အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကိုးကန့်တပ်ဆုတ်သွားသည့် လားရှိုးတွင် စစ်သားသစ်စုဆောင်းရန် ပြင်ဆင်

လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်ပြီး ၉လခန့်အကြာတွင် စစ်တပ်က စစ်သင်တန်းကျောင်းသို့ သွားရမည့်လူငယ်စာရင်း စတင်ကောက်ယူနေသည်ဟု ဒေသခံတို့က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက  စစ်တပ်က တပ်သားသစ် ခေါ်ယူစုဆောင်းရန်    ယခုအပတ်မှစတင်၍  စာရင်းပြန်လည်ကောက်ယူနေသည်ဟု မြို့ခံများက ဆိုသည်။  

  နိုင်ငံအနှံ့အပြား စစ်မျက်နှာများတွင် လိုအပ်သော လက်နက်ကိုင်အင်အားအတွက်  ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၌ စတင်အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေအတိုင်း အသက် ၁၈ နှင့် ၃၅ နှစ်ကြား အမျိုးသားများစာရင်းကို ကောက်ယူနေခြင်း ဖြစ်သည်ဟု လားရှိုးမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

“တနေ့က (ဇန်နဝါရီ ၂၁ ရက်နေ့က) စပြီးတော့ လူစာရင်းတွေ ရှိ၊ မရှိ ပြန်စစ်နေပြီလို့ကြားတယ်။ လားရှိုးမှာ စစ်မှုထမ်းပြန်ခေါ်တော့မယ်”, ဟု အမှတ် (၇) ရပ်ကွက်တွင် နေထိုင်သည့် အဆိုပါ အမျိုးသားက ဆိုသည်။ 

လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ၉ လခန့် အုပ်ချုပ်ခဲ့သည့်  ကိုးကန့်တပ် (MNDAA) က တရုတ်၏ ဖိအားကြောင့် ၂၀၂၄ ခုနှစ် ဧပြီလတွင်   မြို့ပေါ်ရပ်ကွက်များကို စစ်တပ်လက်ထဲ ပြန်ထည့်လိုက်ရသည်။ 

မြို့အသိမ်းမခံရခင်က စစ်သားစုဆောင်းရန် လူငယ်များကို မဲနှိုက်ရွေးချယ်ခဲ့သည်။ မဲပေါက်သူများထဲမှ ငွေကြေးတတ်နိုင်သူတို့က အစားထိုးစစ်မှုထမ်းမည့်သူများ ရရှိရန်   ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းခဲ့ကြသည်ဟု သိရသည်။  

အာဏာသိမ်းတပ်က ပြီးခဲ့သည့် နှစ်နှစ်တွင်း သုံးလစီ ကြာမြင့်သည့် စစ်သင်တန်း အရေအတွက် ၂၀ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

လားရှိုးမြို့ခံ ရှမ်းတိုင်းရင်းသားအမျိုးသားတစ်ဦးက  ဒေသတွင်း  တိုင်းရင်းလက်နက်ကိုင်အဖွဲ့များစွာ အခြေစိုက်လှုပ်ရှားနေခြင်းကြောင့် စစ်မှုထမ်းရမည်ဆိုလျှင် ရှမ်းလက်နက်ကိုင်အဖွဲ့ကိုသာ ရွေးချယ်လိုသည်ဟု  ပြောသည်။

“ဒီမှာ တိုင်းရင်းသားပေါင်းစုံလေ။ ကိုးကန့်တွေလည်းရှိတယ်လေ၊ သူတို့ကိုရော သွားကောက်မှာလား။ တိုက်ပွဲတွေလည်း ဒီလောက်ဖြစ်နေတာ၊ ဘယ်သူက စစ်မှုထမ်းဝင်ချင်မှာလဲ။ ဝင်မယ်ဆိုရင် ကိုယ့်ရှမ်းအဖွဲ့ထဲပဲဝင်မှာပေါ့” ဟု သူက ပြောသည်။

စစ်ရှောင်နေသော ဒေသခံများထဲမှ အများအပြား ပြန်ရောက်မလာကြသေးသည့် လားရှိုးမြို့မှာ ပုံမှန်အခြေအနေတွင် မရှိသေးပေ။

လျှပ်စစ်ဓာတ်အားဖြန့်ဝေမှု အားနည်းနေဆဲဖြစ်ရာ  စီးပွားရေးလုပ်ငန်းများက နေစွမ်းအင်၊ မီးစက်များကို   အားပြုနေရသည်။  ပုဂ္ဂလိကဘဏ်များလည်း  ပိတ်ထားဆဲ ဖြစ်သည်။  

ယခုအခါ ကိုးကန့်တပ်က လားရှိုးမြို့နယ်အတွင်း ကျေးရွာများကို ဆက်လက် ချုပ်ကိုင်ထားရာ မိုင်းရယ်မြို့နယ် ဟိုရကျေးရွာအလွန်မှ လားရှိုးမြို့အဝင်ရှိ မယ်ဟန်ရွာအထိသာမက၊  လားရှိုးမြို့အထွက် အီနိုင်းတံတားမှစတင်ပြီး သိန္နီ၊ ကွတ်ခိုင်မြို့များအထိအထိ ကိုးကန့်တပ်အလံများ လွှင့်ထူထားသည်။

Related Articles

Back to top button