တောင်ဒဂုံမြို့နယ်တွင် ဘာသာရေးအကြောင်းပြု ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ကျခဲ့သူ မိုက်ကယ်ကျော်မြင့်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ( The Yeomanry Party-YDP) ကိုယ်စားပြု အမတ်လောင်းတစ်ဦးအဖြစ် ရွေးကောက်ပွဲကော်မရှင်၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ပါဝင်လာသည်။
ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၃၀ တွင် ထုတ်ပြန်ကြေညာခဲ့ရာ မိုက်ကယ်ကျော်မြင့်က တောင်ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ပါဝင်လာခြင်းဖြစ်သည်။
၎င်းသည် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ၏ ဗဟိုအထွေထွေအတွင်းရေးမှူးလည်း ဖြစ်သည်။
၂၀၁၉ မေ ၁၅တွင် ညဉ့်သန်းခေါင်ယံအချိန်၌ တောင်ဒဂုံရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုသည့် အဆောက်အအုံများပိတ်သိမ်းရေးကို လူအင်အား ၁၀၀ ကျော်ဖြင့် အော်ဟစ်ဆူပူခဲ့ပြီး ဖြိုချမည်ဟုပင် ခြိမ်းခြောက်ခဲ့သည့် မိုက်ကယ်ကျော်မြင့်သည် အမျိုးဘာသာကို အကြောင်းပြကာ ၎င်းတို့ပါတီကို မဲပေးရန် လူမှုကွန်ရက်စာမျက်နှာတွင် ဟောပြောစည်းရုံးမှုများလည်း ရှိသည်။
၄၃ နှစ်အရွယ် မိုက်ကယ်ကျော်မြင့်မှာ ၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် အခြေခံလူတန်းစားတို့ အိမ်ပိုင်ရေးအပါအဝင် အခွန်အတုပ်လျှော့ချရေးနှင့် ဆင်းရဲသားများအတွက် အဓိကဆောင်ရွက်မည်ဟု ပါတီအကြောင်းရှင်းလင်းရာတွင် ဘာသာရေးအကြောင်းများကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်။
“ကျွန်တော်တို့ရဲ့ အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေး ပျောက်ကွယ်မယ့် လမ်းစကြီးတစ်ခု လမ်းကြောင်းကြီးတစ်ခုကို အနောက်တံခါးမှာ အတင်းတွန်းဖွင့်နေတဲ့ ပုံစံမျိုးတွေ ကျွန်တော်တို့ မြင်နေရတယ်” ဟု မိုက်ကယ်ကျော်မြင့်က ပြောသည်။
နိုင်ငံ၊ လူမျိုး၊ ဘာသာ ပျောက်သွားနိုင်ကြောင်း၊ အမျိုးသားရေးကို ကာကွယ်စောင့်ရှောက်မည့် အစိုးရနှင့် ပါတီမျိုးကိုသာ ရွေးချယ်သင့်ကြောင်း စသည့် ဟောပြောစည်းရုံးမှုများကို ဇူလိုင် ၁၆ နှင့် ၁၉ တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ဗီဒီယိုဖိုင်တင်ထားခဲ့သည်။
ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ (ဈ) အရ နိုင်ငံရေးကိစ္စတွင် ဘာသာရေးကို အကြောင်းပြ၍ ဆန္ဒမဲပေးရန်သော်လည်းကောင်း၊ ဆန္ဒမဲမပေးရန်သော်လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်းနှင့် ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်မှုပြုသူ သို့မဟုတ် ယင်းသို့ ပြုလုပ်သည့် အဖွဲ့အစည်းဝင်ဖြစ်သူသည် ရွေးကောက်ပွဲတွင် ရွေးကောက်ခံပိုင်ခွင့် မရှိသူဟု ဖော်ပြထားသည်။
မိုက်ကယ်ကျော်မြင့်အပြင် YDP ပါတီဝင် အခြားလွှတ်တော်ကိုယ်စားလှယ်လောင်းအချို့မှာလည်း အမျိုးဘာသာ၊ သာသနာအတွက်ဟု ရေးသားကာ လူမှုကွန်ရက်၌ မဲဆွယ်မှုပြုလုပ်နေသည်။
