သတင်း

လားရှိုးမြို့ပေါ်မှ လက်သည်မပေါ်သော ဖောက်ခွဲမှုများ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ထက်မနည်း အခြေစိုက်လှုပ်ရှားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ဟိုတယ်နှင့် စီးပွားရေးလုပ်ငန်းတချို့ ဆက်တိုက် ဖောက်ခွဲခံရမှုမှာ ဒေသအခေါ် ဆက်ကြေး (သို့) အခွန်ကောက်ခံသည့်ကိစ္စများနှင့် ဆက်စပ်နေကြောင်း ဒေသခံများက ပြောကြသည်။

ယခုလ ၁၉ ရက်၊ ညနေ ၅ နာရီခွဲက လားရှိုးမြို့လယ် အမှတ် (၂) ရပ်ကွက်၊ နှင်းဆီလမ်းရှိ CS ဟိုတယ်အနီး ပေါက်ကွဲမှုဖြစ်စဉ်တွင် အရပ်သားအမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးကာ ၅ ဦး ဒဏ်ရာအပြင်းအထန် ရခဲ့သည်။

ဆိုင်ကယ်ပေါ်တွင် လက်လုပ်ဗုံး ချိတ်ဆွဲထားပြီး CS ဟိုတယ်ကို ဦးတည်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ အခွန်ကိစ္စနှင့် ဆက်စပ်သည့် တိုက်ခိုက်မှုဖြစ်ကြောင်း ဟိုတယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“လားရှိုးမှာ အခွန်ကိစ္စက အတော်လေး ဆိုးဆိုးရွားရွားဖြစ်နေတယ်။ CS မှာ ဗုံးမပေါက်ခင်ကတည်းက အခွန်ကိစ္စ ညှိနေတယ် ကြားတယ်။ ဆိုင်ကယ်ကြောင့် ထိခိုက်တာ၊ ဒီတိုင်းခွဲရင် ခဲသီးမပါဘူးလို့ ယူဆလို့ ရတယ်။ ခဲသီး ပါရင် စုတ်ပြတ်သတ်ကုန်မှာပေါ့။ အဓိကတော့ အသံနဲ့ ခြိမ်းခြောက်တာပဲ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ဒဏ်ရာရသဖြင့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် အသက် ၄၀ ကျော်အရွယ် ကလေးမိခင်တစ်ဦး နောက်တစ်နေ့၌ သေဆုံးသွားကြောင်း ဒေသအခြေစိုက်သတင်းဌာနများတွင် ဖော်ပြထားကြသည်။

ပြီးခဲ့သည့် ၄ အတွင်း လားရှိုးမြို့ရှိ စီးပွားရေးလုပ်ငန်းများကို ဦးတည်သည့် ဖောက်ခွဲတိုက်ခိုက်မှု ၈ ကြိမ် ရှိခဲ့ရာ ထိုအထဲတွင်  ဟိုတယ် ၆ ခု၊ ရွှေဆိုင် ၁ ဆိုင်၊ ပန့်ဆီဆိုင် တစ်ဆိုင် ပစ်မှတ်ထားခံခဲ့ရသည်။

အထက်ပါ ဖောက်ခွဲမှုများသည် ဆက်ကြေး (အခွန်) ကိစ္စရပ်များနှင့် ဆက်စပ်နေပြီး ဗုံးဖောက်ခွဲခြင်း၊ ဖမ်းဆီးခြင်းများ ယခုနှစ်အတွင်း ခပ်စိပ်စိပ်ဖြစ်လာကြောင်း လားရှိုးမြို့ခံများက ပြောသည်။

မည်သည့်ဖောက်ခွဲမှုမဆို တာဝန်ယူ ထုတ်ပြန်ကြေညာသည့် အဖွဲ့အစည်း မရှိခဲ့ပေ။ တူညီသည့်အချက်မှာ ထိုဖောက်ခွဲမှုများတွင် ဆိုင်ကယ်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။

