အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းထားသော စစ်ကောင်စီ၏ ကိုယ်စားလှယ် သို့တည်းမဟုတ် ဝါဒဖြန့်ပေးမည့်သူများကို ပြည်ဝင်ခွင့်မပေးရန် မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသည့် အဖွဲ့အစည်းအသီးသီးက ဩစတြေးလျနိုင်ငံအစိုးရထံ တောင်းဆိုလိုက်သည်။
စစ်ကောင်စီဘက် ရပ်တည်ပြီး စည်းရုံးလှုံ့ဆော်ပေးမည့်သူများ ရောက်ရှိလာပါကလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားမည်ဟု ဩစတြေးလျနိုင်ငံရောက် တိုင်းရင်းသားအဖွဲ့အစည်း ၇၄ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော CRPH/NUG Support Group (Australia) က ယမန်နေ့ (အောက်တိုဘာ ၄) တွင် ကြေညာချက် ထုတ်ပြန်ထားသည်။
CRPH သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဖြစ်ပြီး NUG သည် အမျိုးသားညီညွတ်ရေးအစိုးရဖြစ်သည်။
ထိုထုတ်ပြန်ချက်ကို ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူထံ ယမန်နေ့ ညနေပိုင်းက လူချင်း တွေ့ဆုံ၍ ပေးခဲ့သလို ဩစတြေးလျပြည်ထဲရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီးထံကိုလည်း ပို့ထားသည်ဟု သိရသည်။
“စစ်ကောင်စီက ဘယ်သူပဲလာလာ လက်မခံပါနဲ့။ ဒီကြားထဲကမှ ခွင့်ပြုမယ်ဆိုရင်တော့ ဒီကအဖွဲ့အစည်းအသီးသီးက ပြင်းပြင်းထန်ထန် ဆန့်ကျင်၊ ကန့်ကွက်သွားမယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဩစတြေးလျနိုင်ငံကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ပြောသည်။
၂၀၂၁ ဖေဖော်ဝါရီတွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာပိတ်ဆို့မှုများအပြင် ပြည်တွင်း၌ပင် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အဘက်ဘက်တွင် မကြုံစဖူး အကျပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်နေရသည့် ဗိုလ်ချုပ်ကြီးများက ၎င်းတို့ကိုယ်စား ဝါဒဖြန့်ပေးမည့်သူများကို ပြည်ပနိုင်ငံများသို့ စေလွှတ်နေသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ပုလဲပနံသင့် ဆက်ဆံရေးကောင်းသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်ဟောင်း ဒေါ်စန္ဒာမင်း၊ ရက္ခိုင့်ဦးဆောင်ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်၊ အွန်လိုင်းပေါ်တွင် စစ်ကောင်စီကို ထောက်ခံပြောဆိုနေသူ ကျော်မျိုးမင်းတို့ ပြီးခဲ့သည့်လလယ်က ဂျပန်နိုင်ငံသို့ သွားရောက်ကာ စစ်ကောင်စီကောင်းကြောင်း၊ တော်လှန်ရေးအဖွဲ့အစည်းများ မကောင်းကြောင်း ဝါဒဖြန့် လှုံ့ဆော်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
၎င်းတို့က ဂျပန်အတိုက်အခံလွှတ်တော်အမတ်နှစ်ဦးနှင့် စက်တင်ဘာ ၁၉ တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ တွေ့ဆုံစဉ် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံရန် စည်းရုံးကြသလို မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအတွက် NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့တွင်သာ တာဝန်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်ဟု ထိုအစည်းအဝေးအတွင်း ပြောဆိုချက်များကို သိရှိသည့် သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။
