သတင်း

တပ်က ဖမ်းဆီးခဲ့သည့် ကျောက်တော်ဒေသခံ ၁၇ ဦး ခြောက်လကြာသည်အထိ အဆက်အသွယ်မရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ရွာသား ၁၇ ယောက်ကို တပ်‌မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးသွားသည်မှာ ခြောက်လခန့်ရှိပြီဖြစ်ပြီး ယနေ့အချိန်ထိ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များက ပြောသည်။ 

ကျောက်တော်မြို့နယ် တင်းမသစ်ရွာမှ ရွာသား ၈ ယောက်နှင့် တင်းမကြီးရွာမှ ရွာသား ၁၀ ယောက်ကို ယခုနှစ် ဧပြီ ၁၃ ရက်နှင့် ၁၆ ရက်များတွင် တပ်မတော်စစ်ကြောင်းက ရွာအတွင်းဝင်ရောက်ကာ သီးခြားစီဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

ထိုသို့ဖမ်းဆီးခံရပြီး ရက်အနည်းငယ်အကြာတွင် တင်းမသစ်ရွာမှ ဖမ်းဆီးခံရသူ အသက် ၆၂ နှစ်အရွယ် ဦးမောင်ထွန်းစိန်ကို ရွာအနီးချောင်းတစ်ခုတွင် သေဆုံးလျက်တွေ့ရှိရပြီး အခြားရွာသား ၁၇ ယောက်မှာ ယနေ့အချိန်ထိ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်တစ်ဦးဖြစ်သူ ဒေါ်‌‌အေးအေးရီက ပြောသည်။ 

အဆိုပါရွာသားများ ဖမ်းဆီးခံရသည်မှာ ခြောက်လခန့် ကြာမြင့်နေပြီဖြစ်သော်လည်း တစ်စုံတစ်ရာ အဆက်အသွယ်မရသေးသည့်အတွက် စိုးရိမ်နေကြသည်ဟုလည်း ဆိုသည်။

ဒေါ်အေးအေးရီ၏သား အသက် ၁၆ နှစ်အရွယ် မောင်ထွန်းထွန်းကို ဧပြီလ ၁၆ ရက်တွင် ၎င်း၏နေအိမ်၌ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့အထိ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေးဟု ဆိုသည်။ 

“စိတ်မကောင်းဘဲ ဘယ်ရှိပါ့မလဲ။ ကျွန်မတို့မှာ ဒီသားလေးတစ်ယောက်ပဲရှိတာဆိုတော့ နေ့တိုင်း မျက်ရည်နဲ့ မျက်ခွက်ပါပဲ” ဟု ဒေါ်အေးအေးရီက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို ဆက်သွယ်မေးမြန်းရာတွင် ဖမ်းဆီးထားသည့် ရွာသားများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားသည်ဟု ဆိုသည်။ 

“တပ်က ဘယ်တော့မှ လက်လွတ်စလွယ်မလုပ်ဘူး။ ဖမ်းပြီးရင် အမှုဖွင့်တယ်၊ အမှုမဖွင့်လို့ မရဘူး” ဟု ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

သို့သော် ဖမ်းဆီးခံရသူများကို ကျောက်တော်ရဲစခန်းတွင် အမှုဖွင့်ထားခြင်းမရှိကြောင်းနှင့် ၎င်းတို့ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုပင် မသိကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်နဲ့ သက်ဆိုင်ရာဌာနေတွေကို စာတွေပို့ပြီး တိုင်ထားပေမဲ့ ဒီနေ့အထိ ဘာမှအကြောင်းပြန်လာတာ မရှိသေးဘူး” ဟု ဦးထွန်းဝင်းက ပြောသည်။

တင်းမသစ်ရွာမှာ အိမ်ခြေ ၁၀၀ ခန့်ရှိပြီး တင်းမကြီးရွာမှာ အိမ်ခြေ ၆၀၀ ခန့်ရှိကာ ကျောက်တော်မြို့၏ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ ကျောက်တော်နှင့် ပလက်ဝမြို့နယ်ကြားရှိ ကျေးရွာများဖြစ်သည်။ 

ကျောက်တော်နှင့် ပလက်ဝမြို့နယ်ကြားရှိ တပ်မ‌တော်၏ မီးဝဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် AA က အင်အားအလုံးအရင်းနှင့် ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ ရက်ပေါင်း ၄၀ ကျော်ကြာအောင် တိုက်ခိုက်ခဲ့ပြီး ဧပြီလလယ်ခန့်အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။

စစ်တွေအခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းများအရ ရခိုင်ပြည်နယ်တွင် နှစ်ဖက်လက်နက်ကိုင်တပ်များ၏ ဖမ်းဆီးခံထားရသူ အရပ်သား ၁၀၀၀ ကျော်ရှိနေပြီး ၎င်းတို့အနက် ၈၀၀ ကျော်ကို တပ်မတော်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကာ တရားရုံးတွင် အမှုရင်ဆိုင်နေရသူ ၃၀၀ ကျော်ရှိ သည်။ 

စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်ရေးအတွက် အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိရာ နေရာများမှအပ ကျန်နယ်မြေများတွင် စက်တင်ဘာ ၁ မှ ၃၀ အထိ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဩဂုတ် ၂၄ တွင် တပ်မတော်က သတင်းထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button