
အာဏာသိမ်းစစ်ကောင်စီ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံရန် ဒေါက်တာအေးမောင်နှင့် ဒေါ်စန္ဒာမင်းတို့က ယခုလလယ်ပိုင်းက ဂျပန်သို့ သွားရောက်ကာ ဝါဒဖြန့်စည်းရုံးခဲ့ကြောင်း စုံစမ်း သိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်း ဒေါ်စန္ဒာမင်း၊ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဟောင်းနှင့် ယခုလက်ရှိ ရခိုင့်ဦးဆောင်ပါတီခေါင်းဆောင် ဒေါက်တာအေးမောင် အပါအဝင် အကုန်သိသတင်းဌာန အယ်ဒီတာချုပ်ဟောင်းဖြစ်ပြီး လက်ရှိ NP News သတင်းအေဂျင်စီမှ ကျော်မျိုးမင်းတို့က ဂျပန်အတိုက်အခံလွှတ်တော်အမတ်နှစ်ဦးနှင့် စက်တင်ဘာ ၁၉ ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း ထိုအစည်းဝေးကို သိရှိသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လာမည့် ၂၀၂၄ သို့မဟုတ် ၂၀၂၅ တွင် စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို ထောက်ခံအားပေးရန် ၎င်းတို့သုံးဦးက ဂျပန်အတိုက်အခံအမတ်များကို စည်းရုံးပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် လူ့အခွင်အရေးဆိုင်ရာအကျပ်အတည်းများသည် အမျိုးသားညီညွတ်ရေးအစိုရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့တွင်သာ တာဝန်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်ဟုလည်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
၎င်းတို့သုံးဦးသည် စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေသည့် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၃ ဇန်နဝါရီတွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများ၊ သေကျေမှုများ၊ အဖျက်အမှောင့်လုပ်ငန်းများနှင့် လက်နက်ခဲယမ်းဖမ်းဆီးမှုများခေါင်းစဉ်ဖြင့် စာစောင်ကို ဖြန့်ဝေခဲ့ကြသည်။
ဂျပန်လွှတ်တော်အမတ်များနှင့် သွားရောက်တွေ့ဆုံခဲ့ခြင်းမှာ မှန်ကန်ပြီး ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းနှင့် ပတ်သက်၍ အကူအညီပေးရေးကိစ္စသာဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သည့် ရခိုင့်ဦးဆောင်ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်က ယနေ့ (စက်တင်ဘာ ၂၇) ပြောသည်။
လွှတ်တော်အမတ်များက မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ မေးမြန်းသဖြင့် ပြန်လည်ဖြေဆိုခဲ့ကြောင်း လက်ရှိနိုင်ငံရေးအကျပ်အတည်းတစ်ခုလုံးကို ဖြေရှင်းရန် ရွေးကောက်ပွဲသည် အဖြတစ်ခုဖြစ်သလို အခြေခံဥပဒေဆိုင်ရာ ညှိနှိုင်းတိုင်ပင်မှုလိုအပ်ကြောင်း ပြောဆိုသည်ဟု ၎င်းက တုံ့ပြန်သည်။
“ရှေ့ဆက်ဘယ်လိုသွားမှာလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းဖြစ်နေပြီ။ ဒီဟာက ဘယ်လိုထွက်ရမှာလဲ။ လက်ရှိကာလက ထွက်မယ်ဆိုရင် ရွေးကောက်ပွဲသည် အဖြေတစ်ခုဖြစ်တယ်။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းတစ်ခုလုံးကို ဖြေရှင်းကြမယ်ဆိုရင် အခြေခံဥပဒေဆိုင်ရာ ညှိနှိုင်းတိုင်ပင်မှု၊ အားလုံးဆွေးနွေးတိုင်ပင်မှုက လိုအပ်တယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။
မိုခါမုန်တိုင်းကိစ္စဟု ၎င်းက ဆိုသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပတ်သက်သည့် စွပ်စွဲပြောဆိုချက်နှင့် ပတ်သက်၍ Myanmar Now က မေးမြန်းရာ ဒေါက်တာအေးမောင်က ယခုကဲ့သို့ တုံ့ပြန်ပြောဆိုသည်။
“ဘာအကြောင်းဖြစ်ဖြစ် ကျွန်တော်က ပြောလို့မရဘူး။ ကျွန်တော့်အကြောင်းပဲ ခင်ဗျားကို ပြောလို့ရမယ်။ ခင်ဗျားတို့ ကျွန်တော်ပြောရင် ကိုယ်စားပြောတယ်ဖြစ်သွားမှာပေါ့။ ဥပမာ ဘယ်အမတ်ကြီးနဲ့ တွေ့တယ်။ ဘယ်သူ့ကို ဘာပြောတယ်ဆိုတာကိုပေါ့။ ဒါက ခင်းဗျားတို့ကပဲ စုံစမ်းရမှာလေ”
