သတင်း

အခြေခံဥပဒေပါပြဋ္ဌာန်းချက် ဖောက်ဖျက်မှုဖြင့် ကယားပြည်နယ်ဝန်ကြီးချုပ် စုံစမ်းစစ်ဆေးခံရ

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ ဖောက်ဖျက်သည်ဆိုသော ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကို အရေးယူပေးရန် လွှတ်တော်ကိုယ်စားလှယ်များက တင်ပြသဖြင့် စုံစမ်းစစ်ဆေးရေးဖွဲ့ ဖွဲ့ကာ စစ်ဆေးနေကြောင်း ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၅ ၊ ပုဒ်မ ၂၆၃(က) ပါ ပြဋ္ဌာန်းချက်များတွင် နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊ အကျင့်သိက္ခာ ဖောက်ဖျက်ခြင်း၊ ဝန်ကြီးချုပ်အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်ထားသော တာဝန်ကို ကျေပွန်စွာ မဆောင်ရွက်ခြင်းစသည့် အချက်ငါးချက် ပါဝင်သည်။ 

ထိုအချက်များကို ဖောက်ဖျက်၍ဆိုကာ ပြည်နယ်လွှတ်တော်၏ စုစုပေါင်းကိုယ်စားလှယ်ဦးရေ၏ လေးပုံတစ်ပုံက လက်မှတ်ရေးထိုး၍ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌလည်းဖြစ်သူ ဦးသဲရယ်က ပြောသည်။ 

နှစ်စဉ် ကယားပြည်နယ်နေ့အခမ်းအနားကျင်းပရာ မြေနေရာ၌ စီးပွားရေးလုပ်ငန်းမလုပ်ကိုင်ဘဲ အများပြည်သူပိုင်အဖြစ် ထားရှိရေးအဆိုကို အကောင်အထည်ဖော်ရန် အကြိမ်ကြိမ်ပျက်ကွက်သည်ဆိုကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက  အရေးယူပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်။ 

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်များအရ ဝန်ကြီးချုပ်အယ်ဖောင်းရှိုသည် စက်ယန္တရားများအငှားချရာမှ ရရှိသည့် ရန်ပုံငွေကို ကိုယ်ပိုင်ပြုလုပ်ခြင်း၊ ယကားပြည်နယ်နေ့ကျင်းပသည့် မြေနေရာကို စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် နှစ် ၅၀ စာ စာချုပ်ချုပ်ဆိုထားကြောင်း ဦးသဲရယ်က ပြောသည်။

ဝန်ကြီးချုပ် အယ်ဖောင်းရှိုသည် စီးပွားရေးလုပ်ငန်းများထံ အငှားချထားသည့် မြေတူးစက်ပါ စက်ယန္တရား ၁၈ စီး ငှားရမ်းခအဖြစ် ငွေကျပ်သိန်း ၄၀၀၀ နီးပါးကို ပြည်သူ့ဘဏ္ဍာငွေစာရင်းသို့ ထည့်သွင်းခြင်းမရှိဘဲ ကိုယ်ပိုင်ငွေစာရင်းတွင်ထည့်သွင်းကာ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည်ဟု ၎င်းက ပြောသည်။ 

မြေတူးစက်ပါ စက်ယန္တရား ၁၈ စီးငှားရမ်းရငွေနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်တွင် ပြည်နယ်စာရင်းစစ်ချုပ်က စစ်ဆေးခဲ့ရာတွင် ပြည်သူ့ဘဏ္ဍာငွေထဲသို့ အပြည့်အဝမရောက်ရှိခဲ့ဘဲ အစိုးရအဖွဲ့သည် လက်ကျန်ငွေအနည်းငယ်ကိုသာ စာရင်းသွင်းခဲ့သည်ဟုလည်း ဦးသဲရယ်က ပြောသည်။ 

“ဒီပြဿနာပေါ်ပေါက်ပြီးမှ သူတို့ဆောင်ရွက်တဲ့ကိစ္စတွေပါ။ ၂၀၁၆ ကနေ ၂၀၁၈ အထိတော့ သူတို့ကိုယ်ပိုင်စာရင်းဖွင့်ပြီး သုံးနေတာကို တွေ့ရတာပေါ့။ နောက်ပိုင်းကျတော့ မရှိတော့ပါဘူး။ သို့ပေမဲ့လည်း ဒီစက်ယန္တရားတွေက တော်တော်လေး သုံးမရတော့ ငှားမရတော့တဲ့အခြေအနေ ဖြစ်သွားတာပေါ့” ဟု ၎င်းက ပြောသည်။ 

ခန့်မှန်းခြေ သုံးဧကခန့်ရှိမြေနေရာတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခွင့်ပြုထားခြင်းကို ကွင်းဆင်းစစ်ဆေးခဲ့သည့်အပြင် စက်ယန္တရားငှားရမ်းခြင်းနှင့်ပတ်သက်၍ စာရင်းစစ်ချုပ်ကို ခေါ်ယူမေးမြန်းထားကြောင်းလည်း ၎င်းက ပြောသည်။ 

ကယားပြည်နယ်နေ့ ကျင်းပရေးမြေနေရာကို ပြည်သူပိုင်ပြုလုပ်ပေးရန် လွှတ်တော်တွင် အတည်ပြုထားပြီးဖြစ်သော်လည်း ယခုနှစ်ဆန်းပိုင်းစ၍ စားသောက်ဆိုင်၊ အားကစားရုံ၊ ရေသန့်စက်ရုံ၊ ဘန်ဂလို စသည့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် ကုမ္ပဏီများကို နှစ် ၅၀ စာချုပ်ဖြင့် ပြန်လည်ငှားရမ်းထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဦးသဲရယ်က ဆက်ပြောသည်။

ဦးသဲရယ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဩဂုတ် ၁၄ တွင် စတင်ဖွဲ့စည်းပြီး စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ ဩဂုတ် ၂၈ ရက်တွင် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်ကြောင်း ထင်ရှားပါက တာဝန်မှ ရပ်ဆိုင်းခံရနိုင်ကြောင်း ၎င်းက ပြောသည်။

Myanmar Now က ဝန်ကြီးချုပ်၏ဖုံးနံပါတ်ကို ခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းများပြုလုပ်ခဲ့သော်လည်း ၎င်းထံမှ ယခုသတင်းထုတ်သည့်အချိန်ထိ တစ်စုံတစ်ရာတုံ့ပြန်ခဲ့ခြင်းမရှိပေ။ 

ဦးအယ်ဖောင်းရှိုသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့ပြီးနောက် ကယားပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ 

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှပင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

Show More

Related Articles

Back to top button