ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်၌ ကိုးကန့်တပ်ဖွဲ့နှင့် စစ်ကော်မရှင် ကိုယ်စားလှယ်များ တွေ့ဆုံပြီးနောက် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်ကာ နေရာနှစ်ခုမှ ကိုးကန့်တပ်များ ထွက်ခွာပေးလိုက်ကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် နှစ်ဖက် တွေ့ဆုံခဲ့ကြပြီးနောက် သီပေါတံတားရှိ MNDAA တပ်များ ဆုတ်ခွာသွားကြသလို လားရှိုးမြို့အထွက် မယ်ဟန်ရွာရှိ MNDAA စစ်ဆေးရေးဂိတ်ကို ပိတ်လိုက်ကြောင်း ဆိုကြသည်။
ယမန်နေ့ (ဇန်နဝါရီလ ၁ ရက်) တွင် သီပေါတံတားမှ ကိုးကန့်တပ်ဖွဲ့များသည် သီပေါတံတားနှင့် ကိုးမိုင်အကွာ အထိ ဆုတ်သွားသည်ဟု သီပေါ မြို့ခံများက ပြောသည်။
“သီပေါတံတားက အရင်က စစ်တပ်တစ်ဝက်၊ ကိုးကန့်တစ်ဝက် ဖြစ်နေတာ။ အခုတော့ ကိုးကန့်တပ်က မရှိတော့ဘူး။ အကုန်ဆုတ်သွားပြီ။ ကိုးမိုင်လမ်းခွဲအထိ ရောက်သွားပြီ”ဟု သီပေါမြို့ခံတစ်ဦးက ပြောသည်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ ၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုးမြို့မှ သီပေါမြို့အဝင် သီပေါတံတားအထိ ကိုးကန့်တပ်ဖွဲ့က ထိန်းချုပ်ထားပြီး တအာင်းတပ် (TNLA) က သီပေါမြို့ကို ထိန်းချုပ်ခဲ့သည်။
ယမန်နှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် စစ်တပ်က သီပေါမြို့အား TNLA တပ်ထံမှ ပြန်သိမ်းယူပြီးနောက် နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ သီပေါတံတားမှ ခရီးသည်များ သွားလာခွင့်အား စစ်ကော်မရှင်က ပိတ်ထားခြင်းဖြစ်သည်။
ကိုးကန့်တပ်များ သီပေါတံတားမှ ဆုတ်ခွာသွားပြီးနောက် ယမန်နေ့တွင် စစ်တပ်က ခရီးသည်များအား တံတားပေါ်မှ ခြေလျင်ဖြတ်သန်းခွင့် ပေးခဲ့သည် ဟု သီပေါမြို့ခံနောက်တစ်ဦးက ပြောသည်။
“တံတားတော့ မဖွင့်သေးဘူး။ မနေ့ကစပြီး လူတော့ ဖြတ်ခွင့်ပေးပြီ။ ကားတွေ၊ ဆိုင်ကယ်တွေတော့ သွားလို့ မရသေးဘူး။ ပိတ်ထားတုန်းပဲ”
မြန်မာ-တရုတ်နယ်စပ် ရှမ်းမြောက်နှင့် နိုင်ငံအလယ်ပိုင်း မန္တလေးသို့ ကုန်စည်ကူးသန်းရာ ပြည်ထောင်စု လမ်းမကြီးပေါ်၌တည်ရှိသော သီပေါတံတား ပိတ်ထားခဲ့စဉ်က ဒေသခံများနှင့် ခရီးသွားများသည် သီပေါမြို့အနီးရှိ ဒုဋ္ဌဝတီမြစ်အား စက်လှေဖြင့်ဖြတ်ကာ ခက်ခက်ခဲခဲ သွားလာခဲ့ရသည်။
စစ်တပ်က ပြည်မသို့ ဝင်ပေါက်လည်းဖြစ်သော သီပေါမြို့အဝင်တံတားမှ စတင်ပိတ်ထားခဲ့ခြင်းကြောင့် ကုန်စည်စီးဆင်းမှုများ အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး ကိုးကန့်တပ်နှင့် စစ်တပ်တို့ နှစ်ဖက်အင်အားဖြည့်လိုက်၍ တိုက်ပွဲများ ဖြစ်ပေါ်လာမည်ကို ရှမ်းမြောက်ဒေသခံများ စိုးရိမ်ခဲ့ကြရသည်။
