ထိုင်းနိုင်ငံက ဦးဆောင်ကျင်းပမည့် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ကဏ္ဍပေါင်းစုံ အစည်းအဝေး (BIMSTEC) သို့ မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြားထားသော်လည်း ထိုင်းအစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်သဖြင့် အဆိုပါ အစည်းအဝေးကို ဆိုင်းငံ့ထားလိုက်သည်ဟု သိရကြောင်း ထိုင်းနိုင်ငံရေးသမားတစ်ဦးက ယနေ့ (အောက်တိုဘာ ၅ ရက်) တွင် ပြောသည်။
ဝန်ကြီးချုပ်ရာထူး ယူထားသည့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်မည်ကို ထိုင်းတွင် ကန့်ကွက်သူများ ရှိနေသည်ဟု ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က ပြောသည်။
“ထိုင်းအစိုးရသစ်အနေနဲ့ မြန်မာစစ်ခေါင်းဆောင် ထိုင်းကို တရားဝင် လာရောက်ခွင့်ကို သဘောမတူကြပါဘူး။ ကျွန်တော်တို့အနေနဲ့လည်း BIMSTEC အစည်းအဝေးကို ဆက်လုပ်ခဲ့မယ်ဆိုရင် လွှတ်တော်ထဲမှာ (ကန့်ကွက်) ဆွေးနွေးဖို့ ပြင်ဆင်ပြီးသားပါ” ဟု Fair Party လွှတ်တော်အမတ်က Myanmar Now ကို ပြောသည်။
လာမည့် နိုဝင်ဘာ ၃၀ ရက်နေ့တွင် ကျင်းပရန် ပြင်ဆင်ထားသည့် အစည်းအဝေးကို စစ်ခေါင်းဆောင် အပါအဝင် တောင်အာရှနိုင်င်ငံများမှ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါနှင့် သီရိလင်္ကာနိုင်ငံများမှ ခေါင်းဆောင်များကို ထိုင်းနိုင်ငံက ဖိတ်ကြားထားသည်ဟု Thai PBS သတင်းတွင် ယမန်နေ့ (အောက်တိုဘာ ၄ ရက်) တွင် ဖော်ပြသည်။
“ထိုင်းပြည်သူတွေအနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံကို လာဖို့ မလိုလားတဲ့အတွက် ထိုင်းအစိုးရက ဆိုင်းငံ့တာလည်းဖြစ်ပါတယ်။ ဆိုင်းငံ့တဲ့ ဆုံးဖြတ်ချက်ကို ဒီနေ့နေ့လယ် (အောက်တိုဘာ ၅ ရက်) မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဆုံးဖြတ်တာဖြစ်ပါတယ်။ တရားဝင်ကြေညာချက် မကြာခင် ထုတ်ပြန်လာပါလိမ့်မယ်” ဟု လွှတ်တော်အမတ်က ပြောသည်။
နိုင်ငံအတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ အရပ်သားများ သေဆုံးမှုတို့ ဆက်ရှိနေချိန်တွင် အာဆီယံထိပ်သီးအစည်းအဝေးပွဲများသို့ စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်များ တက်ရောက်ခွင့် ပိတ်ပင်ခံထားရသည်။
စစ်ကောင်စီကို မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယားနိုင်ငံတို့က လူသိရှင်ကြား ဝေဖန်လေ့ရှိသော်လည်း ထိုင်းနိုင်ငံကမူ နှုတ်ဆိတ်နေလေ့ရှိရာမှ စစ်ခေါင်းဆောင် BIMSTEC အစည်းအဝေးသို့ ရောက်လာမည့် အစီအစဉ်ကို ထိုင်းက ဆိုင်းထားလိုက်ခြင်းဖြစ်သည်။
BIMSTEC တွင် အဖွဲ့ဝင် ၇ နိုင်ငံရှိပြီး ထိုနိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းတို့ ဖြစ်သည်။
ထိုင်းနိုင်ငံသည် စစ်ကောင်စီနှင့် နီးကပ်သည့်ဆက်ဆံရေးရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပသည့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထိုင်းလေတပ်ဦးစီးချုပ် Marshal Alongkorn Vannarot က အာဏာသိမ်းခေါင်းဆောင်နှင့် သီးသန့် တွေ့ဆုံခဲ့သေးသည်။
ထို့ပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နှင့် ထောင်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း တွေ့ဆုံစေခဲ့သည့် သာဓကများရှိသည်။
အဆိုပါ အခြေအနေများနှင့် ဆက်စပ်လျက် ထိုင်းအစိုးရသစ်၏ မြန်မာစစ်ကောင်စီအပေါ် ထားရှိသည့် မူဝါဒကို ရှင်းရှင်းလင်းလင်း မသိရသေးဟု Kannavee Suebsang က ပြောသည်။
Kannavee Suebsang သည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲသို့ စစ်ကောင်စီတပ်သားများ ရာနှင့်ချီ ဝင်ရောက်လာမှုကို စုံစမ်းစစ်ဆေးရန် ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယပတ်အတွင်း တောင်းဆိုခဲ့သေးသည်။
“ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း ဒီကိစ္စကို အရေးယူဖို့ တောင်းဆိုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြားနိုင်ငံကစစ်တပ်က ကျွန်တော်တို့နိုင်ငံထဲကို ဝင်လာရင် လက်နက်ဖြုတ်သိမ်းဖို့လိုတယ်။ ဒါပေမဲ့ မြန်မာစစ်သားတွေဟာ ထိုင်းနိုင်ငံထဲ နှစ်ညတာ ဝင်ရောက်လာတဲ့အချိန်မှာ လက်နက်မဖြုတ်သိမ်းဘူးလို့ သိထားပါတယ်” ဟု Kannavee Suebsang က Myanmar Now ကို ပြောသည်။
နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုများ အကြိမ်ကြိမ် ကျူးလွန်နေသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးအေဂျင်စီများ၏ အစီရင်ခံစာတွင် အကြိမ်ကြိမ် ဖော်ပြခံနေရသည့် စစ်ကောင်စီသည် နိုင်ငံတကာဆက်ဆံရေးတွင် တိုးမပေါက်ဘဲ ရှိနေသည်။
လတ်တလောတွင် စစ်ကောင်စီသည် အာဏာရှင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ပြန်လည်ပြုလုပ်လာနေပြီး၊ ယူကရိန်းကို ကျူးကျော်စစ်တိုက်နေသည့် ရုရှားနှင့် နီးကပ်သည့် ဆက်ဆံရေးရှိနေသည်။
အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများစွာကို ခံနေရသည့် စစ်ကောင်စီက စီးပွားရေးပိတ်ဆို့မှုကို ခံနိုင်ရည်ရှိသည်၊ မိတ်ဆွေနိုင်ငံအနည်းငယ်နှင့် ရှေ့ဆက်သွားမည်ဟု အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်းကပင် ကမ္ဘာသိ ဆိုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။