံသူတွေကို ကျွန်တော်တို့ ဖိတ်ခေါ်တာလည်းမဟုတ်ဘူး။ သူ့ဟာသူ လာကြတာပေါ့နော်”ဟု ၎င်းက ပြောသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မဲဆွယ်မည့်သူများကို မော်တော်ယာဉ်တစ်စီးတင်ဆောင်နိုင်သည့် လူဦးရေပမာဏ၏ ထက်ဝက်ခန့်သာ တင်ဆောင်သွားရန်၊ နှာခေါင်းစည်းနှင့် မျက်နှာအကာတပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး ၆ ပေခွာရန်၊ လူ ၅၀ ဦးထက်ပိုမစုဝေးရန် စသည့် စည်းမျဉ်းစည်းကမ်းများ လိုက်နာရန် စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ထားသည်။
လာမည့် နိုဝင်ဘာ ၈ ရက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ NLD က ၁၁၄၃ နေရာဖြင့် မဲဆန္ဒနယ် အများဆုံးပါဝင်ယှဉ်ပြိုင်မည့် ပါတီဖြစ်ပြီး ပြည်ခိုင်ဖြိုးက ၁၁၂၉ ဦးဖြင့် ဒုတိယအများဆုံး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။