ယခုနှစ် ဖောက်ခွဲမှုများအစ

ထိုဖောက်ခွဲမှုများသည် ဇွန် ၉ ရက်နေ့၊ ည ၇ နာရီခန့်တွင် အမှတ် (၂) ရပ်ကွက်ရှိ Fully Light ဟိုတယ် ဗုံးပေါက်ကွဲမှုမှ စတင်ခဲ့သည်။

ဇွန် ၂၀ ရက်နေ့ ည ၈ နာရီခန့်တွင် အမှတ် (၂) ရပ်ကွက်ရှိ Golden Hill ဟိုတယ်၏ ယာဉ်ရပ်နားရာနေရာအနီး ပေါက်ကွဲခဲ့သည်။ ဆိုင်ကယ်ဖြင့် လာသော အမျိုးသား ၂ ဦးက လက်ပစ်ဗုံး ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းသတင်းများနှင့် စစ်ကောင်စီဝါဒဖြန့်မီဒီယာများက ဖော်ပြကြသည်။

ဇွန် ၂၈ ရက်နေ့၊ ည ၇ နာရီခန့်တွင် အမှတ် (၂) ရပ်ကွက်ရှိ Fully Light ဟိုတယ်တွင် ဒုတိယအကြိမ်ပေါက်ကွဲမှု ဖြစ်ခဲ့သည်။  ဆိုင်ကယ်စီးအမျိုးသား ၂ ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားကြောင်း စစ်ကောင်စီရဲတပ်ဖွဲ့က ၃ ရက်အကြာတွင် သတင်းထုတ်ပြန်သည်။

တစ်လအတွင်း နှစ်ကြိမ် ဖောက်ခွဲခံရသည့် အဆိုပါဟိုတယ်သည် သတ္ထုတူးဖော်ရေး၊ ခရီးသွားလာရေး အပါအဝင် လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်သည့် Fully Light လုပ်ငန်းစု၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အဆိုပါလုပ်ငန်းစု၏ အွန်လိုင်းစာမျက်နှာတွင် အင်္ဂလိပ်၊ တရုတ် နှစ်ဘာသာဖြင့် ဖော်ပြထားသည်။

ဇွန် ၂၃ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်တွင် အမှတ် (၁) ရပ်ကွက် လားရှိုး – မန္တလေး ကားလမ်းပေါ်ရှိ “အသော က” စက်သုံးဆီဆိုင် ပေါက်ကွဲမှုဖြစ်ခဲ့သည်။ ဆိုင်ကယ်စီး အမျိုးသား ၂ ဦးက လက်လုပ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီလော်ဘီ မီဒီယာတချို့က ဖော်ပြကြသည်။

လားရှိုး – မန္တလေး သွားကားလမ်းပေါ်ရှိ “အသော က” စက်သုံးဆီဆိုင် ပေါက်ကွဲမှု။

ဩဂုတ် ၆ နံနက် ၁၀ နာရီခွဲက လားရှိုးမြို့၊ ညဈေးတန်းအနီးရှိ Sunny ဟိုတယ်တွင် ဗုံး ၃ လုံး ပေါက်ကွဲမှုဖြစ်ပြီး လူအထိ အခိုက်မရှိခဲ့ပေ။

ဩဂုတ်၂၉ ရက်၊ ညနေ ၄ နာရီခွဲတွင် အမှတ် (၈) ရပ်ကွက် ရှိ Luxury Lounge ဟိုတယ်ကောင်တာအနီး ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ဆိုင်ကယ်စီးအမျိုးသား ၂ ဦးက လုပ်ဆောင်ခဲ့ကြောင်း ဒေသရင်းမြစ်များက ဆိုကြသည်။

အမှတ် (၈) ရပ်ကွက် ရှိ Luxury Lounge ဟိုတယ် ပေါက်ကွဲမှုအပြီး တွေ့ရစဉ်။

ဟိုတယ်များကဲ့သို့ လုပ်ငန်းများကို ပစ်မှတ်ထားဖောက်ခွဲမှုများရှိခဲ့ပြီး မြို့တွင်း အသေးစားပေါက်ကွဲမှုများလည်း ရှိခဲ့သည်။

