ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်အတွင်း ကျေးရွာသုံးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ကုလားတန်မြစ်ကြောင်းအတိုင်း တက်လာသည့် တပ်မတော်စစ်ရေယာဉ်က ညဉ့်သန်းခေါင်အချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောက်တော်မြို့နယ်အတွင်းရှိ ငတပေါင်းကျေးရွာ၊ သဂ်နက်ကျေးရွာနှင့် ဂုပ္ပီထောင့်ကျေးရွာမှ လူကိုးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ဒဏ်ရာရရှိခဲ့သူများတွင် ကျောက်တော်ဆေးရုံရောက်ရှိနေသူ လေးဦးမှာ ငတပေါင်းကျေးရွာမှ ဒေါ်အေးကျော့သိန်း(၃၇)နှစ်၊ သဂ်နက်ကျေးရွာမှ ဦးမောင်ဖြူ(၆၃)နှစ်၊ ဒေါ်စိန်ကျော့သိန်း(၆၂) နှစ်၊ ဦးစောသာအောင် (၆၇) တို့ ဖြစ်ကြပြီး ကျန်ငါးဦးမှာ ဂုပ္ပီထောင့်ကျေးရွာမှ မွတ်စလင်များ ဖြစ်သည်ဟု သိရသည်။
“ည ၁၂ နာရီထိုးလောက်က အပေါက်ဝဘက်ကနေ နေဗီ( တပ်မတော်ရေ) က ပစ်ပြီးတက်လာပါတယ်။ ၁ နာရီလောက်မှာ နောက်တစ်ခေါက်တန်းလို့ သဂ်နက်ရွာဘက်သို့ ပစ်ပြီးတက်လာတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ လင်မယားနှစ်ယောက် ဗုံးခိုကျင်းထဲမှာ ပုန်းနေကြတယ်” ဟု ကျောက်တော်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဦးမောင်ဖြူက ပြောသည်။
လက်နက်ကြီးကျည်မှာ နေအိမ်နောက်ဘက် ဗုံးခိုကျင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုမှတဆင့် အစများလွင့်စဉ်ကာ နေအိမ်ခေါင်မိုးနံရံများ ပေါက်ပြဲသွားသည်ဟု ၎င်းက ဆိုသည်။
ကျည်စထိမှန်ပြီး ဦးမောင်ဖြူတွင် ညာဘက်ပေါင်နှင့် ခြေသလုံး၊ ဒေါ်စိန်ကျော့သိန်းနှင့် ဦးစောသာအောင်တွင် ဘယ်ဘက်တင်ပါး၊ ဒေါ်အေးကျော့သိန်းတွင် ဘယ်ဘက်ရင်ဘတ်တွင် ဒဏ်ရာအသီးသီး ရရှိခဲ့သည်။
“ဘယ်နှချက်ပစ်တယ်ဆိုတာ ရေတွက်လို့တောင် မရဘူး။ ကျွန်တော်တို့လည်း ဗုံးခိုကျင်းထဲကို ပုန်းဖို့ ဆင်းတယ်။ သားသမီးတွေကိုတော့ ဗုံးခိုကျင်းထဲမှာ သွင်းထားပြီးပြီ။ ကျွန်တော့်အိမ်ရှင်မကလည်း ဝင်ဖို့လုပ်နေတာ။ ခဏရပ်လိုက်တဲ့အချိန်မှာ တစ်ခါတည်း လာမှန်သွားတာ။ ဒဏ်ရာတွေကတော့ အဲလောက်စိုးရိမ်စရာ မလိုလို့ ပြောပါတယ်” ဒဏ်ရာရရှိခဲ့သူ ဒေါ်အေးကျော့သိန်း၏ခင်ပွန်း ဦးကျော်ညွန့်က ပြောသည်။
ဂုပ္ပီထောင့်မွတ်စလင်ကျေးရွာမှ ဒဏ်ရာရရှိသူ ငါးဦးမှာ မာမောက်ရော်ဖိ(၃၅)နှစ်၊ ဆွေးယွေ့ခါတူး (၂၅)နှစ်၊ ဟိုက်ရာမောက်(၄၀)နှစ်၊ ဒေလီရှင်(၆)နှစ်နှင့် တောရ်မိန်နာဘေဘောင်(၁၀)နှစ် တို့ဖြစ်ကြပြီး ကျေးရွာ၌ပင် ဆေးကုသပေးနေကြောင်း မိသားစုဝင်များက ပြောသည်။
ဒဏ်ရာပြင်းထန်သည့် လူနာများရှိနေသော်လည်း အပေါက်ဝကျေးရွာဘက်တွင် တပ်မတော်စစ်ကြောင်း ရှိနေသောကြောင့် ဆေးကုသမှုခံယူရန် ဆေးရုံသို့ မသွားရဲဖြစ်နေကာ ကျေးရွာအတွင်းသာ ဆေးကုသပေးနေရကြောင်း ဂုပ္ပီထောင့်ကျေးရွာမှ ဦးရွှေမောင်က ပြောသည်။
“အပေါက်ဝဘက်မှာ စစ်သားတွေက အများကြီးရှိနေလို့ ကြောက်လို့ ကျွန်တော်တို့ မသွားရဲဘူး။ ဒဏ်ရာအများ ရတဲ့လူက နည်းနည်းစိုးရိမ်ရပါတယ်။ နောက်ထပ် ကျွန်တော့်တူမအိမ်တစ်ဆောင်မှာလည်း ခေါင်မိုးပေါ်မှာ လက်နက်ကြီးကျည်ကျလို့ ပြိုသွားတယ်။ နေလို့တောင်မရ ဖြစ်သွားတယ်” ဟု ဦးရွှေမောင်က ဆိုသည်။
ဒဏ်ရာရရှိခဲ့သူ မာမောက်ရော်ဖိက “ရွာထဲကို လက်နက်ကြီး လေးချက်ကျတယ်။ လက်နက်ကြီးပစ်သံကြားလို့ အိမ်အောက်မှာ ဝပ်နေတဲ့အချိန် လက်နက်ကြီးက အိမ်ပေါ်မှာလာကျပြီးတော့ ခန္ဓာကိုယ်ကို လာထိသွားတာ။ နောက်ကျောမှာ လေးပေါက် ပေါက်သွားတယ်။ ထိတဲ့အချိန်မှာ ကျွန်တော် ဘာမှ မသိလိုက်တော့ဘူး” ဟု ပြောသည်။