ရွေးကောက်ပွဲ

ပလက်ဝတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး တိုက်ပွဲများရပ်တန့်ပေးရန်တောင်းဆို

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ကောက်ပွဲကျင်းပနိုင်ရေးတွက် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)  တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့်ပေးရန် လိုအပ်ကြောင်း ခူးမီးချင်းမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC)က ယနေ့ (စက်တင်ဘာ ၇) ကြေညာချက်ထုတ်ပြန်လိုက်သည်။ 

မဲဆန္ဒရှင်ပြည်သူများ၏ လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တိုက်ပွဲများရပ်တန့်ရန် လိုအပ်သည့်နည်းတူ AA အဖွဲ့အနေဖြင့် အရပ်သားများဖမ်းဆီးခြင်းနှင့် အင်အားစုဆောင်းခြင်းများ၊ စစ်ရေးလှုပ်ရှားမှုများမလုပ်ဆောင်ရန် လိုအပ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

လတ်တလောတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခြင်းမရှိသော်လည်း ပလက်ဝမြို့နယ်အနီးတဝိုက်တွင် လမ်းကြောင်းများအားလုံးပိတ်ဆို့ကန့်သတ်ထားသည်ဟု KACC ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက ပြောသည်။

“မြန်မာအစိုးရစစ်တပ်နဲ့ AA တို့အပေါ်မှာ မူတည်တဲ့အတွက် သူတို့က ရွေးကောက်ပွဲကာလနဲ့ ကပ်ဘေးကာလမှာ လုံးဝခိုက်ရန်မဖြစ်ပွားဘဲနဲ့၊ ဒီကာလမှာတော့ တိုက်ပွဲတွေရပ်စေချင်တယ်။  ပြီးမှ တောထဲမှာပြန်တိုက်ရင်လည်း တိုက်ကြပေါ့” ဟု ၎င်းက ပြောသည်။

‌၂၀၂၀ ရွေးကောက်ပွဲတွင် ပလက်ဝမြို့နယ် မဲဆန္ဒနယ်တွင် ခူမီး(ခမီး) အမျိုးသားပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းခြောက်ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၇ တွင် ကိုယ်စားလှယ်လောင်းခြောက်ဦးနှင့် ပြည်နယ်လွှတ်တော် ၂ နေရာအတွက် ကိုယ်စားလှယ်လောင်း ခုနစ်ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

စက်တင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၉ ရက်နေ့အထိ အပစ်ရပ်ကြောင်း AA၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့က ကြေညာချက်ထုတ်ပြန်ထားသလို တပ်မတော်ကလည်း အကြမ်းဖက်အဖွဲ့များ ရှိသည့်နေရာများမှအပ တစ်နိုင်ငံလုံးတွင် စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ အပစ်ရပ်မည်ဟု ကြေညာထားသည်။

သို့သော် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် AA အဖွဲ့သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့တွင် လှုပ်ရှားနေသလို ထိုနေရာများတွင် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ 

ချင်းစစ်ဘေးရှောင်ပြည်သူများအရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ RRCCI ၏ နောက်ဆုံးရအချက်အလက်များအရ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် သေဆုံးသူအရပ်သား ၄၀ ကျော်၊ ဖမ်းဆီးခံရသူ ၁၂ ဦး၊ ပျောက်ဆုံးသူ ၂၀ ကျော်နှင့် နေအိမ်ပေါင်း ၁၀၀ ကျော်မီးလောင်ခဲ့သည်။ 

ပလက်ဝမြို့နယ်တစ်ခုလုံးတွင် လူဦးရေ တစ်သိန်းကျော်ရှိပြီး စစ်ရှောင်အရေအတွက် ၁၁,၀၀၀ နှင့် စစ်ဘေးသင့်သူအရေအတွက်မှာ ၂၀၀၀၀ မှ ၆၀၀၀၀ အထိရှိနေပြီး စားသောက်ကုန်ရိက္ခာများလည်း ခက်ခဲနေသည်ဟု သိရသည်။

Related Articles

Back to top button