သတင်း

စစ်ကောင်စီကိုယ်စားလှယ် ဝင်ခွင့်ပိတ်ရန် နယူးဇီလန်ရောက် မြန်မာများတောင်းဆို

အာဆီယံဆိုင်ရာ အစည်းအဝေးသို့ စစ်ကောင်စီ တက်မည်ကို နယူးဇီလန်ရောက် မြန်မာတို့က ကန့်ကွက်နေကြသည်၊ နယူးဇီလန်ကမူ စစ်ကောင်စီ၏ အလယ်အလတ်အဆင့် အရာရှိသာ တက်မည်ဟု ဆိုသည်။

နယူးဇီလန်ရောက် မြန်မာအသိုင်းအဝိုင်းက ဧပြီ ၁၈ နှင့် ၁၉ တို့တွင် ကျင်းပမည့် အာဆီယံ- နယူးဇီလန် အစည်းအဝေးသို့ တက်မည့် စစ်ကောင်စီကိုယ်စားလှယ်များကို ပြည်ဝင်ခွင့်ပိတ်ပင်ရန် တောင်းဆို၊ လှုံ့ဆော်နေကြသည်။​

အာဆီယံ-နယူးဇီလန်အကြား ၃၁ ကြိမ်မြောက်အဖြစ် ကျင်းပမည့် ထိုအစည်းအဝေးအတွက် စစ်ကောင်စီကိုယ်စားလှယ်များ တက်ရန် နယူးဇီလန်အစိုးရက ဖိတ်ကြားထားကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။

ကိုဗစ်ကပ်ဘေးကာလ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင်တက်ရောက်ဆွေးနွေးကြမည့်၊ နယူးဇီလန်နိုင်ငံ၏မြို့တော် ဝယ်လင်တန်တွင် ပြုလုပ်မည့် ထိုအစည်းအဝေးသို့ အာဏာသိမ်းမှု ဆန့်ကျင်သူများကို ဖမ်းဆီး၊ သတ်ဖြတ်နေသည့် စစ်ကောင်စီကိုယ်စားလှယ်များ ဗီဇာ မရစေရန် မြန်မာအသိုင်းအဝိုင်းက နယူးဇီလန်အစိုးရကို တောင်းဆိုနေခြင်းဖြစ်သည်။

စစ်ကောင်စီကိုယ်စားလှယ်များ နယူးဇီလန်နိုင်ငံအတွင်း ဝင်ခွင့်မရစေရန် Keep out the Butchers of Myanmar! အမည်ဖြင့် လှုပ်ရှား လှုံ့ဆော်လျက်ရှိသည်။​

“စစ်တပ်က အာဏာသိမ်းပြီးကတည်းက နယူးဇီလန်နိုင်ငံနဲ့ သြစတြေးလျနိုင်ငံတို့က တရားမဝင်အစိုးရကိုယ်စားလှယ်တွေကို သူတို့လက်ခံကျင်းပတဲ့ အစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပြုခဲ့ပါဘူး။ အခုချိန်မှာ လက်ခံလိုက်မယ်ဆိုရင် အကျည်းတန်စရာကောင်းပါတယ်” ဟု ထိုလှုပ်ရှားမှု၏ ပြောခွင့်ရှိသူ မဖြိုးစန္ဒာစိုးက ပြောသည်။​

လွန်ခဲ့သည့် ၃ နှစ်က စစ်တပ်အာဏာသိမ်းမှုကို နယူးဇီလန်နိုင်ငံက ဆန့်ကျင်ရှုတ်ချကာ ဒီမိုကရေစီအရေးအတွက် တောင်းဆိုခဲ့သော်လည်း လာမည့် အာဆီယံအစည်းအဝေးအတွက် ဖိတ်ကြားမှုကို မြန်မာအသိုင်းအဝိုင်းက မေးခွန်းထုတ်လျက်ရှိသည်။

နယူးဇီလန်ဝန်ကြီးချုပ်က စစ်ကောင်စီကို ၎င်းတို့အစိုးရ ဆန့်ကျင်ရှုတ်ချထားခြင်းမှာ အပြောင်းအလဲမရှိကြောင်း၊ စစ်ခေါင်းဆောင်များကို ခရီးသွားလာမှု အကြီးအကျယ် ကန့်သတ်ထားပြီးဖြစ်ကြောင်း ပြောသည်ဟု The Post သတင်းစာ အွန်လိုင်းသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့က အာဆီယံကို နေရာပေးထားတာပါ၊ ကျွန်တော်တို့က အာဆီယံအဖွဲ့ဝင် မဟုတ်ပါဘူး။ အာဆီယံလုပ်ချင်တာက မြန်မာ ပါဝင်ဖို့ပါ၊ ဒါပေမဲ့ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ကိုယ်စားလှယ်ပါ၊ … စစ်ခေါင်းဆောင် မဟုတ်ဘဲ အလယ်အလတ်အဆင့် အရာရှိပိုင်းက အာဆီယံပွဲကို လာမှာပါ” ဟု သူက ပြောသည်။

နယူးဇီလန်ရောက် မြန်မာတို့သည် မကြာသေးမီက အလားတူအစည်းအဝေးလက်ခံကျင်းပခဲ့သည့် သြစတြေးလျနိုင်ငံကဲ့သို့ပင် စစ်ကောင်စီကိုယ်စားလှယ်များကို ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ပေးရေး တောင်းဆိုနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ် ၄ မှ ၆ အထိ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် အာဆီယံ – ဩစတြေးလျ ဆက်ဆံရေး နှစ် ၅၀ ပြည့် အထူးတွေ့ဆုံပွဲ ကျင်းပစဉ် ထိုနိုင်ငံရောက် မြန်မာသံရုံးတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲကျင်းပနေစဉ် ဩစတြေးလျရောက် မြန်မာနိုင်ငံသားများက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားသူများ လွှတ်ပေးရန်၊ စစ်အုပ်စုနှင့် မပူးပေါင်းရန် အာဆီယံကို တောင်းဆိုဆန္ဒပြခဲ့ကြသည်​။

အာဏာသိမ်းပြီးနောက် အာဆီယံထိပ်သီးအစည်းအဝေးများကို စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခွင့်မရသော်လည်း ဆက်စပ်အစည်းအဝေးများတွင်မူ မြန်မာစစ်အုပ်စုက ပါဝင်ခွင့်ရရှိခဲ့သည်။

Show More

Related Articles

Back to top button