သတင်း

အမ်းမြို့နယ်တွင် ငါးဖမ်းနေစဉ် ပစ်ခတ်ခံရသည့် အရပ်သားနှစ်ဦးအနက် တစ်ဦးဒဏ်ရာပြင်းထန်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ငါးဖမ်းနေသည့် အရပ်သားဒေသခံနှစ်ဦး သေနတ်ပစ်ခံရပြီး တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

အမ်းမြို့နယ် ဂျိတ်ချောင်းကျေးရွာမှ အသက် ၄၈ နှစ်အရွယ် ဦးမိုးအောင်နှင့် ၎င်း၏ယောက်ဖဖြစ်သူသည် ယမန်နေ့ (ဩဂုတ် ၁၉) ညပိုင်းက ဒါးလက်ချောင်းအတွင်း စက်တပ်လှေဖြင့် ငါးဖမ်းပိုက်ချနေစဉ် စက်လှေ မျောပါသွားရာ ကဇူးကိုင်းတံတားအနီးအရောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ 

ကဇူးကိုင်းတံတားဟောင်းအောက်ရှိ တပ်မတော်စစ်ကြောင်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဦးမိုးအောင်သည် ဘယ်ဘက်ပေါင်တွင် ကျည်ဆန်ဖောက်ဝင်ဒဏ်ရာတစ်ချက် ရရှိခဲ့သည်ဟု ဦးမိုးအောင်၏ မိတ်ဆွေဖြစ်သူ ဦးဇော်မိုးက ပြောသည်။ 

“အပစ်ခံရလို့ ဒဏ်ရာရတဲ့အချိန်မှာ ဒါးလက်ချောင်းအောက်ဘက်မှာရှိတဲ့ ဆင်ဦးတိုက်နဲ့ သဲကမ်းထောင်းကျေးရွာဘက်ကို ရောက်တယ်။ အဲဒီက ငါးရှာတဲ့လူတွေနဲ့တွေ့လို့ နာရေးအသင်းကို အဆက်အသွယ်လုပ်ပြီး ဆေးရုံကို ပို့လိုက်ကြတာ။ ဆေးရုံကို ည ၁၀ နာရီလောက်မှာ ရောက်ပါတယ်။ လူနာအခြေအနေက ဒီမှာလုပ်လို့မရဘူး။ စစ်တွေကို ယူရမယ်လို့ပြောပါတယ်”ဟု ၎င်းက ပြောသည်။

ပစ်ခတ်ခံခဲ့ရသည့် ဦးမိုးအောင်ကို မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုမှုခံယူလျက်ရှိသော်လည်း ဒဏ်ရာပြင်းထန်မှုကြောင့် စစ်တွေဆေးရုံသို့ ပို့ဆောင်သွားရန် ပြင်ဆင်နေသည်ဟု ကမ်းထောင်းကြီးမြို့မ နာရေးကူညီမှုအသင်းဥက္ကဋ္ဌထံမှ သိရသည်။

ကဇူးကိုင်းတံတားဟောင်းအောက်ရှိ တပ်က ပစ်ခတ်လိုက်သည်ဟု ဒေသခံများပြောဆိုနေမှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်တို့ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။ 

ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ် နှစ်လအတွင်း အမ်းမြို့နယ်၊ ကဇူးကိုင်းအုပ်စုတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သား သုံးဦးသေဆုံးခဲ့ပြီး တစ်ဦးအထိ ဒဏ်ရာရရှိခဲ့သည်။ 

စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က ကောက်ယူရရှိထားသည့် ခန့်မှန်းစာရင်းအရ ရခိုင်ပြည်နယ်အတွင်း သေဆုံးသူ ၁၈၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၅၈၀ ကျော်အထိ ရှိနေသည်။

Show More

Related Articles

Back to top button