သတင်း

ကျောက်တော်မြို့နယ်တွင် ရွာနှစ်ရွာ မီးရှို့ခံရပြီး သေဆုံးသူနှစ်ဦးရှိ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် စက်တင်ဘာ ၃ ညနေပိုင်းက ရွာနှစ်ရွာ မီးလောင်ခဲ့ပြီး အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ကျွမ်းကာ သေနတ်ပစ်ခံရသဖြင့် လူနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တွေ – ရန်ကုန်ကားလမ်းမပေါ်တွင်ရှိ ဘုရားပေါင်းကျေးရွာသို့ ယမန်နေ့ညနေပိုင်းတွင် တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီး ရွာသူရွာသားများကို နေအိမ်မှဆင်းခိုင်းကာ နေအိမ်များကို မီးရှို့ခဲ့သည်ဟု ဆိုသည်။ 

“တပ်မတော်က ကားသုံးစီးလောက်နဲ့ ရွာထဲဘက်ကို မောင်းလာတယ်။ ရွာထဲကို ရောက်တာနဲ့ ကားပေါ်က ခုန်ဆင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နားမခံနိုင်အောင်ပစ်တယ်။ ည ၆ နာရီလောက်မှာတော့ အိမ်တွေကို တစ်အိမ်ဝင်တစ်အိမ်ထွက် မီးရှို့တယ်။ ကျွန်တော်တို့ လအလင်းရောင်နဲ့ မြင်နေရသေးတယ်” ဟု ဘုရားပေါင်းရွာ ဒေသခံ ဦးသာလှထွန်းက Myanmar Now ကို ပြောသည်။

တပ်မတော်စစ်ကြောင်း ဝင်ရောက်လာပြီးနောက် ရွာသား ၄၀ ခန့်သာ စက်လှေဖြင့် ထွက်ပြေးနိုင်ခဲ့ပြီး ရွာထဲတွင်ပိတ်မိနေသူများမှာ နံနက်မိုးလင်းမှသာ ဘေးလွတ်ရာသို့ ထွက်ပြေးနိုင်ခဲ့သည်ဟု ဘုရားပေါင်းရွာမှ အခြားဒေသခံတစ်ဦးဖြစ်သူ ဦးမောင်ကျော်လှိုင်က ပြောသည်။

“သူတို့ ( တပ်မတော်) လက်နက်ကြီးနဲ့ပစ်လိုက်တဲ့အချိန်မှာ မီးခိုးတွေထွက်လာတယ်။ ပထမတော့ လက်နက်ကြီးနဲ့ပစ်တော့ မီးခိုးတွေ ထွက်လာတယ်။ နောက်တော့ မြောက်ဘက်ကနေ စရှို့ပါတယ်။ မြောက်ဘက်က ရှို့ပြီးတော့ ရွာလယ်က စရှို့ပါတယ်။ ပထမတော့ လက်နက်ကြီးကျလို့ တစ်ဆောင်(တစ်အိမ်) လောင်တယ်။ ကျန်တဲ့အိမ်တွေကျတော့ အဲလိုမဟုတ်ဘူး။ ဓာတ်ဆီသွန်ပြီး ရှို့တာပါ”ဟု ၎င်းက ပြောသည်။ 

ဘုရားပေါင်းကျေးရွာမှ ဒေသခံအချို့ကိုလည်း တပ်မတော်သားများက ရိုက်နှက်မှုရှိခဲ့ပြီး အသက် ၂၅ နှစ်အရွယ် မောင်ညွှန့်ဝင်းနှင့်  ၃၉ နှစ်အရွယ် ကိုဟန်မောင်သိန်းဆိုသူနှစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟုဆိုသည်။ 

“သူတို့က ရွာမှာ အမြဲတမ်းနေတဲ့သူတွေ။ မောင်ညွှန့်ဝင်းဆိုတာက ကျွန်တော့်အိမ်နားကပါ။ ဟန်မောင်သိန်း ဆိုတဲ့လူကလည်း ရွာဟောင်းဘက်ကပါ။ မောင်ညွှန့်ဝင်းကတော့ ကျောက်တော်က ဆိုင်မှာ အလုပ်လုပ်တယ်။ နောက်တစ်ယောက်ကတော့ ပန်းရန်လုပ်တယ်”ဟု ဦးမောင်ကျော်လှိုင်က ပြောသည်။

ဘုရားပေါင်းရွာ မီးရှို့ခံရပြီးနောက် ယင်းရွာနှင့် ချောင်းတစ်ခုသာခြားသည့် တောင်ပေါက်ကျေးရွာလည်း ထပ်မံမီးလောင်ခဲ့ပြီး နေအိမ် ၆၈ လုံးခန့် မီးလောင်ကျွမ်းခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ယနေ့ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ကျွန်တော်တို့ လုပ်ဆောင်ခဲ့ခြင်း မရှိဘူး” ဟု ငြင်းဆိုခဲ့သည်။

ကျောက်တော်မြို့တောင်ဘက် မီတာ ၄,၀၀၀ ခန့်တွင် ရဲတပ်ဖွဲ့ဝင်များ ပို့ဆောင်ပေးသည့်ကားကို ယမန်နေ့ (စက်တင်ဘာ ၃) ညနေ ၆ နာရီခွဲခန့်က ရက္ခိုင့်တပ်မတော် (AA) က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရဲဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိပြီး ရန်သူ့အလောင်းနှစ်လောင်းနှင့် သေနတ်တစ်လက် ရရှိခဲ့သည်ဟုလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ဒေသခံများကမူ အဆိုပါဖြစ်စဉ်မှာ တပ်မတော်လုပ်ရပ်ဟု စွပ်စွဲနေကြပြီး လက်ရှိတွင် ဒေသခံရွာသားများမှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ တစ်နေ့ထက်တစ်နေ့ များပြားလာသောကြောင့် မိမိနေအိမ်တွင်သာ နေထိုင်ကြရန် အမိန့်ထုတ်ထားသော်လည်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဖြစ်၍ ကူးစက်ရောဂါထိန်းချုပ်ရန် ခက်ခဲသည်ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

“ပြည်သူကို မျက်နှာမူပြီးလုပ်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဒီအချိန်မှာ ပြည်သူ့မျက်နှာကို ထောက်ရှုဖို့ အလေးအနက်မေတ္တာရပ်ခံချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းခံရသည့် AA နှင့် တိုက်ပွဲများဖြစ်ပွားနေရာ ရခိုင်ပြည်နယ်မှလွဲ၍ ကျန်နယ်မြေများတွင် စက်တင်ဘာ ၁ မှ ၃၀ အထိ အပစ်ရပ်စဲထားမည်ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ကြေညာခဲ့သည့်နည်းတူ AA ပါဝင်သည့် မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကလည်း စက်တင်ဘာ ၁ မှ နိုဝင်ဘာ ၉ အထိ အပစ်ရပ်စဲထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button