ဂျပန်လွှတ်တော်အမတ်များနှင့် တွေ့ဆုံပွဲကို ဂျပန်မြန်မာချစ်ကြည်ရေးတိုးမြှင့်မှုအသင်းက စီစဉ်ခြင်းဖြစ်ကာ တွေ့ဆုံပွဲမတိုင်မီ၌ NLD ပါတီ၏ လွှတ်တော်အမတ်ဟောင်းတစ်ဦးနှင့် တွေ့ဆုံရန်ဟုသာ အသိပေးခဲ့သည်ဟု ဆိုသည်။
ဂျပန်အမျိုးသား၊ ယဉ်ကျေးမှုနှင့် အားကစားဗျူရို၏ အဆိုအရ Takashi Yuki ဆိုသူ ကိုယ်စားပြုသည့် ဂျပန်မြန်မာချစ်ကြည်ရေးတိုးမြှင့်မှုအသင်းကို ၂၀၀၈ တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် မြန်မာနိုင်ငံသားများအတွက် ဂျပန်ဘာသာစကားသင်ကြားမှုအစီအစဉ်ကို ရပ်ဆိုင်းထားသလို အခြားဝန်ထမ်းလဲလှယ်ခန့်ထားမှုအစီအစဉ်များကိုလည်း ဆောင်ရွက်မှုမရှိကြောင်း ထိုအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာတွင် ဖော်ပြသည်။
ဂျပန်မြန်မာချစ်ကြည်ရေးတိုးမြှင့်မှုအသင်းသည် မြန်မာစစ်အာဏာရှင်ဟောင်းများနှင့် ကာလာရှည်ကြာ ထိတွေ့ဆက်ဆံခဲ့သော သမိုင်းကြောင်းရှိပြီး ဘုတ်အဖွဲ့ ဥက္ကဋ္ဌမှာ Fuji Keiichiro ဖြစ်သည်။
ဂျပန်လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့သူ သုံးဦးလုံးသည် အာဏာသိမ်းစစ်တပ်နှင့် ဆက်ဆံရေးကောင်းသူများဖြစ်ကြသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဒေါ်စန္ဒာမင်းသည် စစ်အာဏာမသိမ်းမီ နှစ်များကတည်းက စစ်တပ်လိုလားသူတစ်ဦးဖြစ်လာသည်။ ရိုဟင်ဂျာအရေးကို ဆန့်ကျင်ပြီး ထင်ရှားလာသည့် ရခိုင်အမျိုးသားရေးသမား ဒေါက်တာအေးမောင်သည်လည်း စစ်ခေါင်းဆောင်များနှင့် နီးကပ်သည့်ဆက်ဆံရေးရှိသူဖြစ်သည်။ ကျော်မျိုးမင်းသည် အွန်လိုင်းမှနေ၍ စစ်တပ်ထောက်ခံသူတစ်ဦးမျှသာဖြစ်သည်။
ယခုကိစ္စနှင့် ပတ်သက်၍ NLD ပါတီဝင်ဟောင်း ဒေါ်စန္ဒာမင်းကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။ ထို့အတူ ဂျပန်မြန်မာချစ်ကြည်ရေးတိုးမြှင့်မှုအသင်းကို ဆက်သွယ်မေးမြန်းသော်လည်း အကြောင်းပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီပြုလုပ်မည်ဟုဆိုသည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဂျပန်အစိုးရက တရားဝင်ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။
ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းမရှိဘဲ လက်ရှိအခြေအနေအောက်တွင် ရွေးကောက်ပွဲကျင်းပမှုသည် စစ်တပ်အပေါ် မကျေနပ်မှုများပိုတိုးလာရန် ဖန်တီးသလိုဖြစ်နိုင်ပြီး မြန်မာ့အကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းရန် ပိုမိုခက်ခဲစေနိုင်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးကို ပြောဆိုခဲ့သည်။
တပ်ထောက်ခံသူသုံးဦးသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်၍ အာဏာသိမ်းစစ်တပ်တွင် တာဝန်မရှိကြောင်း ဇာတ်လမ်းအလွဲအမှားကို ဖြန့်ချိရန် လာရောက်ပုံရသော်လည်း အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော ယုံကြည်ဖွယ်ရာအစီရင်ခံစာများက အလွယ်တကူ ချေဖျက်ပစ်နိုင်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ အာရှရေးရာအကြီးအကဲ Teppei Kasai က ဆိုသည်။
“စစ်ကောင်စီ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရမှုကို အာဖြည့်ပေးနိုင်တဲ့အတွက်ကြောင့် လက်ရှိအခြေအနေမှာ (စစ်ကောင်စီကျင်းပမယ့်) ဘယ်ရွေးကောက်ပွဲကိုမှ အတည်မပြုဖို့ ဂျပန်အစိုးရအနေနဲ့ ရှင်းရှင်းလင်းလင်း ဖြစ်သင့်တယ်”
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။