ထို့ပြင် စစ်ကောင်စီက ထုတ်ဝေသည့် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၃ ဇန်နဝါရီအထိ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများ၊ သေကျေမှုများ၊ အဖျက်အမှောင့်လုပ်ငန်းများနှင့် လက်နက်ခဲယမ်း ဖမ်းဆီးမှုများ’ ခေါင်းစဉ်တပ် စာစောင်ကိုလည်း ဖြန့်ဝေခဲ့ကြသည်ဟု စုံစမ်းသိရှိရသည်။
ဂျပန်ခရီးစဉ်ပြီးနောက် ဒေါ်စန္ဒာမင်းနှင့် ဒေါက်တာအေးမောင်တို့က ဩစတြေးလျနိုင်ငံတွင် စည်းရုံးလှုံ့ဆော်ရန် ဆက်လက်စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။
ဤအခြေအနေတွင် ဩစတြေးလျနိုင်ငံရှိ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းအသီးသီးက စစ်ကောင်စီ၏ မည်သည့်ကိုယ်စားလှယ်၊ မည်သည့်စည်းရုံးလှုံ့ဆော်သူကိုမျှ ဩစတြေးလျနိုင်ငံထဲ ဝင်ခွင့်မပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“ပြည်သူလူထုကို ကိုယ်စားမပြုတဲ့၊ တရားဝင်မှု မရှိတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်မှန်သမျှ၊ ဒေါက်တိုင်မှန်သမျှ ဒီကိုရောက်လာတာနဲ့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချသွားမယ်။ လုံးဝခွင့်မပြုနိုင်ပါဘူး။ ရတဲ့နည်းနဲ့ ဆန့်ကျင်သွားမှာ” ဟု CRPH/NUG Support Group (Australia) ၏ ကွင်းစလန်း(မ်) (Queensland) ပြည်နယ် ကိုယ်စားလှယ် ဦးပက်ထရစ်ချိုက ပြောသည်။
ဒေါ်စန္ဒာမင်းကမူ ဩစတြေးလျနိုင်ငံသို့ လာရောက်ရန် စီစဉ်နေသည် ဆိုသည်မှာ မှန်ကန်မှုမရှိဟု Myanmar Now ကို တယ်လီဖုန်းမှတစ်ဆင့် ယနေ့ တုံ့ပြန်သည်။
“ရန်ကုန်ကနေ ဩစတြေးလျသွားဖို့ Visit Visa (အလည်အပတ်ဗီဇာ) တောင် လျှောက်လို့မရဘူးလေ။ သွားလို့သာရရင် ကျွန်မက ဩစတြေးလျလည်း သွားချင်တယ်၊ အင်္ဂလန်လည်း သွားချင်တယ်” ဟု ၎င်းက ဆိုသည်။
ထို့အတူ ဂျပန်နိုင်ငံခရီးစဉ်မှာလည်း “နိုင်ငံရေးရည်ရွယ်ချက်နဲ့ သွားတာမဟုတ်” ဟု ဒေါ်စန္ဒာမင်းက ငြင်းသည်။ ထိုခရီးစဉ်အသေးစိတ်ကိုမူ ပြန်မပြောလိုတော့ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချလိုက်သည့် စစ်ကောင်စီနှင့် စစ်ခေါင်းဆောင်များကို နိုင်ငံတကာက ပိတ်ဆို့အရေးယူထားပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည်ပင်လျှင် ၎င်း၏ စစ်လက်နက်ဖောက်သည်နိုင်ငံ ရုရှားတစ်နိုင်ငံတည်းသို့သာ လွတ်လွတ်လပ်လပ် သွားခွင့်ရသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ မတ်လအတွင်း ဩစတြေးလျနိုင်ငံ၊ ဘရစ်(စ်)ဘိန်း (Brisbane) မြို့တွင် ကျင်းပခဲ့သော သဘာဝကျေးငှက်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲသို့ စစ်ကောင်စီဘက်က တက်ရောက်ရန် ကနဦး စီစဉ်ထားသော်လည်း ဝိုင်းဝန်းကန့်ကွက်မှုကြောင့် ဩစတြေးလျအစိုးရက ပြည်ဝင်ခွင့်မပေးခဲ့ကြောင်း CRPH/NUG Support Group (Australia) ထံမှ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသော နိုင်ငံရေးသမားများ၊ သတင်းသမားများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ထားသူ အရပ်ဘက်ဝန်ထမ်းများ၊ စစ်သားများကို ဩစတြေးလျနိုင်ငံက ခိုလှုံနေထိုင်ခွင့် ပြုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။