စစ်တပ်ဝါဒဖြန့်မီဒီယာအချို့က သီပေါမြို့အနီး မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါတံတားကို မကြာမီပြန်ဖွင့်တော့မည်ဖြစ်ကြောင်း၊ သီပေါကို ပြန်ထိန်းချုပ်နိုင်ပြီးနောက် နိုဝင်ဘာလ ၁၄ ရက်တွင် တံတားအသုံးပြုခွင့် ယာယီပိတ်ထားခြင်းဖြစ်ကြောင်းရေးသားဖော်ပြနေကြသည်။
ထို့အပြင် အဆိုပါလမ်းမကြီးပေါ်တွင် မည်သည့် လက်နက်ကိုင်အဖွဲ့မျှ တက်ရောက်ဂိတ်ထိုင်ခြင်းမပြုရန် သဘောတူထားကြောင်း သတင်းများထွက်နေသည်ဟု စစ်တပ်ဝါဒဖြန့်မီဒီယာအချို့က ယမန်နေ့တွင် ဖော်ပြထားကြသည်။
ထို့နောက် ယခုလကုန်တွင် နှစ်ဖက်တွေ့ဆုံပြီးနောက် ကိုးကန့်တပ်က နေရာနှစ်ခုမှ ဆုတ်ခွာပေးလိုက်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲအခြေအနေ အသေးစိတ်မသိရသေးပေ။
တရုတ်ကြားဝင်မှုဖြင့် အပစ်ရပ်ပြီးနောက် စစ်တပ်နှင့်ကိုးကန့်တပ်တို့ ထိုကဲ့သို့ ပုံမှန်တွေ့ဆုံမှုများ ရှိနေသည်။

သီပေါကဲ့သို့ပင် သီပေါဘက်မှ လားရှိုးမြို့အဝင် ပြည်ထောင်စုလမ်းမကြီးပေါ် မယ်ဟန်ကျေးရွာအနီးရှိ MNDAA စစ်ဆေးရေးဂိတ်အား ယမန်နေ့နံနက် ပိတ်သိမ်းလိုက်ပြီဟု လားရှိုးမြို့ခံများထံက သိရသည်။
“မနေ့ မနက်ပိုင်းကစပြီး မယ်ဟန်ဂိတ်မှာ ကိုးကန့်က ငွေမကောက်တော့ဘူး။ ဂိတ်လည်းမရှိတော့ဘူး။ လမ်းမကြီးမှာ ဂိတ်တွေ မထားတော့ဘူး။ ရွာတွေမှာတော့ ဆက်ရှိနေမယ်” ဟု လားရှိုးမြို့ နောင်မွန်ရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
ကိုးကန့်တပ်ပြန်ကြားရေးဌာနတာဝန်ရှိသူများကမူ မယ်ဟန်ကျေးရွာမှ ကိုးကန့်တပ်များ ဆုတ်ခွာမည်မဟုတ်ဘဲ အခွန်ကောက်ခံသည် ဂိတ်များကိုသာ ပိတ်သိမ်းမည်ဟု ၎င်းတို့၏ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါအခြေအနေများနှင့်ပတ်သက်၍ Myanmar Now အနေဖြင့် ကိုးကန့်တပ်ထံ ဆက်သွယ်မေးမြန်း မရသေးပေ။
လားရှိုး မြို့ရှောင်လမ်းအပါအဝင် သီပေါ-မိုင်းရယ်လမ်းများကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုနေပြီး စစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့များအကြား ဆွေးနွေးမှုများရှိနေသည်ဟု ကိုးကန့်တပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
ရွေးကောက်ပွဲလုပ်ခွင့် မပေးသော်လည်း မဲဆန္ဒနယ်များ MNDAA ခွင့်ပြုရ
၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် လားရှိုးမြို့အပါအဝင် သီပေါ၊ လားရှိုးလမ်းနှင့် လားရှိုး- မိုင်းရယ်လမ်းတို့ကို ကိုးကန့်တပ်ဖွဲ့က သိမ်းပိုက်ခဲ့သည်။
ထို့နောက် တရုတ်အစိုးရ၏ ကြားဝင်မှုကြောင့် စစ်တပ်နှင့် ကိုးကန့် (MNDAA) တပ်ဖွဲ့ ကြား ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အပစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။
၂၀၂၅ ခုနှစ် ဧပြီလတွင် ကိုးကန့်တပ်ဖွဲ့က လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် ၁၂ ရပ်ကွက်ကို စစ်တပ်ထံ ပြန်လွှဲခဲ့ပြီး လားရှိုးမြို့နယ်အတွင်း ပါဝင်သည့် ကျေးရွာများကို MNDAA က ၎င်းတို့၏ အထူးဒေသ (၁) အဖြစ် သိန္နီခရိုင်အတွင်း ထည့်သွင်းခဲ့သည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့က လုပ်ခဲ့သော ရွေးကောက်ပွဲ အပိုင်း (၁) တွင် လားရှိုးမြို့အတွင်းရှိ ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စု ၁၀ စုတွင် မဲစာရင်းကောက်ခံခွင့်နှင့် နိုင်ငံရေးပါတီများ မဲဆွယ်ခွင့် ပေးခဲ့သော်လည်း ၎င်းတို့ ထိန်းချုပ်ဒေသများ၌ ကိုးကန့်တပ်ဖွဲ့က မဲရုံထောင်ခွင့် မပေးခဲ့သဖြင့် စစ်တပ်က မဲရုံများကို လားရှိုးမြို့ပေါ်သို့ ပြောင်းရွှေ့ခဲ့ရသည်။
လာမည့် ဇန်နဝါရီလကုန်ပိုင်းတွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် သီပေါ၊ ကျောက်မဲမြို့များကို ထည့်သွင်းထားသည်။
အဆိုပါ အပိုင်း(၃) တွင် သီပေါမြို့နယ်ရှိ ကိုးကန့်တပ် ထိန်းချုပ်သော ကျေးရွာအချို့သည် ရွေးကောက်ပွဲ ပြုလုပ်မည့် စာရင်းတွင် ပါဝင်နေသည်ဟု ဒေသခံများထံက သိရသည်။
“ဆွတ်လန်းရွာ၊ ခိုလုံရွာ၊ နောင်အန်ရွာတွေ ပါတယ်လို့ ပြောတယ်။ ပါတီက လူတွေတော့ သွားနေတာပဲ။ အဲဒါကြောင့် ဆုတ်ပေးတာ ထင်တယ်” ဟု သီပေါမြို့ခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ကိုးမိုင်လမ်းခွဲရှိ ကိုးကန့်တပ်ဖွဲ့ စစ်ဆေးရေးဂိတ်များအား ပိတ်သိမ်းလိုက်ပြီး ကျေးရွာများတွင် ကိုးကန့်တပ်ဖွဲ့က ဆက်လက်တပ်စွဲထားသည်ဟု သီပေါမြို့ခံတို့ကဆိုသည်။
တရုတ်အစိုးရအလိုကျ ရွေးကောက်ပွဲ ကျင်းပခဲ့သည့် စစ်တပ်၏ ရွေးကောက်ပွဲ အပိုင်း သုံးပိုင်းလုံး ပြီးဆုံးပါက တရုတ်၏ ကျောထောက်နောက်ခံပေးမှု ရရှိထားသည့် ရှမ်းမြောက်ဒေသ အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့များသည် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေများကို ထပ်မံစွန့်လွှတ်ရနိုင်သည်ဟု မြန်မာ့နိုင်ငံရေး အကဲခတ်များက မှတ်ချက်ပြုသည်။