ဇူလိုင် ၁၅ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် ပြည်သူ့ဆေးရုံကုန်းဆင်းလမ်း၊ လားရှိုးမြို့မစျေးရှိ ”ဇွဲထက်“ ရွှေဆိုင် ဆိုင်ခွဲ ၃ ခုလုံး ဖောက်ခွဲခံရသည်။ ဆိုင်ကယ်ပေါ်၌ လက်လုပ်ဗုံး ချိတ်ဆွဲ ဖောက်ခွဲမှုတွင် ရွှေဆိုင်လုံခြုံရေးဝန်ထမ်း အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသည်၊ ဆိုင်ဝန်ထမ်း ၁၁ ဦး၊ မြို့ခံ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

ယင်းနေ့မှာပင် စစ်ကောင်စီက စစ်အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူ ၃ ဦး အပါအဝင် ဒေသခံ ၁၃ ဦးထက်မနည်းကို ဖမ်းဆီးစစ်ဆေးခဲ့သည်။

ယမန်နေ့ (စက်တင်ဘာ ၂၇) ညနေ ၅ နာရီခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အထွက် Denko စက်သုံးဆီဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဆီဆိုင် မီးလောင်သလို ဆိုင်အတွင်း ဆီဖြည့်နေသည့် မော်တော်ယာဉ်များလည်း မီးလောင်နေသည်ကို တွေ့ရသည်။

Facebook တွင် ပျံ့နှံ့လာသည့် ရုပ်သံဖိုင်များတွင် စက်သုံးဆီဆိုင်နှင့်အတူ ခရီးသည်တင် Express ယာဉ်တစ်စီးနှင့် အိမ်စီးကားတချို့ မီးလောင်နေသည်ကိုလည်း တွေ့ရသည်။

Denko ဆီဆိုင် မီးလောင်ပေါက်ကွဲမှုအပြီး တွေ့ရစဉ်။

လှုပ်ရှားနေသည့် အဖွဲ့များ

စစ်တပ်အာဏာမသိမ်းခင်ကတည်းက လားရှိုးမြို့အနီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကိုးကန့်တပ်မတော် (MNDAA) တို့က လားရှိးမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များထံ ဆက်ကြေး ခေါ် အခွန် နှစ်စဉ် ကောက်ခံနေခြင်း ဖြစ်သည်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် အထက်ပါ လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့၏ အမည်များ အလွဲသုံးစားပြုကာ ကောက်ခံမှုများ ရှိလာသည်၊ အဖွဲ့အစည်းအမည် မပါဘဲ ကောက်ခံနေမှုပင် ရှိနေသည်ဟု မြို့ခံများက ပြောသည်။

“အခွန်ဆိုပြီး စာတွေ ပစ်နေတာ အဖွဲ့တွေက အများကြီး။ တရားဝင်အဖွဲ့အစည်းနာမည်နဲ့ စာပစ်သလို၊ ဘာအဖွဲ့မှန်းမသိ၊ ညာအဖွဲ့မှန်းမသိ စာပစ်နေတာမျိုးတွေလည်း ရှိတယ်။ တံဆိပ်လည်း ပါမလာဘူး။ ဒီဖုန်းနံပါတ်ကို ဆက်သွယ်ပါဆိုပြီးတော့ ပါတယ်။ တချို့ကလည်း ပြန်မဆက်သွယ်ဘူး၊ ပြန်မဆက်သွယ်တာနဲ့ (အကြမ်းဖက်မှု) တစ်ခုခု လုပ်တော့တာပဲ” ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ထားသည့် လားရှိုးမြို့သည် လုံခြုံရေးအတင်းကျပ်ဆုံးမြို့ဖြစ်သော်လည်း ဗုံးဖောက်ခွဲခံရမှုများမှာ လက်ရှိအချိန်အထိ မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခြင်း ဖြစ်ကြောင်း လက်သည်မပေါ်သေးပေ။

ဗုံးဖောက်ခွဲပြုလုပ်ရန်အတွက်  ငွေကြေးချို့တဲ့သူကို အခကြေးငွေပေးပြီး စေခိုင်းခြင်းလည်း ရှိနေကြောင်း မြို့ခံများက ပြောကြ သည်။

