ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြုရွေးကောက်ပွဲဝင်ပြိုင်မည့် ဒေါ်ဝင်းမြမြကို အစ္စလာမ်ဘာသာဝင်ဖြစ်သည်ဆိုကာ ရာနှင့်ချီသော ဗုဒ္ဓဘာသာဘုန်းကြီးများက NLD ပါတီကို ကန့်ကွက်စာပို့ထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ လိပ်မူထားသည့် အဆိုပါစာတွင် ဒေါ်ဝင်းမြမြအစား အခြားကိုယ်စားလှယ်လောင်းဖြင့် အမြန်ဆုံးအစားထိုးပေးရန် တောင်းဆိုထားသည်။ ၎င်းသည် အစ္စလာမ်ဘာသာဝင်ဖြစ်နေခြင်း၊ စဉ့်ကိုင်ဒေသခံမဟုတ်ခြင်းနှင့် ဘွဲ့ရပညာတတ်မဟုတ်ခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်သည်ဆိုသော ထိုစာကို ဩဂုတ် ၂၅ ရက်စွဲတပ်ထားသည်။
ဗုဒ္ဓဘာသာအများစုနေထိုင်သည့်မြို့ဖြစ်သည့်အတွက် ဘာသာရေးကိစ္စများဆောင်ရွက်မည်ဆိုပါက အဆင်မပြေနိုင်ကြောင်းနှင့် ဒေါ်ဝင်းမြမြသည် မန္တလေးမြို့ဇာတိဖြစ်ပြီး၊ စဉ့်ကိုင်မြို့နယ်တွင် နေထိုင်သူမဟုတ်ကြောင်းလည်း ထိုကန့်ကွက်စာတွင် ဖော်ပြထားသည်။
“ဟန်မြင့်မိုရ် ရေဦးကျောင်းဆရာတော် ဦးပဏ္ဍိက ဖေ့စ်ဘုတ်ပေါ်မှာ နာမည်ကြီးပဲလေ။ မဘသကိုယ်တော်။ သူက ဆန္ဒပြဖို့ရာ မဟာဂန္ဓာရုံကျောင်းထဲ လာစည်းရုံးခဲ့တာ။ ခွင့်ပြုမိန့်တွေ ဘာတွေမလိုဘူးတဲ့။ ဆန္ဒပြဖို့အထိ လာစည်းရုံးတာ၊ လွန်ခဲ့တဲ့တစ်ပတ်လောက်က။ အဲဒီမှာ တစ်ဦးက အရှင်ဘုရားတို့ လွဲနေပြီ။ ဒီလိုတော့ မလုပ်ပါနဲ့၊ ဆန္ဒတော့ မပြပါနဲ့။ ဥပဒေစည်းမျဉ်းအတိုင်းပဲ လက်မှတ်ထိုးပြီး ကန့်ကွက်ပါ။ ဒီလိုပြောလို့ ဒီလိုပဲလုပ်တာ၊ အစက ဆန္ဒပြဖို့အထိလုပ်တာ” ဟု စဉ့်ကိုင်မြို့နယ် ကျေးရွာတစ်ရွာမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
အဆိုပါကန့်ကွက်စာတွင် ရာနှင့်ချီသော လက်မှတ်ရေးထိုးထားသူများတွင် လူပုဂ္ဂိုလ် ၈၂ ဦးသာပါဝင်ပြီး အများစုမှာ ရဟန်းသံဃာများဖြစ်သည်။ လက်မှတ်ထိုးသူ ရဟန်းသံဃာများနေရာတွင် ဘွဲ့အမည်တူ၊ ကျောင်းနာမည်တူနှင့် လက်မှတ်တူများလည်း ပါဝင်နေသည်ကို တွေ့ရှိရပြီး၊ ခါတော်မှီကျောင်း၊ ဥယျာဉ်ကြီးကျောင်းသစ်၊ ကြက်လျှာကျောင်းနှင့် အောင်သိဒ္ဓိကျောင်းများအပါအဝင် ဘုန်းတော်ကြီးကျောင်း ၆၈ ကျောင်းမှ သံဃာ ၄၀၆ ပါးဖြစ်ကြောင်း ဖော်ပြထားသည်။
စဉ့်ကိုင်မဲဆန္ဒနယ်တွင် ဘာသာခြားတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ သံဃာ့အဖွဲ့အစည်းအတွင်း ဆန္ဒမဲတောင်းခံခဲ့ရာတွင် ဖုန်းဖြင့်ဆက်သွယ်ပြောကြားရာ၌ ထင်ယောင်ထင်မှားဖြစ်ကာ ထောက်ခံခဲ့မိခြင်းဖြစ်ကြောင်း ကြက်လျှာရွာဦးကျောင်းထိုင်ဆရာတော် ဦးပညာဇောတက မိန့်သည်။
“ဦးဇင်းက ပါတီတွေဘာတွေလည်း မသိဘူးလေ။ သူတို့က အဲလိုပြောတာ မဟုတ်ဘူး။ သူတို့က ဒါမျိုးတွေလည်း မပါဘူး။ ထင်ယောင်ထင်မှားဖြစ်ကုန်တာ” ဟု အဆိုပါဆရာတော်က Myanmar Now ကို မိန့်ကြားသည်။
အဆိုပါကန့်ကွက်စာနှင့် ပတ်သက်၍ NLD ပါတီ ဒုတိယဥက္ကဋ္ဌ-၂ ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က “ကျွန်တော်တို့ မူအရ ရွေးတာပါ။ နိုင်ငံတကာရဲ့ ထုံးစံနဲ့ရွေးတာပါ။ ကျွန်တော်တို့နိုင်ငံမှာ ဗုဒ္ဓဘာသာတင်မကဘူး။ အခြားဘာသာတွေလည်း ကိုးကွယ်ခွင့်ပေးထားတာကိုး။ အခြားဘာသာတွေကိုပါ ကိုးကွယ်ခွင့်ပေးထားတဲ့နိုင်ငံတွေမှာ အခြားဘာသာတစ်ယောက်ကို ရွေးတာ။ ရွေးကောက်ပွဲရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီသာလျှင် ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
