၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အတည်ပြုပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ရာတွင် ပယ်ချခံခဲ့ရသည်ဟု သိရသည်။
သားဖြစ်သူမှာ ရက္ခိုင့်တပ်တော်( AA) တွင် ရောက်ရှိနေသောကြောင့် မတရားအသင်းဆက်နွှယ်မှုနှင့် ဆိုင်သော ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ (ဎ) အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြောင်းကြားစာပေးပို့ကာ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်ဟု ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံခဲ့ရသူ ကျောက်ဖြူမြို့နယ်မှ လက်ရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောသည်။
သားဖြစ်သူနှင့် အဆက်အသွယ်မရှိကြောင်း၊ သားဖြစ်သူ AA သို့ ရောက်ရှိနေသည်ဆိုသည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏စာအရသာ သိခဲ့ရသည်ဟု ၎င်းက ပြောသည်။
ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ဖျက်ခံရခြင်းနှင့် ပတ်သက်၍ ခရိုင်နှင့် ပြည်နယ်အဆင့်တွင် အယူခံတက်မရသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စာပေးပို့ခဲ့သည်ဟုလည်း ဦးဖိုးစံက ပြောသည်။
“ခရိုင်ကော်မရှင်အဖွဲ့က ပြည်ထောင်စုနဲ့ပဲ ဆိုင်တယ်ဆိုပြီးတော့ ပြည်ထောင်စုဘက်သို့ ထိုးချတယ်။ ပြည်ထောင်စုက တစ်ခါ ခရိုင်နဲ့ ပြည်နယ်ကော်မရှင်သာ အဓိကဖြစ်တယ်ဆိုပြီးတော့ အဲလို တစ်ယောက်ကိုတစ်ယောက် ထိုးချနေခြင်းသည် ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ကျွန်တော်တို့ ရခိုင်လူထုကို သက်သက်စော်ကားလိုက်သလို ကျွန်တော်ခံစားမိတယ်” ဟုလည်း ၎င်းက ပြောသည်။
ကိုယ်စားလှယ်လောင်းဦးဖိုးစံသည် ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့် ငြိစွန်းနေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက အကြောင်းကြားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် လိုအပ်သလိုဆောင်ရွက်ပါဟု အကြောင်းကြားလာသည့်အတွက် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဌေးအောင်ခိုင်က ပြောသည်။
“ကျွန်တော်တို့ခရိုင်ကော်မရှင်က စိစစ်တဲ့ရက်က တစ်ရက်ပါနော်။ အခုဖြစ်တဲ့ ၁၀ (ဎ) တို့၊ ဘာတို့ ဆိုတာကလည်း ကျွန်တော်တို့ ခရိုင်ကော်မရှင်အနေနဲ့ စိစစ်လို့မရ။ သူ့ဟာသူ သက်ဆိုင်ရာ လဝကတို့၊ ပြည်ထဲရေးတို့နဲ့ နောက်ကြောင်းလိုက်ပြီးတော့မှ သူ့မိသားစု၏ နောက်ကြောင်းရာဇဝင်လိုက်ပြီးတော့မှ စစ်ဆေးပြီးမှ ပေါ်ပေါက်တဲ့ဟာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ အပိုဒ်ခွဲ (ဎ) တွင် ‘တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံထားရသည့် အဖွဲ့အစည်း၊ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်း သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် ဆက်သွယ်ကြောင်း ခိုင်လုံသော အထောက်အထားရှိသူများ’ ဟု ပါရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အကြောင်းကြားစာတွင် ဦးဖိုးစံ၏ သားဖြစ်သူ ဗိုလ်မှူးအောင်မြင့်စိုးသည် တပ်မတော် အမှတ် (၇၃) သံချပ်ကာတပ်မဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေစဉ် ခွင့်မဲ့ပျက်ကွက်ပြီး ပျောက်ဆုံးသွားကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက ဆက်လက်စုံစမ်းရာတွင် ရက္ခိုင့်တပ်တော် (AA) သို့ ရောက်ရှိနေကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ (ဎ) ဖြင့် ငြိစွန်းနေကြောင်း ပါရှိသည်ဟု ဆိုသည်။
ထိုသို့ ကိုယ်စားလှယ်လောင်းပယ်ချခံရခြင်းအပေါ် ကန့်ကွက်သူများရှိပါက ရွေးကောက်ပွဲကော်မရှင်သည် ကာယကံရှင်ကို ခေါ်ယူပြီး အကြောင်းကြားပေးရမည်ဖြစ်ကာ ၇ ရက်အတွင်း ပြည်နယ်သို့ အယူခံတင်ပေးရမည်ဟု ရွေးကောက်ပွဲနည်းဥပဒေ ၃၁ တွင် ပါရှိသည်။
ရက္ခိုင့်တပ်တော် (AA) ကို မတရားအသင်းအဖြစ် မတ်လ ၂၃ ရက်တွင် အစိုးရက သတ်မှတ်ကြေညာခဲ့သည်။
သားဖြစ်သူမှာ သူ့ရပ်တည်ချက်အရ AA သို့ ဝင်ရောက်သွားသော်လည်း ဖခင်ဖြစ်သူမှာ တရားဝင်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အဖြစ် လုပ်ကိုင်နေဆဲဖြစ်သည်ဟု ANP ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ဆိုသည်။
“မိဘ နိုင်ငံရေးလုပ်တိုင်း သားသမီး နိုင်ငံရေးလုပ်တာလည်းမဟုတ်။ သားသမီးနိုင်ငံရေးမှာ အထွတ်အထိပ်ဖြစ်တိုင်းလည်း မိဘတွေမှာ အဲလိုစိတ်ဝင်စားတာလည်းမဟုတ်။ အမျိုးမျိုးရှိတယ်။ တရားဝင်တည်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်ကို အဲဒီဥပဒေနဲ့ ငြိစွန်းတယ်လို့ ပယ်ဖျက်လိုက်တာက အရမ်းအလှမ်းဝေးတဲ့ သုံးသပ်ချက်တစ်ခုနှင့် အပြစ်ပေးရာရောက်တယ်” ဟု ၎င်းက ပြောသည်။