“ဇွဲထက်မှာတုန်းက ဗုံးခွဲတဲ့ ဆိုင်ကယ်ကို လင်မယား ၂ ယောက် ထားသွားတာ CCTV မှတ်တမ်းမှာ ပေါ်တယ်လေ။ အဲ့ဒီနေ့ပဲ သူတို့ ၂ ယောက် ဖမ်းခံရတယ်။ စားစရာ မရှိတော့ လုပ်ကြတယ်။ ဗုံးခွဲတာကို အခွန်တောင်းတဲ့ကောင်တွေ မလုပ်ဘဲ သာမန်အရပ်သားတွေကို သုံးတယ်လေ” ဟု အထက်ပါမြို့ခံက ဆိုသည်။

ပြီးခဲ့သည့်လ အနည်းငယ်က ဆက်ကြေး (အခွန်) ကိစ္စများကြောင့် လားရှိုးမြို့မှ ကျော်ဝင်းသွပ်ပြားစက်ရုံပိုင်ရှင်၊ Smart -2 ကုန်စုံဆိုင်ပိုင်ရှင် တို့အပါအဝင် ထိပ်တန်းလုပ်ငန်းရှင် ၄ ဦး ပြန်ပေးဆွဲခံရပြီး မြေပွဲစားလုပ်ငန်းရှင်တချို့လည်း မြို့ပြင်တွင် သတ်ဖြတ်ခံရသည်။

ဩဂုတ်လ ၂၈ ရက်နေ့က လားရှိုးမြို့တွင် ဆက်ကြေးပေးရန် ငြင်းဆန်သည့်၊ ငွေကြေးချမ်းသာသည့် လင်မယား ၂ ဦးကို အမျိုးသား ၉ ဦးက TNLA အမည် အလွဲသုံးစားပြုကာ ပြန်ပေးဆွဲကြောင်း၊ မိသားစုဝင်များက ကျပ် သိန်း ၈၀၀ နှင့် ပြန်ရွေးခဲ့ရကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး TNLA ထံ တိုင်ကြားထားကြောင်းသာ ပြောပြီး Myanmar Now ကို အသေးစိတ်ဖြေဆိုရန် ငြင်းဆန်ကြသည်။

အဆိုပါဗုံးဖောက်ခွဲမှု၊ ပြန်ပေးဆွဲမှုနှင့် ဆက်ကြေး (အခွန်) ကောက်ခံမှုများကို မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်တို့က ပြုလုပ်နေကြောင်းကို လုပ်ငန်းရှင်များက ထုတ်ဖော်မပြောဆိုရဲကြသလို တိုးတိုးတိတ်တိတ်ဖြင့် ဖြေရှင်းနေရသည်ဟု ဆိုကြသည်။

သိန်းဆယ်ဂဏန်း၊ ရာဂဏန်း တောင်းခံမှုများ ဖြစ်သောကြောင့် လုပ်ငန်းရှင်ကြီးငယ်တို့မှာ ပေးဆောင်လိုခြင်း မရှိကြပေ။

Myanmar Now က လုပ်ငန်းရှင်တချို့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းတို့က ဖြေဆိုရန် ငြင်းဆန်သည်။

လားရှိုးမြို့ခံများအနေဖြင့် ဟိုတယ်နှင့် စီးပွားရေးလုပ်ငန်းစုများအနီး ဖြတ်သန်းသွားလာရန်ပင် ကြောက်ရွံ့နေကြရကြောင်း အထက်ပါမြို့ခံအမျိုးသားက ယခုရက်ပိုင်းအတွင်း ဆိုသည်။

“အရင်လိုတော့ စိတ်ချလက်ချ မသွားလာရဲတော့ဘူး။ မလိုအပ်ရင် ဟိုတယ်တွေ လုပ်ငန်းကြီးကြီးတွေ ရှေ့တွေမှာ မသွားဘူး။ ဘယ်မှာတော့ အခွန်တွေ ညှိနေကြပြီဆိုပြီး ကြားရင် အဲဒီနေရာတွေကို ရှောင်ရတာပေါ့။ အသွားအလာတွေ ပိုဂရုစိုက်နေရပြီ”