ပါတီအနေဖြင့် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဘာသာခြားများဖြစ်သည့် ခရစ်ယာန်ဘာသာဝင်များကိုလည်း ရွေးချယ်ခဲ့သည့်အတိုင်း ယခုရွေးကောက်ပွဲတွင် အစ္စလာမ်ဘာသာဝင်များအဆိုပြုလာပါကေ ရွေးရွေးချယ်ရန် ဆုံးဖြတ်ပြီး ရွေးချယ်ရေးမူများ၊ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသည့်အတွက် အစ္စလာမ်ဘာသာဝင်နှစ်ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
အသက် ၇၁ နှစ်ရှိ ဒေါ်ဝင်းမြမြသည် မန္တလေးတိုင်းဒေသကြီး NLD ပါတီ ဒုတိယဥက္ကဋ္ဌဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လုပ်ကြံတိုက်ခိုက်ခံရသော ဒီပဲယင်းအရေးအခင်းတွင် ပြင်းထန်စွာဒဏ်ရာရခဲ့ပြီး၊ မိသားစုလိုက် နှစ်ပေါင်းများစွာ နိုင်ငံရေးလှုပ်ရှားမှုမျိုးစုံတွင် ပါဝင်ခဲ့ခြင်းနှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့မှုများကြောင့် နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရသူလည်းဖြစ်သည်။
အဆိုပါကန့်ကွက်စာနှင့် ပတ်သက်၍ ဒေါ်ဝင်းမြမြကို ယနေ့ဆက်သွယ်မေးမြန်းရာတွင် မည့်သည့်သဘောထားမှတ်ချက်မှ မပေးလိုကြောင်း ပြောသည်။
ပြီးခဲ့သည့်လအတွင်း Myanmar Now က ဒေါ်ဝင်းမြမြကို ဘာသာရေးလူမျိုးရေးကွဲပြားမှုအပေါ် အခြေခံ၍ ထိုးနှက်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ၎င်း၏ သဘောထားကို မေးမြန်းရာတွင်
“ကျွန်မက အစ္စလာမ်သာသနာဝင်တစ်ယောက်၊ ကျွန်မ ဗမာလူမျိုးတစ်ယောက်၊ ကျွန်မက ဗမာ့နိုင်ငံရေး၊ ဗမာ့နိုင်ငံအတွက်၊ ကျွန်မတို့ပြည်သူတွေအတွက်၊ ကျွန်မတို့နိုင်ငံအတွက် ကျွန်မအလုပ်လုပ်နေတာ။ ဘာသာရေးဆိုတာ ကျွန်မသတိမရဘူး။ တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ ပြည်သူတွေ၊ အဖွဲ့ချုပ်တာဝန်ရှိသူတွေ၊ ကျွန်မအပေါ်မှာ အားလုံးက မေတ္တာနဲ့ပဲ။ ဒီဘာသာရေးကို မကြည့်ကြဘူး။ ကိုယ့်ဟာကိုယ် ဒီဘာသာရေးထည့်ပြောဖို့က မေ့တယ်လေ။ ကျွန်မအတွက် ဘာသာရေးက ထည့်မထားဘူး” ဟု ဖြေကြားခဲ့သည်။
ဘုန်းကြီးများဦးဆောင်သည့် အဆိုပါကန့်ကွက်စာတွင် ၂၀၁၇ ခုနှစ်အတွင်းက စဉ့်ကိုင်မြို့တွင် ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံဆုတောင်းပွဲကိစ္စကို ထောက်ပြထားသော်လည်း ယင်းဆုတောင်းပွဲကျင်းပရေးတွင် ဒေါ်ဝင်းမြမြ မပါဝင်ခဲ့သလို အခမ်းအနားတက်ရောက်သူအဖြစ်ပင် မရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး NLD ပါတီဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောသည်။
လက်မှတ်ထိုးတိုင်ကြားစာတွင် လက်မှတ်တုများပါဝင်နေပြီး လူပုဂ္ဂိုလ်သက်သေ၊ သတင်းအချက်အလက်သက်သေများ စုဆောင်းနေကြောင်း စဉ့်ကိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းက ပြောသည်။
“သူတို့ဘက်က အမျိုးသားရေး၊ ဘာသာရေး၊ လူမျိုးရေးတွေနဲ့ ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေတွေနဲ့ မညီညွတ်ဘဲ ဒါတွေကိုခုတုံးလုပ်ပြီး ဆောင်ရွက်လာမယ်ဆိုရင်တော့ ကျွန်တော်တို့က လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး” ဟုလည်း ၎င်းက ပြောသည်။
စဉ့်ကိုင်မြို့တွင် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၁၄၁ ခုရှိပြီး မဲဆန္ဒရှင် တစ်သိန်းသုံးသောင်းကျော်ရှိသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးရွေးချယ်ထားပြီး ထိုအထဲတွင် အစ္စလာမ်ဘာသာဝင်အဖြစ် စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ဒေါ်ဝင်းမြမြနှင့် ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဦးစည်သူမောင်ကို ရွေးချယ်ထားသည်။