ရွေးကောက်ပွဲ

ပယ်ချခံရသည့် မွတ်စလင်ကိုယ်စားလှယ်လောင်းတစ်ဦး အယူခံတင်

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စစ်တွေမြို့မှ ဝင်ရောက်ယှဉ်ပြိုင်ရန် မွတ်စလင်ပြည်သူ့လွှတ်တော်အမတ်လောင်း ဦးအဒူရော်ရှိ (ခ) ဦးခင်မောင်ဝင်း၏ ကိုယ်စားလှယ်လောင်းလျှောက်ထားမှု ပယ်ချခံရသည့်အတွက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်သို့ အယူခံတင်ထားကြောင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီခေါင်းဆောင်များက ပြောသည်။

ဦးအဒူရော်ရှိ မွေးဖွားစဉ်က ၎င်း၏မိဘများမှာ နိုင်ငံသားမဟုတ်ဟုဆိုကာ ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများအရ စစ်တွေခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ဩဂုတ် ၁၁ တွင် ပယ်ချခဲ့သည်။

ထို့ကြောင့် ဦးအဒူရော်ရှိအတွက် အယူခံကို ဩဂုတ် ၁၆ (ယနေ့) တွင် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ သွားရောက်တင်ခဲ့ကြောင်း ၎င်း၏ မိခင်ပါတီဖြစ်သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးအောင်က ပြောသည်။ 

“အခုကတော့ အယူခံကို လက်ခံထားတယ်ပေါ့နော်။ ပြီးတော့ တစ်ပတ်အတွင်း အကြောင်းပြန်မယ်လို့ပြောတော့ စောင့်ကြည့်ရဦးမှာပေါ့” ဟု ဦကျော်စိုးအောင်က ပြောသည်။

ဦးအဒူရော်ရှိအတွက် အယူခံကို လက်ခံရရှိသည်မှာ တစ်ရက်သာရှိသေးသည့်အတွက် စစ်ဆေးနိုင်ခြင်းမရှိသေးဘဲ အစည်းအဝေးခေါ်ပြီးမှသာ စစ်ဆေးနိုင်မည်ဟု ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ပြောသည်။

“အစည်းအဝေးခေါ်ပြီး စိစစ်ရမှာပေါ့။ လက်ရှိအခြေအနေက ဘယ်လိုဖြစ်လာမလဲဆိုတာကို ကြိုပြောလို့မရသေးဘူး” ဟု ၎င်းက ပြောသည်။

ကိုယ်စားလှယ်လောင်းအဖြစ်လျှောက်ထားမှု ပယ်ဖျက်ခြင်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ အယူခံများတက်လာမှသာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က စိစစ်ရခြင်းဖြစ်ကြောင်း ဒေါ်တင်လှိုင်က ဆက်လက်ပြောသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီကိုယ်စားပြုပြီး မောင်တောမြို့နယ်တွင် လွှတ်တော်အမတ်လောင်းတစ်ဦး၊ ဘူးသီးတောင်တွင် ပါတီဥက္ကဋ္ဌ ဦးကျော်မင်းအပါအဝင် သုံးဦး၊ စစ်တွေမြို့တွင် တစ်ဦး၊ ရန်ကုန်တိုင်းတွင် နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းလျှောက်လွှာစာရင်း တင်သွင်းခဲ့သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီကိုယ်စားပြုပြီး ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်မည့် ငါးဦးအနက် မောင်တောမြို့နယ်တွင် ရွေးကောက်ခံမည့်တစ်ဦးသာ ရွေးချယ်ခံခဲ့ရသည်။ 

ဘူးသီးတောင်မြို့နယ်တွင် ဝင်ရောက်ရွေးကောက်ခံရန် ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်ခဲ့ပြီး ပယ်ချခံရသူ သုံးဦးမှာ ဦးကျော်မင်း၊ ဦးအောင်လှနှင် ဦးစောမြင့် ဖြစ်သည်။ ၎င်းတို့သုံးဦး၏ အယူခံများကို ဩဂုတ် ၂၁ မတိုင်မီ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ တင်မည်ဟု ဦးအောင်လှက ပြောသည်။ 

မောင်တောမြို့နယ်တွင် ရွေးကောက်ခံမည့် ဦးနိုစ်မူဟာမက် (ခ) ဦးအေးဝင်း၏ ကိုယ်စားလှယ်လောင်းလျှောက်လွှာကို ကော်မရှင်က လက်ခံခဲ့ပြီး ၎င်း၏ဖခင်မှာ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ထားသည့် ပြန်တမ်းဝင်အရာရှိတစ်ဦးဖြစ်သည်ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးကျော်စိုးအောင်က ဆိုသည်။

ရန်ကုန်တိုင်းတွင် တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ်လောင်းအဖြစ် ဦးဟိန်းဝင်းလတ်နှင့် သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ်လောင်းအဖြစ် ဦးအောင်ကြီးတို့က လျှောက်ထားခဲ့ကြပြီး ၎င်းတို့နှစ်ဦးမှာ ရွေးကောက်ပွဲဥပဒေများနှင့် ကိုက်ညီသော်လည်း လျှောက်ထားမှုအတည်ပြုချက်ကို ဩဂုတ် ၁၇ နောက်ပိုင်းမှာသာ သိရမည်ဟု ဦးကျော်စိုးအောင်က ပြောသည်။

ထို့အတူ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ရွေးကောက်ခံမည့် ဦးအဘူလ်တာဟေရ်မှာလည်း ၎င်းမွေးဖွားစဉ် မိဘများမှာ နိုင်ငံသားမဖြစ်ဆိုသည့်အချက်ဖြင့် လွှတ်တော်အမတ်လောင်းလျှောက်လွှာကို ပယ်ချခဲ့သည်။

Show More

Related Articles

Back to top button