အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NLD အနိုင်ရအမတ် ဒေါ်ဝင်းမြမြ ထောင် ၃ နှစ်ချခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရအမတ် ဒေါ်ဝင်းမြမြကို ပုဒ်မ ၅၀၅-က ဖြင့် ယနေ့ (ဇွန် ၂၉)တွင် စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်သည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှ ထင်ရှားသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ၎င်းကို ယမန်နှစ် ဖေဖော်ဝါရီ ၂၇ တွင် ဖမ်းဆီးပြီးနောက် အိုးဘိုအကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တစ်နှစ်ကျော်အကြာမှာမှ ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 

ဆန္ဒပြရန် ဦးဆောင်သူအဖြစ် စွပ်စွဲခံခဲ့ရသည်ဟု ဒေါ်ဝင်းမြမြ တူတော်စပ်သူ ကိုစိုးမိုးအောင်က Myanmar Now ကို ပြောသည်။ 

“တရား​ရေးအရာရှိ​တွေရဲ့ စွပ်စွဲချက်​တွေက လူ ၃၀၀၀ ကို ဦး​ဆောင်ပြီးဆန္ဒပြတယ်။ ၂၇လမ်းနဲ့ ၈၄ လမ်း​ထောင့်မှာ ထိုင်သပိတ်မှာ ပါဝင်တယ်။ CDM လုပ်ဖို့ ပြည်သူ​တွေကို လှုံ့​ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်​တွေ စွပ်စွဲခံရတယ်။ ဒီဘက်က ပြန်လည်​ချေပတာက​တော့ လူ ၃၀၀၀ ကို ဦး​ဆောင်တာမဟုတ်ဘူး၊ သို့​ပေမဲ့လည်းပဲ ဆန္ဒပြတဲ့အထဲမှာ ပါတယ်၊ ဆန္ဒပြတယ်​ပေါ့” ဟု သူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဆန္ဒပြတာက တရားဝင်ခွင့်ပြုချက်​တောင်းပြီးမှ ပြတာမဟုတ်တဲ့အတွက် ဥပ​ဒေနဲ့ မညီဘူး​ပေါ့။ အပြစ်ရှိ​ကြောင်း ယူဆတဲ့အတွက် အလုပ်နဲ့​ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်​ပေါ့”

အမိန့်ချသည့် တရားသူကြီးအမည်မှာ ဒေါ်သီရိဝေဖြစ်သည်ဟု သိရသည်။ 

မန္တလေးမြို့၊ တရုတ်ကောင်စစ်ဝန်ရုံးအနီး ၇၃ လမ်းနှင့် သိပ္ပံလမ်းတောင်ဘက်တွင် ၂၀၂၁ ဖေဖော်ဝါရီ ၁၈ ရက်က နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဆန္ဒပြရာတွင် ဒေါ်ဝင်းမြမြပါဝင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါလူထုသပိတ်၌ ဆရာဝန်များ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသားသမဂ္ဂများ၊ အလုပ်သမားနှင့် လယ်သမားအဖွဲ့အစည်းများအပြင် စည်ပင်၊ မီးသတ်၊ စိုက်ပျိုးရေးစသော ဌာနဆိုင်ရာတို့မှ ပြည်သူ့ဝန်ထမ်းများလည်း ပါဝင်ခဲ့ပြီး လူဦးရေ သိန်းဂဏန်းအထိ ရှိခဲ့သည်။ 

အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သည့် အသက် ၇၃ နှစ်အရွယ် ဒေါ်ဝင်းမြမြသည် မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် မဲအပြတ်အသတ် အနိုင်ရရှိခဲ့သည်။

မန္တလေးမြို့၊ ၇၃ လမ်း သိပ္ပံလမ်းတောင်ဘက်တွင် စစ်ကောင်စီ ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းများ စုစည်ပြီး ဟောပြောစည်းရုံးခြင်းများ ၂၀၂၁ ဖေဖော်ဝါရီ ၁၈ က ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ- Myanmar Now)

