သတင်း

ကန့်ဘလူနယ်မှ ချပ်သင်းနယ်မြေရဲစခန်းကို PDF တပ်ဖွဲ့ တိုက်ခိုက်သိမ်းယူ

ကန့်ဘလူမြို့မြောက်ဘက် ၂၅ မိုင်အကွာရှိ ချပ်သင်းနယ်မြေရဲစခန်းကို တစ်နာရီကြာ တိုက်ခိုက်စဉ် စစ်ကောင်စီလက်နက်ကိုင်များ ထွက်ပြေးသွားခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု PDF အဖွဲ့က ဆိုသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ရှိ ချပ်သင်းနယ်မြေရဲစခန်းကို ယနေ့ (နိုဝင်ဘာ ၂) နံနက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကန့်ဘလူခရိုင် PDF တပ်ရင်း (၂) က တိုက်ခိုက်သိမ်းယူကာ မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ကန့်ဘလူမြို့မြောက်ဘက် ၂၅ မိုင်အကွာရှိ ချပ်သင်းစံပြကျေးရွာမှ ရဲစခန်းကို PDF တပ်ရင်း (၂) နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပူးပေါင်းကာ နံနက် ၄ နာရီတွင် စတင် စီးနင်းတိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

တစ်နာရီခန့်ကြာ တိုက်ခိုက်ပြီးနောက် ရဲစခန်းအတွင်းရှိ လက်နက်ကိုင် ၁၂ ဦးခန့်မှာ ဆုတ်ခွာသွားသည်ဟု ကန့်ဘလူခရိုင် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုရဲစခန်းအတွင်းမှ နှစ်ဦး သေဆုံးပြီး အလောင်းများ ဆွဲယူသွားသည်ကို မြင်ရသည်ဟုလည်း ၎င်းထံမှ သိရသည်။

“နှစ်ယောက်ကတော့ ဆွဲသွားတယ်။ ရဲစခန်းထဲကနေ ထွက်ပြေးပြီး ….ပြေးသွားတာ။ ကြားထဲက ကွင်းပြင်ဖြစ်နေတာ။ အစ်ကိုတို့ကို (စစ်) မြူထုတ်သလို ဖြစ်နေတာပေါ့။ ပြီးတော့ ကလေး (မြို့) က 35 (တိုက်ခိုက်ရေး ရဟတ်ယာဉ်) တက်တယ်ဆိုတော့ အစ်ကိုတို့က နောက်ပြန်ဆုတ်လာတာ”

ရဲစခန်းကို စီးနင်း၍ မီးရှို့ဖျက်ဆီးပစ်ခဲ့ပြီး အနီးရှိ စစ်တပ်စခန်းကုန်းကို ဆက်လက်တိုက်ခိုက်ခဲ့သော်လည်း ပစ်အားမမျှသဖြင့် ပြန်ဆုတ်ခဲ့ရသည်ဟု ဆိုသည်။

ယခင်းစခန်းကုန်းတွင် စစ်သားအနည်းငယ်နှင့် ပျူစောထီး ၆၀ ခန့် တပ်စွဲထားသည်ဟု သိရသည်။

“ပျူကုန်းကတော့ ကျည်ပစ်အား တော်တော်ကောင်းတော့ မသိမ်းလိုက်နိုင်ဘူး” ဟု အထက်ပါ PDF အဖွဲ့ဝင်က ပြောသည်။

ရဲစခန်းကို တိုက်ခိုက်ပြီးနောက် လက်နက်နှင့် ခဲယမ်းတချို့ သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသော်လည်း PDF တပ်ဖွဲ့က အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ယနေ့နံနက်ပိုင်း၌ပင် ကန့်ဘလူခရိုင် PDF၊ ပကဖနှင့် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ ချပ်သင်းရွာတောင်ဘက် ငါးမိုင်ခန့်အကွာ ချပ်ကြီးကျေးရွာရှိ ပျူစောထီးအထိုင်စခန်း၊ ကန့်ဘလူမြို့အရှေ့ဘက် ၁၄ မိုင်အကွာ စံပယ်နံ့သာရွာမှ ပျူစောထီးအထိုင်စခန်းများကိုလည်း တစ်ပြိုင်နက် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယခင်ကလည်း ချပ်သင်းနှင့် ချပ်ကြီးရွာရှိ ပျူစခန်းတချို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် စစ်တပ်နှင့် ပျူစောထီးများ ပြန်လည်တပ်စွဲနိုင်ခဲ့သည်ဟု ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးခုက “၁၀၂၇” စစ်ဆင်ရေးဖော်ဆောင်နေချိန် လက်နက်ကိုင် ခုခံတော်လှန်မှုအားကောင်းရာ စစ်ကိုင်းတိုင်းအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီကို အချိန်ကိုက် တိုက်ခိုက်နေခြင်းဖြစ်သည်။

နေရာဒေသအနှံ့တွင် စစ်ဆင်ရေးဆင်နွှဲကြရန် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က အောက်တိုဘာ ၃၁ တွင် တိုက်တွန်းထားသည်။

ကန့်ဘလူမြို့နယ်နှင့် ကပ်လျက်ရှိ ကောလင်းမြို့နယ်တွင်လည်း ၁၀၂၇ စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် စစ်တပ်နှင့် AA, KIA, PDF ပူးပေါင်းအဖွဲ့များ တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6penနှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button