ရွှေပြည်သာမြို့နယ်တွင် တိုင်းဒေသကြီးမဲဆန္ဒနယ် ၂ ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်မြမြခိုင်မှာ ၎င်းကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံရသည့် အကြောင်းရင်းနှစ်ချက်ရှိပြီး နိုင်ငံတော်အတွင်း ကိုးကွယ်ရာအများဆုံးဖြစ်သည့် နိုင်ငံတော်ဘာသာကို ကာကွယ်စောင့်ရှောက်လိုခြင်း၊ အခြေခံပြည်သူလူထုအတွက် အဘက်ဘက်မှ ကောင်းကျိုးဆောင်ရွက်လိုခြင်းဟု လွန်ခဲ့သည့် နှစ်ရက်ခန့်က ရေးသားထားသည်။
ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ရွေးကောက်ခံမည့် ဦးတင်လှိုင်၊ တာမွေမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အေးအေးကြွယ်တို့က ၎င်းတို့၏ ပါတီသည် အမျိုးဘာသာသာသနာနှင့် အခြေခံလူတန်းစားဘဝကို မြှင့်တင်ပေးမည့် ပါတီဟု လူမှုကွန်ရက်၌ ရေးသားဖော်ပြကြသည်။
“ဘာသာအကျိုး၊ သာသနာအကျိုးသယ်ပိုးရင်းနဲ့ ပြည်သူတွေ အေးချမ်းဖို့ YDP ကို မဲပေးစို့”ဟုလည်း တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချိုချိုမြင့် က ဩဂုတ် ၁၄ တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ထိုသို့ လူမှုကွန်ရက်ပေါ်တွင် ပါတီမူဝါဒနှင့် ပတ်သက်၍ အမျိုးသာသာ၊ သာသနာရေးနှင့် အခြေခံလူတန်းစားအတွက်ဟု ယှဉ်တွဲရေးသားနေခြင်းများမှာ ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ခံပိုင်ခွင့် မရှိဟူသော ကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ချက် ၁၄ ချက်အနက် နိုင်ငံရေးကိစ္စကို ဘာသာရေးအကြောင်းပြ၍ မဲပေးရန် မပေးရန် ဟောပြောကြေညာစည်းရုံးခြင်းမပြုရဟူသော အချက်ဖြင့် ငြိစွန်းနေသည်။
ထို့ပြင် တရားဝင်အနေဖြင့် ရွေးကောက်ပွဲမတိုင်မီ နှစ်လအတွင်း မဲဆွယ်ရမည်ဖြစ်သော်လည်း မဲဆွယ်ကာလမရောက်သေးခင် ကြိုတင်မဲဆွယ်နေခြင်းလည်း ဖြစ်သည်။
သို့သော် ကိုယ်စားလှယ်လောင်းအရည်အချင်းကို စိစစ်ခွင့်ပြုရသည့် ရွေးကောက်ပွဲကော်မရှင်အနေဖြင့်မူ ထိုအချက်ကို သက်ဆိုင်ရာဝန်ကြီးဌာနများက ကန့်ကွက်ခြင်းမရှိသလို ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများကလည်း ကန့်ကွက်ခြင်းမရှိ၍ ကော်မရှင်အနေဖြင့် စိစစ်အရေးယူနိုင်ခြင်း မရှိဟု ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာကျော်စိုးဝင်းက ဆိုသည်။
“သက်ဆိုင်ရာ ဌာနတွေကနေပြီးတော့ ဒီလူက ဒီလိုအချက်တွေနဲ့ ငြိစွန်းနေတယ်ဆိုရင်တော့ ကျွန်တော်တို့က ပယ်ပါတယ်။ ဒါပေမယ့် အဲဒီအချက်တွေက ကျွန်တော်တို့ဆီမှာလည်း ဘာမှ မရှိဘူး။ အဲ့ဒီတော့ ဒီအပိုင်းမှာ ကျွန်တော်တို့က သွားပြီးတော့ ကြည့်လို့မရဘူး” ဟု ၎င်းက ဆိုခြင်းဖြစ်သည်။