ဇွဲထက်ရွှေဆိုင် ၃ ခုလုံးတွင် ဗုံးပေါက်ကွဲမှုအပြီး ဇူလိုင် ၁၅ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ-ရဲနိုင်-လားရှိုး)

လုပ်ငန်းရှင်များဘက်ကမူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကောက်ခံမည့် အခွန်အခများကို စုပေါင်းပြီး ကိုယ်စားလှယ်တစ်ယောက်ထံမှတစ်ဆင့် တန်းတူပေးဆောင်ရန် ဆန္ဒရှိကြသော်လည်း TNLA, SSPP, KIA, MNDAA တို့က အခွန်ပူးတွဲကောက်ခံသည့် မူဝါဒမျိုး မရှိကြပေ။

TNLA သတင်းပြန်ကြာရေးကမူ အခွန်ကိစ္စနှင့် ပတ်သက်ပြီး လတ်တလော ထုတ်ဖော်ပြောဆိုလိုခြင်း မရှိသေးကြောင်း Myanmar Now ကို တုံ့ပြန်ထားသည်။

KIA တပ်ဖွဲ့သည်လည်း ၎င်းတို့ လှုပ်ရှားရာ ကွတ်ခိုင်မြို့နယ်အပြင် ၎င်းတို့ စစ်ရေးလှုပ်ရှားရာနယ်မြေ မဟုတ်သည့် လားရှိုးမြို့ပေါ်အထိ အခွန်ကောက်ခံမှုများ ပြုလုပ်နေသည်ဟု မြို့ခံတချို့က ပြောသည်။

စက်တင်ဘာ်လဆန်းမှာပင် KIA က လားရှိုးမြို့ပေါ်ရပ်ကွက်ရှိ ချမ်းသာသည်ဟု ယူဆရသူတို့၏ နေအိမ်များကို ငွေတောင်းခံသည့် စာရွက်များ ပစ်ထည့်နေပြီး SSPP ကမူ မြို့ပေါ်တွင် ကွမ်းယာဆိုင်များပါမကျန် ငွေတောင်းခံသည့် စာရွက်များ ပို့ထားသည်၊ မြေပွဲစားတစ်ဦးကိုမူ ငွေပေးဆောင်ရန် ပျက်ကွက်မှုဖြင့် ဖမ်းဆီးထားကြောင်း မြို့ခံများအဆိုအရ သိရသည်။

သို့သော်လည်း ဟိုတယ်များကို အထက်ပါ ၄ ဖွဲ့ အမည်ခံသူများ၊ အဖွဲ့အမည်မပါဘဲ တောင်းသူများ ရှိသည်၊ ဟိုတယ်များက ပေးဆောင်ခြင်း မရှိဟု ဆိုကြသည်။

ဟိုတယ်ပိုင်ရှင်အများစုက တရုတ်ငွေရှင်ကြီးများဖြစ်ပြီး ဟိုတယ်လုပ်ငန်းအပြင် တခြားသော စီးပွားရေးများ တွဲဖက်လုပ်ဆောင်ကြကာ ဌာနေပြည်သူ့စစ်များနှင့် ပိုနီးစပ်သော ဆက်ဆံရေး ရှိကြသည်။

လတ်တလောတွင် လားရှိုးဟိုတယ်တချို့ ဆက်ကြေးစာရွက်များ လက်ခံရရှိထားကြောင်း၊ ဟိုတယ်အနီး ဆိုင်ကယ်များ လာရောက်မှုကို ကန့်သတ်ထားကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ရပ်တည်ရေးအတွက် ရန်ပုံငွေ လိုအပ်လျက်ရှိရာ အရပ်သားများ အထူးသဖြင့် လုပ်ငန်းတစ်ခုခု လုပ်ကိုင်နေသူများထံမှ ငွေကောက်ခံခြင်းကို ရန်ပုံငွေရှာဖွေရေး အဓိကနည်းလမ်းတစ်ခုအဖြစ် အသုံးပြုလျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button