ဒေါ်ဝင်းမြမြက စစ်ကောင်စီလက်အောက် တရားရုံးများ၏ အခြေအနေကို သဘောပေါက်သဖြင့် တရားစီရင်မှုကို မတုန်လှုပ်ကြောင်း ယခင်ရုံးချိန်းများ၌ ပြောဆိုခဲ့ဖူးသည်ဟု သိရကြောင်း ကိုစိုးမိုးအောင်က ပြောသည်။ 

ဒေါ်ဝင်းမြမြကို မိသားစုဝင်များက အမှုရင်ဆိုင်နေရသည့် ကာလ ရုံးထွက်ချိန်များ၌သာ အဝေးမှ မြင်တွေ့ ခွင့်ရသည်ဟု ကိုစိုးမိုးအောင်က ပြောသည်။

“ပုံမှန်ရုံးထုတ်တယ်ဆိုရင် အဝေးကနေပြီးတော့မှ လှမ်းမြင်ရတယ်ပေါ့။ လက်ပြပြီး နှုတ်ဆက်လို့ရတဲ့ အနေအထားရှိတယ်” ဟု သူက ဆိုသည်။ 

စစ်ကောင်စီက ကိုဗစ်နိုင်တင်းကပ်ရောဂါကို အကြောင်းပြကာ ကျဉ်းထောင်အသီးသီးတွင် ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ထားပြီး ထောင်တွင်းအထူးတရားရုံး၌ အမှုရင်ဆိုင်ရသူများသည် ရှေ့နေမှတစ်ဆင့် မိသားစုနှင့် ဆက်သွယ်ကြရသည်။

“အမိန့်ချပြီးတဲ့နောက်ပိုင်းမှာ လူတွေ့ထောင်ဝင်စာ မရဘူးဆိုရင်တော့ အတွင်းနဲ့ အပြင်တော့ အဆက်အသွယ်ပြတ်သွားနိုင်စရာရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

အသက် ၇၃ နှစ်အရွယ်ရှိသည့် ဒေါ်ဝင်းမြမြသည် ၁၉၈၈ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မကြာခဏ ဖမ်းဆီးခံရဖူးသောကြောင့် ကျန်းမာရေးချို့ယွင်းနေသော်လည်း စိတ်ဓာတ်မာကြောသူတစ်ဦးဖြစ်သည်ဟု မိသားစုက ဆိုသည်။  

အိုးဘိုထောင်ရှိ ငါးခန်းတွဲတိုက်ခန်းရှိ ဆယ်ပေပတ်လည်ခန့်ရှိသည့် အခန်းတွင် တစ်ဦးတည်း နေထိုင်ရပြီး အနည်းငယ် ပိန်သွားကာ အရိုးအဆစ်နာခြင်းကြောင့် အထိုင်အထလည်း အခက်အခဲရှိသည်ဟု သိရသည်။ ၎င်းသည် ဆီးချိုရောဂါ အခံရှိသလို မျက်လုံးခွဲစိတ်မှု ခံယူထားရသူဖြစ်သည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊​ သတင်းသမားများ၊ အာဏာသိမ်းမှုဆန့်ကျင်သူများ အဖမ်းခံခဲ့ရသည်။  

အများအပြား နှိပ်စက်ညှဉ်းပန်းခံရပြီး တချို့မှာ စစ်ကောင်စီတပ်သားတို့၏လက်ချက်ကြောင့် သေဆုံးသွားသည်။

မန္တလေးတိုင်းအတွင်း ဝန်ကြီးချုပ်လည်းဖြစ်သလို NLD ဒုဥက္ကဋ္ဌလည်းဖြစ်သည့် ကင်ဆာရောဂါဝေဒနာရှင် ဒေါက်တာဇော်မြင့်မောင်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးထားပြီး ကြီးလေးသော ပုဒ်မများဖြင့် စစ်တပ်က နှစ်ရှည်ထောင်ချထားသည်။

မန္တလေးမြို့တွင် မွေးဖွားကြီးပြင်းခဲ့သူ ဒေါ်ဝင်းမြမြသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ပြီး နိုင်ငံရေးတွင် မဆုတ်မနစ် ပါဝင်လှုပ်ရှားနေသူလည်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button