ဥပဒေ၌ ပါရှိသည့် ကိုယ်စားလှယ်လောင်းတစ်ယောက်တွင် ရှိရမည့် အရည်အချင်းများဖြစ်သည့် သာသနာ့ဝန်ထမ်းမဖြစ်ရခြင်း၊ စိတ်ပေါ့ရူးသွပ်သူမဖြစ်ရခြင်း၊ မတရားအသင်းနှင့် ဆက်နွှယ်မှုမရှိရခြင်းအပေါ်၌သာ စိစစ်ပြီး ဘာသာရေးအကြောင်းပြ၍ မဲပေးရန်သော်လည်းကောင်း၊ မဲမပေးရန်သော်လည်းကောင်း ဟောပြောကြေညာစည်းရုံးခြင်းမပြုရဆိုသည့် အချက်ကိုမူ သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ လှုပ်ရှားမှုအပိုင်းဖြစ်၍ ယင်းအပေါ်အခြေခံ၍ စိစစ်၍ မရကြောင်း ဆိုသည်။
အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီတွင် ပါတီဝင်အင်အား ၈,၀၀၀ ကျော်ရှိပြီး ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ မန္တလေး စသည့် တိုင်းဒေသကြီး လေးခုနှင့် နေပြည်တော်ကောင်စီတို့တွင် စုစုပေါင်း မဲဆန္ဒနယ် ၂၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု မိုက်ကယ်ကျော်မြင့်က ပြောသည်။
၎င်းတို့အနေဖြင့် အမျိုးသားရေးစိတ်အခြေခံရှိသော်လည်း ဘာသာရေးအကြောင်းပြ၍ မဲဆွယ်စည်းရုံးခြင်း၊ ပါတီလှုပ်ရှားမှုများ ပြုလုပ်၍ မရကြောင်း ၎င်းတို့၏ ပါတီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို သင်တန်းပို့ချပြီးဖြစ်ကြောင်း ဆိုသည်။
၎င်းတို့အနေဖြင့် အင်တာနက်ပေါ်တွင် ဘာသာရေးနှင့် နိုင်ငံရေး ယှဉ်တွဲပြောဆိုနေခြင်းကို မငြင်းဆိုသော်လည်း ၎င်းတို့၏ ပါတီအနေဖြင့်မူ ဘာသာရေး၊ အမျိုးသားရေးနှင့် နိုင်ငံရေး ရောထွေးမည်မဟုတ်ဟု ဆိုသည်။
“အမျိုးသားရေးက ထာဝရကိန်းအောင်းနေမှာ၊ ဆိုလိုချင်တဲ့သဘောက ပါတီဆောင်ရွက်မှုတွေ လုပ်တာနဲ့ မတူဘူး။ တွဲလုပ်လို့ ရတဲ့ အပိုင်းတွေမှန်သမျှ အရာအားလုံးကို တွဲလုပ်သွားမှာပဲ။ တွဲလုပ်လို့ မရတဲ့ အပိုင်းတွေကျတော့ အမျိုးသားရေးက သီးသန့်၊ ပါတီနိုင်ငံရေးက သီးသန့် ဒီလိုပဲ သွားရမှာပဲ” ဟု မိုက်ကယ်ကျော်မြင့်က ပြောသည်။
“တောင်ဒဂုံအတွက်ကို ဖြစ်ခဲ့တဲ့ ဗလီကိစ္စတို့ ဘာသာရေးကိစ္စတွေက ဒါတို့က အမျိုးသားရေးရှုထောင့်ပေါ့နော် အမျိုးသားရေးအမြင်ပေါ့ ။ သို့သော် ကျွန်တော်တို့က ပါတီနိုင်ငံရေး သွားပြီဆိုတဲ့အခါကျတော့ တချို့ကိစ္စတွေမှာ ပါတီစည်းကမ်းနဲ့ အမျိုးသားရေးလမ်းစဉ်နဲ့ တွဲဖက်ပြီး ဆောင်ရန်၊ ရှောင်ရန်နဲ့ ဖြတ်သန်းရတဲ့အပိုင်းလေးတွေ ရှိတယ်လေ” ဟု ၎င်းက Myanmar Now ကို ပြောသည်။
၎င်းအနေဖြင့် တောင်ဒဂုံအမတ်ဖြစ်လာပါက ဒေသဖွံ့ဖြိုးရေးနှင့် အခြေခံလူတန်းစားများအခက်အခဲ ဖြေရှင်းပေးရေး စသည့် ပါတီနိုင်ငံရေးလမ်းစဉ်ကိုသာ သွားမည်ဟုလည်း ဆိုသည်။
မိုက်ကယ်ကျော်မြင့်သည် ၂၀၁၉ ဩဂုတ်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့သည်။
၎င်းသည် ၂၀၁၇ အတွင်းကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ကိုယ်ရေးအရာရှိတို့အား မြေကိစ္စတွင် လာဘ်စားခဲ့သည်ဆိုကာ စွပ်စွဲ၊ ဆန္ဒပြခဲ့မှုကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ခြောက်လ၊ မမှန်မကန်စွပ်စွဲမှု ရာဇသတ်ကြီး ပုဒ်မ ၂၁၁ ဖြင့် ထောင်သုံးလ၊ ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ထောင်တစ်လ၊ ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်တစ်နှစ် ကျခံခဲ့ရသူဖြစ်သည်။