အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လားရှိုး–သီပေါ–မိုင်းရယ်လမ်းပိုင်း စစ်တပ်ပိတ်၊ MNDAA နှင့် တိုက်ပွဲဖြစ်မည်ကို ဒေသခံများစိုးရိမ်

တရုတ်နယ်စပ်မှ မန္တလေးမြို့အထိ ဖြတ်သန်းသွားသော ကုန်သွယ်ရေးလမ်းမကြီးတွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် ပူးတွဲထိန်းချုပ်ထားသည့် မန္တလေး–လားရှိုး- သီပေါလမ်းကို စစ်တပ်က ယနေ့နံနက်မှ စတင် ပိတ်ထားလိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး–သီပေါ–မိုင်းရယ် လမ်းတွင် ခရီးသည်နှင့် ကုန်ကားများ ဝင်ထွက် သွားလာခွင့်အား စစ်ကော်မရှင်တပ်က ယနေ့ (နိုဝင်ဘာလ ၁၄ ရက်နေ့) နံနက်ပိုင်းမှ စတင်ကာ ပိတ်ထား လိုက်သည်ဟု ဒေသခံများထံက သိရသည်။

စစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ပူးတွဲထိန်းချုပ်ထားသည့် မန္တလေး–လားရှိုး လမ်းပေါ်ရှိ သီပေါ တံတားမှ ခရီးသည်နှင့် ကုန်တင်ကားများ သွားလာခွင့်အား ယနေ့ နံနက်ပိုင်းမှ စတင်ကာ စစ်တပ်က ယာယီပိတ်ထားသည် ဟု ဆိုကြသည်။

“ကုန်ကားတွေကို အဓိကပိတ်ဖို့လို့ သိရတယ်။ ဒီမနက်ကစပြီး သီပေါမြို့အဝင်တံတားထိပ်မှာ စစ်တပ် က သဲအိတ်တွေ ကာလိုက်တာ။ ကိုးကန့်ဘက်ကတော့ စစ်တပ်က ဖြတ်ခိုင်းရင် ဖြတ်လို့ပြောတယ်” ဟု ကိုယ်တိုင် ကြုံတွေ့ ရသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

သီပေါတံတားထိပ်တွင် ကုန်ကားနှင့် ခရီးသွားကား ရာနှင့်ချီ ပိတ်မိနေပြီး တံတားတစ်ဖက် တစ်ချက်စီတွင် ကိုးကန့်နှင့် စစ်တပ်တို့  နေရာယူထားကြသည်ဟု သီပေါမြို့ခံတစ်ဦးက ဆိုသည်။

စစ်ကော်မရှင်၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ယခုရက်ပိုင်း ပြင်ဦးလွင်မြို့ မဲဆွယ်ပွဲမှ ကျောက်မဲ၊ သီပေါမြို့များသို့ သွားရောက်ခဲ့သည်။

ခရီးသည်ကားများနှင့် ကုန်တင်ကားများ သွားလာခွင့်ကို စစ်တပ်က ပိတ်လိုက်သည့် လုပ်ရပ်သည် ဗိုလ်ချုပ်ကြီးမြထွန်းဦး၏ ခရီးစဉ်နှင့် ဆက်စပ်နိုင်သည်ဟု ဒေသခံများက ယူဆကြသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုး–သီပေါ လမ်းပိုင်းနှင့် သီပေါမြို့အထွက် တံတားအထိ ကိုးကန့် (MNDAA) တပ်ဖွဲ့က ထိန်းချုပ်ထားပြီး TNLA တပ်ဖွဲ့က သီပေါမြို့အတွင်းပိုင်းကို ထိန်းချုပ်ထားသည်။

ယခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် စစ်တပ်က သီပေါမြို့အား TNLA တပ်ဖွဲ့ထံမှ ပြန်လည်သိမ်းယူပြီး နောက် သီပေါ–လားရှိုးမှ ခရီးသည်နှင့် ကုန်တင်ကားများကို ပုံမှန်သွားလာခွင့် ပြုထားရာမှ ယနေ့တွင် ပြန်ပိတ်လိုက်ခြင်းဖြစ်သည်။

အလားတူ ရှမ်းတောင်ပိုင်းနှင့် မြောက်ပိုင်းအစပ် မိုင်းရယ်မြို့နယ် ကောင်းလန်း စစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများကိုလည်း စစ်တပ်က ပိတ်ထားသည်ဟု ဒေသခံများထံက သိရသည်။

“ခရီးသည်တွေကို လမ်းလျှောက် ဖြတ်ခိုင်းတယ်။ ကားသေး၊ ကားကြီးဘာမှ ပေးမသွားဘူး။ အကုန် ပိတ်ထားတယ်။ ဆီကားတွေလည်း ပိတ်မိနေတယ်” ဟု မိုင်းရယ်မြို့ခံတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း သီပေါ–နမ့်လန်–ကျောက်ဂူ လမ်းပိုင်းတွင် ကုန်ကားအစီးရေ ၆၀ ကျော်ကို စစ်တပ် ဖမ်းဆီးထားသည်ဟု ကုန်သည်များနှင့်ယာဉ်မောင်းများထံက သိရသည်။

“နေပြည်တော်က ဆင်းဖမ်းတယ်လို့ ပြောတယ်။ ဗထူးနဲ့ ဟိုပုံးတပ်ထဲ အဲကားတွေကို ခေါ်သွားတယ်။ အကောက်ခွန်အဖွဲ့တွေ လက်ထဲတော့ မရောက်သေးဘူး” ဟု ဖြစ်စဉ်အခြေအနေ သိရှိသည့် ကုန်ကားမောင်းသူတစ်ဦးက ပြောသည်။

စစ်တပ်ဘက်မှ ယခုကဲ့သို့ ပိတ်ဆို့မှုများ ပြုလုပ်ပြီးနောက်ပိုင်း ကိုးကန့် (MNDAA) နှင့် စစ်တပ်တို့ကြား နှစ်ဖက်အင်အား ဖြည့်တင်းမှုများရှိပြီး တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို စိုးရိမ်နေကြသည်ဟု သီပေါနှင့် လားရှိုးမြို့ခံများက ပြောကြသည်။

“အခုက ဘာတွေဖြစ်လာမလဲပေါ့နော်။ ကိုးကန့်ဘက်ကလည်း အင်အားဖြည့်တယ်။ စစ်တပ်ကလည်း နောင်ချိုကနေ အင်အားတွေ ထပ်ဖြည့်လာတယ်။ တိုက်ပွဲ ပြန်ဖြစ်မလားဆိုပြီး ကြောက်နေရတယ်” ဟု အထက်ပါသီပေါမြို့ခံက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် လားရှိုးမြို့အား MNDAA တပ်ဖွဲ့က သိမ်းပိုက်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး စတင်သောနေ့က MNDAA ခေါင်းဆောင်အချို့ကို လားရှိုးမြို့အနီး တွေ့ရစဉ်။  (ဓာတ်ပုံ-AFP)

လားရှိုးနှင့် မိုင် ၄၀ ကျော် အကွာအဝေးရှိ သီပေါနှင့် မိုင်းရယ်မြို့အစပ်အထိ MNDAA က ထိန်းချုပ်ထားသည်။

တရုတ်အစိုးရ ကြားဝင်မှုကြောင့် စစ်တပ်နှင့် ကိုးကန့် (MNDAA) တပ်ဖွဲ့ကြား ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အပစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။

၂၀၂၅ ခုနှစ် ဧပြီလတွင် ကိုးကန့်တပ်ဖွဲ့က လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်အား စစ်တပ်ထံ ပြန်လွှဲထားပြီး လားရှိုးမြို့နယ်အတွင်းပါဝင်သည့် ကျေးရွာများကို သိန္နီခရိုင်အတွင်း ထည့်သွင်းထားသည်။

စစ်တပ်က လားရှိုးနှင့် သီပေါ–မိုင်းရယ် လမ်းပိုင်းအား ပြန်လည်ထိန်းချုပ်ရန် ဆန္ဒရှိနေပြီး စစ်တပ်နှင့် MNDAA တို့ ညှိနှိုင်းမှုများ ရှိနေသည်ဟု ကိုးကန့်တပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

“စစ်တပ်က လားရှိုးနဲ့ သီပေါကြားက ကိုးကန့်တပ်တွေကို ပြန်ဆုတ်စေချင်ပုံ ရတယ်။ မိုင်းရယ်နဲ့ လားရှိုး ကြားမှာလည်း ကိုးကန့်ပဲ ရှိနေတော့ လားရှိုးမြို့ထဲမှာ တိုင်းစစ်ဌာနချုပ်က အဆက်ဖြတ်ခံထားရတဲ့ပုံ ဖြစ်နေတာ။ အဲဒါကို စစ်တပ်က ကြိုက်ပုံမရဘူး” ဟု ကိုးကန့်တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသ လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေ ဟော်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ကုန်းကြမ်း၊ တာမိုးညဲ မြို့နယ်များကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားသည်။

MNDAA ထိန်းချုပ်ထားသည့် ကိုးကန့်ဒေသတွင် ချင်းရွှေဟော်နှင့် ရန်လုံကျိုင်း နယ်စပ်ဂိတ်များရှိပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်၊ မိန်းတိန်မြို့ နှင့် အဓိက ကုန်သွယ်မှုပြုသည်။

၁၀၂၇ စစ်ဆင်ရေးကြောင့် နယ်စပ်မှ ကုန်တင်ပို့မှုအား တရုတ်အစိုးရဘက်မှ ကန့်သတ်ထားသော်လည်း MNDAA နှင့် စစ်ကော်မရှင်တို့ အပစ်ရပ်ပြီးနောက် ယခုနှစ် ဇန်နဝါရီလမှ စတင်၍ တရုတ်နိုင်ငံဘက်မှ ကုန်သွယ်မှုများ ပြန်လည်ခွင့် ပြုထားသည်။

ရှမ်းမြောက်ဒေသ တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်နယ်မြေများကို ဖြတ်သန်းလာသည့် တရုတ်ထုတ် ကုန်စည်များကို တရားမဝင်ကုန်စည်များအဖြစ် စစ်ကော်မရှင်က သတ်မှတ်ထားပြီး ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေသည် ဟု ကုန်သည်များထံက သိရသည်။

Related Articles

Back to top button